မြောင်းမြမြို့တွင် ပြုလုပ်ခဲ့သည့် နတ်စင်တစ်ရာဆရာတော်၏ စတုဒိသာအလှူပွဲကျင်းပသည့်နေရာအနီး၌ အင်န်အယ်လ်ဒီပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အပုပ်ချသည့်စာစောင်နှင့်အခွေများ ဝေငှခဲ့သည့် အဖွဲ့အစည်းကို ဖော်ထုတ်သွားမည်ဖြစ်ကြောင်း
‘‘ဒီဟာက သင့်မြတ်နေတဲ့ ပါတီနှစ်ခုကို တိုက်တာ။ ဝေတဲ့သူတွေကိုလည်း ဘယ်သူဆိုတာ သိအောင် စုံစမ်းမှာ။ နောက်နှစ်ရက်လောက်ဆိုသိရပြီ။ ပါတီချင်းတိုက်ခိုက်ပေးတာ တိုင်းပြည်ဖြိုခွဲ တာပဲ’’ဟု ဒေ၀ဒဟ သဗ္ဗသိဒ္ဓိ လောကနတ် ပရဟိတ နတ်စင်တစ်ရာ ဆရာတော် ဘဒ္ဒန္တပညာတေဇက မိန့်သည်။
ဖြန့်ဝေခဲ့သည့်စာစောင်တွင် အမျိုးဘာသာ သာသနာစောင့် ရှောက်ရေးအဖွဲ့ (ဗဟို)တံဆိပ် ရိုက်နှိပ်ထားပြီး ဒေါ်အောင်ဆန်စုကြည်နှင့် အင်န်အယ်လ်ဒီပါတီကိုမဲပေးမည်ဆိုပါက တိုင်းပြည်နှင့် သာသနာအန္တရာယ် ကျရောက်နိုင်သည်ဟု ဖော်ပြထားသည်။
အဆိုပါစာစောင်တွင် ‘‘ပြည် သူလူထုအများစုမှာ အမျိုးသား ရေး၊ ဘင်္ဂါလီ၊ ရိုဟင်ဂျာအရေးမတွေးတော့ဘဲ ထိုပါတီခေါင်းဆောင်သည် ဗိုလ်ချုပ်သမီးဖြစ်သည်ဟူသော အချက်တစ်ခုတည်းဖြင့် မျက်စိမှိတ်ရွေးချယ် လိုက်မည်ဆိုပါက တိုင်းပြည်နှင့် သာသနာတော်တွင် မမျှော်လင့် နိုင်သည့် ဘေးအန္တရာယ်များကျရောက် လာနိုင်ကြောင်း’’ဖော်ပြ ထားသည်။
ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်းက ၀ံသာနုရက္ခိတတရားကို မြတ်နိုး၍ အစပျိုးပေးခဲ့သူဖြစ်သော်လည်း သမီးဖြစ်သူက ထိုဝံသာနုရက္ခိတတရားကိုလက်မခံဘဲ ငြင်းဆန်သူဖြစ်ကြောင်း ဖော်ပြထားပြီး ဘာသာရေး အရ အထင်အမြင်လွဲမှားစေနိုင်သော အပုပ်ချတိုက်ခိုက်မှုများကို စာစောင်တွင် ဖော်ပြထားသည်။
ယင်းသို့ စာစောင်နှင့် ဒီဗီဒီအခွေများ ပြည်သူများအား ဝေငှခြင်းအပေါ် ဆရာတော်အနေဖြင့် လုံးဝသိရှိခြင်း မရှိခဲ့ဘဲ ဇူလိုင် ၁၉ ရက်ထုတ် Daily Eleven သတင်း စာတွင် သတင်းပါရှိမှသာ သိရှိခဲ့ ခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်သည်။
‘‘ဘုန်းကြီးက သူတို့ဝေတဲ့ စာစောင်နဲ့ အခွေကိုမကြည့်ရသေးဘူး။ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ တံဆိပ် တော့ပါတယ် ပြောတယ်။ ဒါပေမဲ့ မမြင်ရသေးတော့ သေချာပြောလို့ မရဘူး ဖြစ်နေတယ်။ ဒါနဲ့ပတ်သက်ပြီး အဖွဲ့ကိုလည်း မေးရဦးမယ်။ စုံစမ်းကြည့်တော့ အဲဒီတံဆိပ်က အတုလို့လည်း ပြောနေတယ်’’ဟု မိန့်ကြားသည်။
မြောင်းမြမြို့ ရွှေသာလျောင်းဘုရားဝင်းအတွင်း ဇူလိုင် ၁၈ ရက်နံနက်က ပြုလုပ်ခဲ့သည့် စတုဒိသာအလှူပွဲမှာလည်း ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ခြင်းမဟုတ်ဘဲ ဆရာတော်ကသာ ဦးဆောင်လှူဒါန်းခြင်းဖြစ်ပြီး ဆရာတော်၏ သစ္စာဓိဋ္ဌာန်စတုဒိသာကို တစ်လ တစ်ကြိမ်ပုံမှန်ကျွေးမွေးလျက်ရှိကြောင်း ဆရာတော်က မိန့်ကြားသည်။
‘‘အလှူပွဲမှာ ဘုန်းကြီးပြောခဲ့တဲ့ သြ၀ါဒထဲမှာလည်း မဲဆွယ်စကားလည်းမပြောဘူး။ ကြံ့ခိုင်ရေးကို မဲပေးပါလို့လည်း မပြောဘူး။ ၀န်ကြီးတွေရဲ့ ၀ိတ်သုံးတာ လည်း မရှိဘူး။ အခုကိစ္စက ပါတီနှစ်ခုစလုံးကိုရော အလှူပွဲကိုရော သိမ်းကျုံးရိုက်လိုက်သလိုပဲ’’ဟု မိန့်ကြားသည်။
ဆရာတော်အနေဖြင့် မည်သည့်အစိုးရတက်လာသည်ဖြစ်စေ တိုင်းပြည်နှင့် ပြည်သူလူထု အပေါ် သစ္စာရှိပါက လက်ခံလျက်ရှိပြီး ပုဂ္ဂိုလ်စွဲပါတီစွဲမရှိကြောင်းယင်းသို့ NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည် အပေါ် အပုပ်ချသည့်စာစောင်များနှင့်ဒီဗီဒီအခွေများ ဖြန့်ဝေခဲ့သည့်အပေါ်ကိုလည်း ကန့်ကွက်ရှုတ်ချခဲ့ သည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရှိ မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးမန်းဂျော်နီနှင့် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်ကို 7Day Daily သတင်းစာက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်မရရှိခဲ့ပေ။
No comments:
Post a Comment