အထွေထွေရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၈ ရက်၌ တရားဝင် ထုတ်ပြန် ကြေညာလိုက်သည်။
ရွေးကောက်ပွဲကျင်းပမည့်ရက်ကို လေးလကြိုတင်၍ ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်ဥက္ကဋ္ဌက လက်မှတ်ရေးထိုးကာ ကြေညာချက်အမှတ် ၂၈/ ၂၀၁၅ ဖြင့် ထုတ်ပြန်ကြေညာခဲ့ ခြင်းဖြစ်သည်။‘‘အခုက ရွေးကောက်ပွဲလုပ်မယ့်ရက်ကို ကြေညာတာပဲဖြစ်ပါ တယ်။ မဲဆွယ်စည်းရုံးမှုကတော့ လုပ်လို့မရသေးပါဘူး။ ဥပဒေက သတ်မှတ်တဲ့ကာလရောက်မှသာ မဲဆွယ်စည်းရုံးမှုတွေက စတင်နိုင်မှာဖြစ်ပါတယ်’’ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ ဒုတိ ယ ညွှန်ကြားရေးမှူ ဦးလှမောင်ချို က ပြောသည်။
ထို့အပြင် ကိုယ်စားလှယ်လောင်းများနှင့်ပတ်သက်၍ ဆက်စပ်ဆောင်ရွက်ရမည့် ကိစ္စများကိုပါ ထုတ်ပြန် ခဲ့ခြင်းဖြစ်ကာ ဇူလိုင် ၂၀ ရက်မှ သြဂုတ် ၈ ရက်အထိ ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်း ရမည်ဖြစ်ပြီး သြဂုတ် ၁၂ ရက်မှ ၂၁ ရက်အထိ စိစစ်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာချက် အမှတ် ၂၉ ဖြင့် ထပ်မံထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲ ကျင်းပခြင်းမပြုမီ အနည်းဆုံး ရက်ပေါင်း ၉၀ မ တိုင်မီကာလတွင်မှ ကျင်းပမည့်ရက်ကို ကြေညာရမည်ဖြစ်သော်လည်း ယခုကဲ့သို့ တစ်လခန့်စော၍ ထုတ်ပြန်ကြေညာလိုက်ခြင်းကြောင့် ရွေးကောက်ပွဲကျင်းပရန်မသေချာ၊ နောက်ဆုတ်နိုင်သည် စသောဝေဖန်မှုများ အဆုံးသတ် လိုက်ခြင်းဖြစ် ကြောင်း နိုင်ငံရေးပါ တီမှ ပုဂ္ဂိုလ်အချို့က ပြောသည်။
‘‘လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေအရ ရွေးကောက်ပွဲလုပ်ပါ့မလား။ ရက်ရွှေ့သွားမလားဆိုပြီး ဝေဖန်မှုတွေ ထွက်လာတယ်လေ။ အဲဒီလိုဖြစ်နေတဲ့အချိန်မှာ ဒီလိုကျင်းပမယ့် ရက်ထွက်လာပြီဆိုတော့ ရွေးကောက်ပွဲလုပ်ပါ့မယ်ဆိုတာကို ကတိပေးရာရောက်တယ်’’ဟု တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် ဦးဟန်ရွှေကဆိုသည်။
‘‘စောစော ကြေညာတာ တော့ မဟုတ်ဘူး။ ဇူလိုင်လထဲမှာ ကြေညာမယ်ဆိုတာသိထားပြီး သား။ ရွေးကောက်ပွဲပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ မှတ် ပုံတင်ရမယ့် ရက်နဲ့ နောက်ဆုံး ရက်က နည်းနေတယ်။ ရက်ပေါင်း ၂၀ လောက်ပဲ အချိန်ရတယ်။ ကိုယ်စားလှယ်ပေါင်း ၁,၁၇၀ ကျော်ကို ရက်က ၂၀ ပဲဆိုတော့ အချိန်အရမ်းနည်းလွန်းတယ်။ မဲ စာရင်းတွေကို အချိန်မီပြင်နိုင်ဖို့က လည်း ကော်မရှင်မှာ တာဝန်ရှိ တယ်’’ ဟု မြန်မာ့နိုင်ငံရေးလေ့ လာသုံးသပ်သူ ဒေါက်တာရန်မျိုး သိမ်းက ပြောသည်။
အချိန်စော၍ ကြေညာလိုက် ခြင်းကြောင့် ပါတီများအတွက် ပြင်ဆင်ချိန် ပိုမိုရရှိကာ ထိထိရောက်ရောက် ဆောင်ရွက်စေနိုင် မည်ဖြစ်ကြောင်း သုံးသပ်ပြောကြား မှုများရှိသည်။
‘‘ဒီလို ကြေညာပြီးပြီဆိုရင်တော့ ကိုယ်စားလှယ်လောင်းစိစစ်တာတွေ၊ အောင်နိုင်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စ တွေ တခြားရွေးကောက်ပွဲနဲ့ဆိုင်တဲ့ အလုပ်တွေ အများကြီး လုပ်စရာတွေရှိလာပြီ’’ ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဗဟိုအလုပ်အမှုဆောင် ဦး ဉာဏ်ဝင်းက ပြောသည်။
‘‘နဂိုကတည်းကရက်ချိန်ပေး ပြီးသားဆိုတော့ သိပ်တော့ မထူး ဆန်းလှဘူး။ ရွေးကောက်ပွဲလုပ် မယ်ဆိုတာ ပိုသေချာသွားတဲ့ သဘောတော့ဖြစ်တာပေါ့။ ဒီရက်လုပ်မယ်ဆိုတာ ဆုံးဖြတ်ပြီးသား ဖြစ်သွားတယ်။ ရက်ရွှေ့မလားဆိုတဲ့ သံသယတွေ မရှိတော့ဘူး။ ရွေးကောက်ပွဲအတွက် ပြင်ဆင်ချင်တဲ့ ပါတီတွေ၊ လူပုဂ္ဂိုလ်တွေထဲက ပြင်ဆင်ချင်တဲ့သူတွေအတွက် ပြင်ဆင်ချိန်ပိုရတာပေါ့’’ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ဆိုသည်။
လက်ရှိတွင် မဲစာရင်းမှားယွင်းမှုများ ပြင်ဆင်ရေးကို ဦးစားပေးဆောင်ရွက်နေရသည့် ကာလဖြစ်ပြီး မကြာမီ အမတ်လောင်း ရွေးချယ်ခြင်း၊ မှတ်ပုံတင်ခြင်း၊ မဲဆွယ်စည်းရုံးခြင်းစသည့်ကိစ္စများကို မနားတမ်းလုပ်ဆောင်ရမည် ဖြစ်ကြောင်း ဦးဟန်ရွှေက ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲကျင်းပမည့်ကို အချိန်နီးကပ်မှ ကြေညာခဲ့သဖြင့် အလောတကြီးဆောင်ရွက်ခဲ့ရ ကြောင်း ဦးဟန်ရွှေက ဆက်လက်ပြောသည်။
သို့သော် ရွေးကောက်ပွဲကိုတနင်္ဂနွေနေ့ကျင်းပရန် ဆောင်ရွက်ခြင်းသည် မိမိတို့အပေါ် ထိုးနှက်ချက် တစ်ရပ်ဖြစ်ပြီး မရိုးမသားလုပ်ဆောင်ချက်ဖြစ်ကြောင်း ချင်းအမျိုးသားဒီမိုကရေစီပါတီဥက္ကဋ္ဌ ဦးဇိုဇမ်က ဝေဖန် ပြောကြားလိုက်သည်။
‘‘ဒီကိစ္စနဲ့ပတ်သက်ပြီး ကော်မရှင်ကို သုံးခါတိတိတင်ပြခဲ့တယ်။ ရွေးကောက်ပွဲကို တနင်္ဂနွေနေ့မလုပ်ပါနဲ့ ဆိုတာ။ ကျွန်တော်တို့ တောင်ပေါ်ဒေသမှာ တိုင်းရင်းသားတွေက ခရစ်ယာန်တွေဆိုတော့ တနင်္ဂနွေဆို ဘုရားကျောင်းတက်တယ်။ ပြန်လာရင် မဲရုံမသွားတော့ဘူး။ ကျွန်တော်တို့ ရမယ့်မဲတွေက မရဘူးဖြစ်သွားရော။ ဒါ ဘာသာရေးကို ပြောတာမဟုတ် ဘူးနော်’’ ဟု ဦးဇိုဇမ်က ဝေဖန်ပြောကြားသည်။
လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ကတိပေးပြောကြားထားသော်လည်း လတ်တလောဖြစ်ပေါ်နေသည့် မဲစာရင်း မှားယွင်းမှု များသည် အဆိုပါကတိပေးချက်ကို ထိခိုက်စေနိုင်ကြောင်းလည်း ဝေဖန်မှုများရှိနေသည်။
ထို့အပြင် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့များစွာက ရွေးကောက်ပွဲလေ့လာရန် အဆိုပြု သော်လည်း ငါးဖွဲ့ခန့်သာ ခွင့်ပြုမည်ဟု ကော်မရှင်က ပြောကြားထားသည်။
7Day Daily
No comments:
Post a Comment