Tuesday, July 21, 2015

အာဖဂန် စစ်သားများကို မှားယွင်းတိုက်ခိုက်မိခဲ့ခြင်းအတွက် အမေရိကန် တောင်းပန်

အချင်းချင်း မှားယွင်းပစ်ခတ်မှုကြောင့် အာဖဂန်နစ္စတန် စစ်သားများ သေဆုံးခဲ့ရခြင်းကို အမေရိကန် စစ်တပ်က ပြန်လည် တောင်းပန်ခဲ့သည်။

အာဖဂန်နိုင်ငံ၊ လိုဂါတွင် ဇူလိုင် ၂၀ ရက်က ဖြစ်ပွားခဲ့သည့် မှားယွင်းတိုက်ခိုက်မှု၌ အမေရိကန်တိုက်ခိုက် ရေးရဟတ်ယာဉ်များက အာဖဂန်စစ်တပ် ကင်းစခန်း တစ်ခုကို ဝိုင်းဝန်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုတွင် အနည်းဆုံး အာဖဂန်စစ်သည် ၇ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

၂ နှစ်မပြည့်ခင် ကာလအတွင်း အာဖဂန်ရှိ အမေရိကန် စစ်တပ်က ယခုကဲ့သို့ လူမှားပစ်ခတ်မှု ဒုတိယ အကြိမ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ပြီးခဲ့သည့် မတ်လက အလားတူ မှားယွင်း တိုက်ခိုက်မှုတွင် အာဖဂန် စစ်သည် ၅ ဦး သေဆုံးခဲ့ဖူးသည်။

အာဖဂန် အခြေစိုက် အမေရိကန် စစ်တပ်က မိမိတို့၏ မှားယွင်းတိုက်ခိုက်မှုကြောင့် အာဖဂန် စစ်သားများ သေကြေခဲ့ခြင်းကို ဝန်ခံပြီး အလေးအနက် စိတ်မကောင်း ဖြစ်မိကြောင်း တောင်းပန်စကား ဆိုခဲ့သည်။ ထို့အပြင် ယခုဖြစ်ရပ်အတွက် အာဖဂန်အာဏာပိုင်များနှင့် ပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှုများ စတင်နေပြီ ဟုလည်း ကြေညာခဲ့သည်။

တိုက်ခိုက်မှုအပြီးတွင် အဆိုပါအာဖဂန်စစ်တပ် ကင်းစခန်းနေရာမှာ လုံးဝပျက်စီးသွားကြောင်းလည်း သိရသည်။ ထို့နောက်ပိုင်းတွင် တာလီဘန် တိုက်ခိုက်ရေးသမားများက မော်တော်ဆိုင်ကယ် ၂၅ စီးမျှဖြင့် ရောက်လာပြီး ပျက်စီးနေသည့် ကင်းစခန်းနေရာကို စီးနင်းရန် ကြိုးပမ်းခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ များက တွန်းလှန်တိုက်ခိုက်နိုင်ခဲ့ကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။ ဒေသခံ ရဲဌာနက ပြင်းထန် သောတိုက်ပွဲများ ၂ နာရီမျှ ဖြစ်ပွားခဲ့ကြောင်း အတည်ပြုခဲ့သည်။

အာဖဂန် သမ္မတ အေရှာရက်ဖ် ဂါနီက ဇူလိုင် ၂၀ ရက်၊ ဒေသစံတော်ချိန် နံနက် ၆း၄၀ နာရီခန့်က ဖြစ်ပွားခဲ့သည့် မှားယွင်း တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး “အာဖဂန် အမျိုးသား တပ်မတော်က စစ်သည်တချို့ ထိခိုက်သေကြေ၊ ဒဏ်ရာရခဲ့တဲ့အတွက် အလေးအနက် ဝမ်းနည်းမိပါတယ်။ ဒီဖြစ်ရပ်ဟာ နိုင်ငံတကာ တပ်ဖွဲ့တွေရဲ့ လေကြောင်းကနေ မှားယွင်း တိုက်ခိုက်မှုကြောင့်ပါ။ နိုင်ငံရဲ့ သမ္မတ အနေနဲ့ နိုင်ငံတကာ တပ်ဖွဲ့တွေဟာ သူတို့ရဲ့ စစ်ဆင်ရေးတွေ ဆောင်ရွက်ရာမှာ အာဖဂန် ပြည်သူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေ အပေါ် အန္တရာယ်မကျရောက်အောင် အမြင့်ဆုံးအဆင့် သတိပြုမှုမျိုးနဲ့ ကိုင်တွယ် ဆောင်ရွက်ဖို့ တောင်းဆို ပါတယ်”ဟု ကြေညာခဲ့သည်။

အခင်းဖြစ်ရာ ဘာရာကီဘာရက်ခရိုင် အုပ်ချုပ်ရေးမှူး မိုဟာမက်ရာဟင်မ်အေမင်က “ကင်းစခန်း နေရာက တော့ လုံးဝပျက်စီးသွားပါတယ်။ နေရာအနှံ့လည်း မီးတွေလောင်နေတယ်။ အလောင်းတွေက တော်တော်လေး ဆိုးဆိုးရွားရွား ပုံပျက်နေပြီ”ဟု ဆိုသည်။ ၎င်းက အဆိုပါ ကင်းစခန်းတွင် တာဝန်ချထား ခံရသည့် စစ်သားများမှာ လူသစ်များဖြစ်ပြီး မကြာသေးခင်ကမှ ရောက်ရှိနေခြင်းဟုလည်း ပြောကြားသွား သည်။ “စစ်သား နှစ်ယောက်ကတော့ ခေါင်းတောင် ရှာမတွေ့တော့ပါဘူး”ဟုလည်း ရာဟင်မ်အေမင်က မှတ်ချက်ပေးသွားသည်။

7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ