မြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာများတွင် ဧည့်စာရင်းဖြင့်ရွှေ့ပြောင်းနေထိုင်သူများ မဲပေးပိုင်ခွင့်ရရှိရန် နာမည်စာရင်းများ ကောက်ယူနေပြီး နှစ်လအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်(အရှေ့ပိုင်းခရိုင်) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မှ သတင်းရရှိသည်။
ဧည့်စာရင်းဖြင့်ရွှေ့ပြောင်းနေထိုင်သူများ၊ အိမ်ထောင်စုစာရင်းမရှိသူများ လာမည့်ရွေးကောက်ပွဲတွင် မဲပေးခွင့်ရရှိရန် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ များက စာရင်းပြုစုဆောင်ရွက်နေပြီး အမည်စာရင်းများကို နှစ်လအတွင်း ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း ရန်ကုန်(အရှေ့ပိုင်း ခရိုင်) ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ကျော်ကပြောသည်။
ဧည့်စာရင်းဖြင့်နေထိုင်သည့် နိုင်ငံသားများ၏ မဲစာရင်းကိုယခင် နေထိုင်ရာမြို့နယ်များတွင် ထုတ်ပြန် ကြေညာထားသော်လည်း လက်ရှိမိမိနေထိုင်ရာမြို့နယ်၌ မဲပေးလိုပါက နေထိုင်သည့်ရက်ပေါင်း ၁၈၀ ပြည့် ကြောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်နှင့်အတူ နည်းဥပဒေပါပုံစံ ၃(က) ဖြင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
‘‘အိမ်ထောင်စုစာရင်းမရှိတဲ့ သူတွေရော၊ ရှိတဲ့သူတွေရော လူတိုင်းမဲပေးနိုင်အောင် စီစဉ်နေပါတယ်။ ဧည့်စာရင်းနဲ့နေတဲ့သူတွေက မူလနေတဲ့နေရာမှာ အိမ်ထောင်စုစာရင်းရှိရင် မဲစာရင်းထဲ ပါ၊ မပါ ပြန်စစ် ကြည့်ရတယ်။ သူတို့ကို လက်ရှိနေထိုင်တဲ့မြို့နယ်မှာ မဲစာရင်းထည့်ပေးရင် ယခင်မြို့နယ်မှာရှိတဲ့နာမည် စာရင်းကို ပြန်လျှော့ပေးဖို့လုပ်ဆာင်ရမယ်’’ ဟု ဦးခင်မောင်ကျော်က ပြောကြားသည်။
လက်ရှိဧည့်စာရင်းဖြင့်နေ ထိုင်သူများကို ရက်ပေါင်း ၁၈၀ ပြည့်ပြီးသည်ဖြစ်စေ၊ မပြည့်သေးသည်ဖြစ်စေ မဲပေးနိုင်ရန် မြို့နယ်အချို့ကိုညွှန်ကြားထားသော်လည်း ညွှန်ကြားချက်မချပေးရသေးသည့် မြို့နယ်များ ကိုလည်း ဆောင်ရွက်ပေးရန် ညွှန်ကြားသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုကပြောသည်။
ဧည့်စာရင်းဖြင့် နေထိုင်သည့်ပြည်သူများအနေဖြင့် မဲဆန္ဒပေးရမည်ဆိုပါက မိမိနေထိုင်သည့်ဒေသသို့ ပြန်လည်မဲထည့်ရမည်မှာ အခက်အခဲတစ်ရပ်ဖြစ်နေပြီး မိသားစုစားဝတ်နေရေးနှင့် နှိုင်းယှဉ်ပါက ယင်းသို့ ပြုလုပ်ရန် မဖြစ်နိုင်ကြောင်း စမ်းချောင်းမြို့နယ် ဇေယျဝတီရပ်ကွက်တွင် နေထိုင်သည့် အသက်(၆၈)နှစ်အ ရွယ် ဦးကျော်မြင့်ကပြောသည်။
‘‘တိုင်းပြည်ကိုတော့ ချစ်ပါတယ်။ ဒါပေမဲ့ ထမင်းအငတ်မခံနိုင်သေးပါဘူး’’ဟု ၎င်းက ပြောသည်။ လှိုင်မြို့ နယ် ၇ ရပ်ကွက် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စွာက ‘‘ကျွန်တော်တို့ရပ်ကွက်မှာတော့ ဧည့်စာရင်း နဲ့နေထိုင်သူစာရင်းကို ကောက်နေတာ သုံးလေးရက်လောက်ရှိပြီ။ ကော်မရှင်ကညွှန်ကြားမှ ကောက်မယ်ဆို မှားကုန်မှာစိုးလို့ အခုကတည်းက ကြို ကောက်ထားတာ’’ဟု ဆိုသည်။
အထွေထွေရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပရန် ၁၂၁ ရက်သာ လိုတော့ကြောင်း သိရ သည်။
7Day Daily
No comments:
Post a Comment