ကရင်ပြည်နယ် ကော့ကရိတ်မြို့ရှိ ရဲစခန်းဝင်းအတွင်း မနေ့ည ၈ နာရီလောက်က လက်နက်ကြီးကျည် ၂လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ကော့ကရိတ်မြို့ခံ ဦးအောင်တိုးက ပြောပါတယ်။
“ညက ဘယ်က ပစ်မှန်းမသိဘူး။ ရဲစခန်းဝင်းထဲကို ကျတယ်။ လူအထိအခိုက်တော့ မရှိဘူး။ လက်နက်ကြီး ကျည် ၆၀ မမ လို့ ပြောတယ်။ ၂ လုံးပေါ့။ ထိခိုက်ဒဏ်ရာတော့ တယောက်မှ ရတာမကြားဘူး။”
ဒါ့အပြင် ဒီကနေ့ မနက် ၄ နာရီလောက်မှာလည်း အဝေးကနေ လက်နက်ကြီးပစ်သံတော့ ကြားနေရတယ် လို့ လည်း ဦးအောင်တိုးက ပြောပါတယ်။
ကော့ကရိတ်- မြ၀တီလမ်းကို သွားလာနေတဲ့ တောင်ကြောလမ်းဟောင်းကိုလည်း အန္တရာယ်ရှိုနိုင်တယ် ဆိုပြီး အစိုးရတပ်ဘက်က ပိတ်ထားတာ ၃ ရက်ရှိနေပြီလို့ ပြောပါတယ်။ ကော့ကရိတ်-မြ၀တီ အာရှ လမ်းသစ်မှာတော့ သွားလာခွင့်ပြုထားတယ်လို့ ပြောပါတယ်။
ဇူလိုင်လ ၇ ရက်နေ့တုန်းက ကော့ကရိတ်မြို့အမှတ် ၁ ရပ်ကွက်မှာရှိတဲ့ အ.ထ.က ကျောင်းခွဲ ချောင်းတောင်ကျောင်းက သူငယ်တန်းအဆောင်မှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် ကျောင်းဆောင်ရှေ့က ၀ရန်တာအမိုးတွေ ပျက်စီးခဲ့ပေမယ့် ကျောင်းတက်ချိန် မဟုတ် တဲ့အတွက် ကျောင်းသူကျောင်းသားတွေ ထိခိုက် သေဆုံးမှုတော့ မရှိခဲ့ပါဘူး။
ကရင်ပြည်နယ် မြ၀တီ – ကော့ကရိတ် အာရှလမ်းမသစ်မှာ အစိုးရတပ်နဲ့ ဒီကေဘီအေ တပ်တို့အကြား ဇူလိုင်လ ၂ ရက်နေ့ကတည်းက တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။
DVB
No comments:
Post a Comment