Friday, July 17, 2015

စစ်မှန်သည့်မဲရွေးချယ်ခွင့်ရရှိရေး လူထုအားလုံးပါဝင်ရန် လိုအပ်ဟု အဆိုတော် နီနီခင်ဇော် တိုက်တွန်းပြောဆို

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် စစ်မှန်သည့် မဲရွေးချယ်ခွင့်ရရှိရေးအတွက် လူထုအားလုံးပါဝင် ရန် လိုအပ်ကြောင်း အဆိုတော် နီနီခင်ဇော်က တိုက်တွန်းပြောကြားလိုက်သည်။

မြန်မာပြည်သူများအနေဖြင့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲသည် အရေးကြီးသည့်ကာလဖြစ်ပြီး ရွေးကောက်ပွဲ တွင် လူထုအားလုံးပါဝင်ရန်လိုအပ်ကြောင်း ၎င်းက ပြောဆိုသည်။

“လူတစ်ယောက် နိုင်ငံတစ်နိုင်ငံအတွက် ကိုယ့်ရင်ထဲက မဲဆန္ဒက အရမ်းအရေးကြီးပါတယ်။ လူတစ်ယောက်ရဲ့ အသဲကြားကမဲတစ်ပြားက အရာရာအားလုံးပြောင်းလဲနိုင်ပါတယ်။ အဲဒါကို လူတိုင်းသိ ထားသင့်တယ်။ ပြီးတော့ အချို့အရာတွေမှာ လူတစ်ယောက်ထဲလုပ်တာထက်စာရင် အားလုံးအတူတကွ ပူးပေါင်းပြီးလုပ်ရင် ပိုပြီးအောင်မြင်နိုင်တယ်ဆိုတာကိုမမေ့ပါနဲ့။”ဟု နီနီခင်ဇော်က ပြောသည်။

နီနီခင်ဇော်မှာ နိုင်ငံရေးပါတီဝင်တစ်ဦးမဟုတ်သော်လည်း လူသားအကျိုးပြုတေးသီချင်းများကို သီဆိုခဲ့ခြင်း များရှိပြီုး ၂၀၀၉ ခုနှစ်တွင် The Best Of Melody World ဆုကိုရရှိကာ ဂီတလောကအတွင်းသို့ ဝင်ရောက် လာခဲ့သူ တစ်ဦးဖြစ်သည်။

လတ်ရှိတွင် အဆိုတော်နီနီခင်ဇော်မှာ “အနီရောင်” အမည်ရှိ ၎င်း၏ဒုတိယမြောက် Solo Alblum ကို ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဖြန့်ချိမည်ဖြစ်ပြီး တေးစီးရီး Promotion အနေဖြင့် ညနေ ၃ နာရီမှ ၅ နာရီအထိ Junction Square တွင် Mini Concert (Free Show)ကို ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါတေးစီးရီးဖြန့်ချိရာတွင် Promote Song အဖြစ် တေးရေး ဝေလ၊ ဒါရိုက်တာမောင်မောင်သာမြင့် ရိုက်ကူးသည့်“မလိုချင်ဘူးစစ်” သီချင်းကို ဇူလိုင်လ ၁၀ ရက်နေ့တွင် You Tube တွင်ဖြန့်ဝေခဲ့ပြီးဖြစ် ကြောင်း သိရသည်။

“နီနီ ဒီအခွေမှာ အရင်ခွေနဲ့မတူတဲ့ကြိုးစားမှုတွေနဲ့ အကောင်းဆုံးလုပ်ထားတယ်။ အနီရောင်သီချင်းက လည်း နီနီရဲ့ဘဝအစိတ်အပိုင်းထဲကသီချင်းတွေနဲ့ ဆရာရွေဂျော်ဂျော်ကဖန်တီး ပေးထားပါတယ်။ ပြီးတော့ နီရဲ့ပရိသတ်ကြီးအတွက် မလိုချင်ဘူးစစ်ဆိုတဲ့သီချင်းကို ငွေကြေးကုန်ကျမှုအများကြီးနဲ့ရိုက်ကူးပြီး တေးစီးရီးဝယ်သူအားလုံးကို ကျေးဇူးတုန့်ပြန်ထားတယ်”ဟု နီနီခင်ဇော်ကဆိုသည်။

နီနီခင်ဇော်မှာ “မာရီယို” အမည်ရှိ Solo Alblum နှင့် “ဂယ်ပဲ…..ဂယ်ပဲ” အမည်ရှိ Single Alblumတို့ ထွက်ရှိထားပြီး “အနီရောင်”သည် နီနီခင်ဇော်၏ ဂီတသက်တမ်း(၆)နှစ်တာတွင် ဒုတိယမြောက် Solo alblum ဖြစ်ကြောင်း သိရသည်။

မြစ်မခ

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ