ကျွန်တော်သည် တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးသော၊ အမျိုးဘာသာသာသနာကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်လိုသော အမျိုးသားရေးဝါဒီ (Nationalist)တစ်ဦးဖြစ်ပါသည်။
ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ (လူဦးရေအများဆုံး ဒီမိုကရေစီ) နိုင်ငံအဖြစ် ကမ္ပည်းတင်ခံတဲ့ အိန္ဒိယနိုင်ငံ ဟာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးစတဲ့ တန်ဖိုးတွေကို တရုတ်နဲ့တစ်ချိန်တည်းမှာ တည်ဆောက်ခဲ့ပါတယ်။ လူမျိုးစုပေါင်းများစွာနဲ့ ပါလီမန်ဒီမိုကရေစီတည်ဆောက်ခဲ့ရာမှာ မြေယာပြဿနာ၊ အလုပ်သမားပြဿနာ၊ ဆင်းရဲနွမ်းပါးမှု၊ အဂတိလိုက်စားမှုစတဲ့ အခက်အခဲတွေကို တောက်လျှောက်ရင်ဆိုင်ခဲ့ရပါတယ်။
တရုတ်နိုင်ငံမှာ လပိုင်းအတွင်းဆုံးဖြတ်ချက်ချနိုင်တဲ့စီမံကိန်းတစ်ခုဟာ အိန္ဒိယနိုင်ငံမှာဆိုရင် ဆန္ဒပြမှုတွေ၊ ပါလီမန်အတွင်းဂိုဏ်းကွဲမှုတွေနဲ့ နှစ်နဲ့ချီပြီးကြာမြင့်တတ်ပါတယ်။ အချိန်နဲ့အမျှ စီးပွားရေးအခြေအနေတွေ၊ ကုန်စည်တွေ၊ ငွေကြေးဈေးကွက်တွေ၊စတော့ဈေးကွက်တွေဟာ ပြောင်းလဲနေပါတယ်။
အိန္ဒိယဒီမိုကရေစီရဲ့အနှစ်သာရက သာတူညီမျှတဓနခွဲဝေမှုကို ဦးတည်သော်လည်းပဲ၊ အရင်းရှင်စီးပွားရေး လမ်းကြောင်းကိုလျှောက်ရတာဖြစ်တဲ့အတွက် ဆင်းရဲချမ်းသာကွာဟမှုကြီးမားနေတဲ့အပြင် တိုးတက်မှုဟာ နှေးကွေးပါတယ်။
တရုတ်နိုင်ငံကတော့ ဗဟိုဦးစီးစနစ်အရ တစ်ချက်လွှတ်ဆုံးဖြတ်ချက်တွေနဲ့ စီမံကိန်းတွေကို လျင်လျင် မြန်မြန် အကောင်အထည်ဖော်နိုင်ခဲ့တဲ့အတွက်၊ ဂျပန်နိုင်ငံရဲ့ကမ္ဘာ့စီးပွားရေးနံပါတ်၂-နေရာကို အစားထိုး ဝင်ရောက်လာတဲ့အချိန်မှာ ကမ္ဘာ့နိုင်ငံကြီးတွေ၊ ဘဏ္ဍာရေးအဖွဲ့အစည်းတွေ၊ ပညာရှင်တွေက “တရုတ် စီးပွားရေအပူချိန်လွန်ကဲနေပြီ”ဆိုပြီး သတိပေးခဲ့ကြပါတယ်။
ဒီနေရာမှာ ဘာတွေ့ရသလဲဆိုတော့-
အိန္ဒိယနိုင်ငံရဲ့“ဒီမိုကရေစီစနစ်”ဟာ“လွတ်လပ်ခွင့်”ဆိုတဲ့အစွန်းကို ရောက်နေပြီး၊
တရုတ်ရဲ့“တစ်ပါတီစနစ်”ဟာ“ဗဟိုထိန်းချုပ်မှု”ဆိုတဲ့အစွန်းကို ရောက်နေတာ တွေ့နိုင်ပါတယ်။
ထို့ကြောင့် မြန်မာနိုင်ငံအနေနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး သာယာဝပြောသောလူ့ဘောင်ဆိုတဲ့ ရည်မှန်းချက် ပန်းတိုင်ကိုရောက်ရှိနိုင်ရန်အတွက်
အိန္ဒိယနိုင်ငံ“ဒီမိုကရေစီစနစ်”ရဲ့ “လွတ်လပ်ခွင့်”ဆိုတဲ့ အစွန်းတရားနဲ့
တရုတ်နိုင်ငံ “တစ်ပါတီစနစ်” ရဲ့ “ဗဟိုထိန်းချုပ်မှု” ဆိုတဲ့ အစွန်းတရားနှစ်ပါးကို သတိဖြင့်ရှောင်ကျဉ်ကြပြီး “ဒီမိုကရေစီစနစ်” နဲ့ “ဗဟိုဦးစီးမှုစနစ်”တို့ကို အချိုးကျကျပေါင်းစပ်ထားသည့် အလယ်အလတ်လမ်းစဉ်ဖြစ် သော“ဒီမိုကရေစီ ဗဟိုဦးစီးစနစ်”ကို ကျင့်သုံးကြရန်လိုပေသည်။
“ဒီမိုကရေစီ ဗဟိုဦးစီးစနစ်” (Democratic Centralism)ဆိုသည်မှာ အများဆန္ဒအရ ရွေးချယ်လိုက် သည့် “ဗဟိုအဖွဲ့အစည်း”က အများဆန္ဒဖြင့် သတ်မှတ်ပေးလိုက်သည့်ဘောင်အတွင်း တာဝန်ယူ၍ စီမံခန့်ခွဲသော စနစ်ဖြစ်သည်။တနည်းအားဖြင့် “စည်းကမ်းပြည့်ဝသောဒီမိုကရေစီ”ပင်ဖြစ်ပါသည်။
Ko Thant Zin
Oppositeye myanmar
No comments:
Post a Comment