Friday, July 24, 2015

ကမ္ဘာနှင့် အတူဆုံး ဂြိုဟ်တစ်လုံးကို ရှာဖွေတွေ့ရှိကြောင်း နာဆာကြေညာ

အသစ်ရှာဖွေတွေ့ရှိခဲ့သည့် ဂြိုဟ်များထဲတွင် ကမ္ဘာနှင့်အလွန်ဆင်တူသည့် ဂြိုဟ်တစ်လုံးလည်းပါရှိခဲ့ ကြောင်း အမေရိကန်အမျိုးသား အာကာသ အေဂျင်စီ (နာဆာ)က အတည်ပြု ကြေညာခဲ့သည်။နာဆာ၏ Kepler နက္ခတ်တာရာကြည့် မှန်ပြောင်းကြီးက ရှာဖွေဖော်ထုတ်ခဲ့သည့် Kepler-452b ဂြိုဟ်သည် ကမ္ဘာနှင့် ဝိသေသလက္ခဏာများစွာ ဆင်တူနေကြောင်း သိရသည်။ နာဆာမှ ပညာရှင်များက Earth 2.0 (ကမ္ဘာမြေ အမှတ်၂)ဟု အမည်ပြောင်ပေးထားသည့်ဂြိုဟ်နှင့် ၎င်းဗဟိုပြုလည်ပတ်ရာ ကြယ်၏အကွာအဝေး သည် ကမ္ဘာနှင့် နေတို့ကြား အကွာအဝေးနှင့် နီးစပ်စွာ တူညီနေသည်။ 


Kepler-452b၏ အချင်းကမူ ကမ္ဘာထက် ၆၀ ရာခိုင်နှုန်းမျှ ပိုမိုကြီးမားကြောင်း သိရသည်။ အဆိုပါဂြိုဟ် သည် နက္ခတ်ဗေဒပညာရပ် သမိုင်းကြောင်းတလျှောက် ရှာဖွေတွေ့ရှိဖူးသမျှတွင် ကမ္ဘာနှင့် ဆင်တူမှုအရှိ ဆုံးဂြိုဟ်ဟုလည်း နာဆာမှ ပညာရှင်များက ယုံကြည်ထားသည်။ 

ဂြိုဟ်၏အရွယ်အစားရော၊ အပူချိန်ကပါ မျက်နှာပြင်ပေါ်တွင် ရေစုဖွဲ့တည်ရှိမှု ဖြစ်ပေါ်လောက်အောင် သင့်တော်မှုရှိနိုင်ကြောင်း အယူအဆကလည်း သိပ္ပံပညာရှင်များအတွက် စိတ်ဝင်စားစရာ ဖြစ်နေသည်။ တစ်နည်းအားဖြင့် ထိုဂြိုဟ်ပေါ်တွင် သက်ရှိများ ရှင်သန်ပေါက်ဖွားနိုင်သည့် ပတ်ဝန်းကျင်မျိုး ဖြစ်ပေါ်နေ ဖွယ်ရှိသည်။

နာဆာ၏ သိပ္ပံပညာဌာန အကြီးအကဲ ဂျွန်ဂရန်စ်ဖီးလ်က “ဒါဟာ ကမ္ဘာမြေ အမှတ်၂ ပဲ။ ကျွန်တော်တို့ရဲ့ အိမ်ဖြစ်တဲ့ ကမ္ဘာဂြိုဟ်နဲ့ အသွင်အတူဆုံး ဂြိုဟ်တစ်လုံး ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ Kepler-452b သည် ကမ္ဘာမြေမှ အလင်းနှစ် ၁၄၀၀ ဝန်းကျင်ကွာဝေးသော စကြာဝဠာတိုက် အစိတ်အပိုင်း တစ်ခုတွင် တည်ရှိနေခြင်း ဖြစ်သည်။

Kepler မှန်ပြောင်း၏ အချက်အလက် ဆန်းစစ်မှုပညာရှင် ဂျွန်ယက်ကင်စ်က “ဒီသတင်းကို ထုတ်ပြန် ကြေညာခွင့်ရတဲ့အတွက်တော့ တကယ့်ကို စိတ်အားတက်ကြွမိပါတယ်။ ကျွန်တော်တို့ အတွက်တော့ စိတ်ဝင်စားစရာ အရာဝတ္ထုတစ်ခု အိမ်ရှေ့တံခါးကို ရောက်လာသလိုပါပဲ”ဟု ပြောကြားခဲ့သည်။ 

နာဆာသည် ယခင်က Kepler-186f အမည်ရှိ ဂြိုဟ်တစ်လုံးကို ရှာဖွေတွေ့ရှိဖူးပြီး ယင်းသည်လည်း ကမ္ဘာနှင့်သွင်ပြင်လက္ခဏာ အများအပြားဆင်တူကြောင်း မှတ်တမ်းတင်ခဲ့ဖူးသည်။ သို့သော်လည်း ယခုတွေ့ရှိသည့် ဂြိုဟ်ကမူ ကမ္ဘာနှင့် ပိုမိုဆင်တူသည့် အခြေအနေများ ရှိနေသည်။

Kepler-452b ဗဟိုပြု လှည့်ပတ်နေသည့် နေသည် ကမ္ဘာဂြိုဟ်လှည့်ပတ်နေသည့် နေနှင့် အဆင့်အတန်း တူညီသည်။ အဆိုပါနေက ကမ္ဘာဗဟိုပြုသည့် နေထက် ၄ ရာခိုင်နှုန်းမျှသာ ပိုကြီးပြီး တောက်ပမှု ၁၀ ရာခိုင် နှုန်း ပိုအားကောင်းသည်။ Kepler-452bသည် နေကို တစ်ပတ်ပြည့်အောင် ပတ်မိရန် ၃၈၅ ရက် အချိန်ယူ ရမည်ဖြစ်ရာ ကမ္ဘာက နေကို တစ်ပတ်ပတ်ချိန်ထက် ၅ ရာခိုင်နှုန်းမျှသာ ပိုကြာသည်။

Kepler-452b၏ ထုထည်အချိုးအစားကိုမူ လတ်တလောတွင် တိုင်းတာနိုင်ခြင်း မရှိသေးချေ။ ပညာရှင်များ ကမူ ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို အသုံးပြုကာ ယင်းဂြိုဟ်၏ ထုထည်ကို သိရှိနိုင်ရန် ကြိုးစားလျက် ရှိသည်။ ခန့်မှန်းချက်များအရမူ အဖြစ်နိုင်ဆုံးက ကမ္ဘာမြေ ထုထည်ထက် ၅ ဆမျှ ပိုနိုင်ကြောင်း သိရသည်။ အကယ်၍ ဂြိုဟ်မျက်နှာပြင်က ကျောက်တောင်ထူထပ်လွန်းလျှင် မီးတောင်လှုပ်ရှားမှုများ ရှိနိုင်သလို ကမ္ဘာမြေ ဆွဲအားထက် ၂ ဆပိုမို အားကောင်းနိုင်မည်ဟုလည်း ခန့်မှန်းရသည်။

Kepler မှန်ပြောင်းသည် စကြာဝဠာထဲရှိ ဂြိုဟ်ဟု ယူဆရသည့် တွေ့ရှိမှုပေါင်း ၅၀၀ ကျော်ကို အသစ်ရှာဖွေ ဖော်ထုတ်လာနိုင်ရာ Kepler-452bသည်လည်း တစ်လုံးအပါအဝင် ဖြစ်သည်။ ယင်းတို့အနက်တွင် ဂြိုဟ်အပြင် ကြယ်တံခွန်ကဲ့သို့ အစိုင်အခဲများလည်း ပါဝင်နေနိုင်ဖွယ် ရှိသော်လည်း Kepler-452bမှာမူ သေချာပေါက် ဂြိုဟ်တစ်ခုဖြစ်ကြောင်း နာဆာက အတည်ပြု သတင်းထုတ်ပြန်ခဲ့သည်။
7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ