ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာနက တောင်ကြီးမြို့ အတက်လမ်းရှိ ပစောက်ကွေ့တွင် ဇူလိုင် ၁၅ ရက်က ကယ်ဆယ်ရေးလုပ်ငန်းဆိုင်ရာ လက်တွေ့လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။
လျှိုမြောင်ချောက်ကမ်းပါးအတွင်း ကားပြုတ်ကျ၍ အရေးပေါ်မတော်တဆအခြေအနေကြုံတွေ့နေရချိန် တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဆိုင်ရာများကို မီးသတ်ဦးစီးဌာနက လေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။
‘‘ပြည်နယ်ရုံးစိုက်တဲ့ တောင်ကြီးမြို့မှာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ မီးဘေးလုံခြုံရေးအတွက် မီးသတ်ရဲဘော်တွေ ပြည်သူလူထုကိုကယ်တဲ့အခါ မီးသတ်ရဲဘော်တွေရဲ့ စွမ်းရည်မြင့်မားဖို့ ရည်ရွယ်ပြီးတော့ ဇာတ်တိုက်လေ့ကျင့်ရခြင်းဖြစ်တယ်’’ ဟု ရှမ်းပြည်နယ် မီးသတ်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်မင်းကပြောသည်။
တောင်ကြီးမြို့သည် တောင်ပေါ်ဒေသမြို့ဖြစ်၍အခြားမြို့များနှင့်မတူဘဲ လျှိုမြောင်၊ ချောက်ကမ်းပါးများ တောင်ကုန်း၊ တောင်တန်းများပေါ်တွင် တည်ရှိနေပြီး သဘာဝဘေးဖြစ်သည့် မိုးရွာစဉ်မြေပြိုကျခြင်း၊ ကားအက်ဆီးဒင့်ဖြစ်၍ ချောက်ကမ်းပါးထဲကျခြင်းများဖြစ်ပွားသည့်အတွက် မြင့်မားမတ်စောက်သည့် ချောက်ကမ်းပါးတွင် လက်တွေ့ကယ်ဆယ်ရေးလုပ်ငန်းများ လေ့ကျင့်ရခြင်းဖြစ်သည်ဟု ဦးတင်မင်း ကဆက်လက်ပြောကြားသည်။
‘‘လူနာကို ကယ်ဆယ်ရေးလုပ်တဲ့အခါ ပြင်ဆင်ချိန် ယူရတယ်။ သေသေချာချာ ကြိုးတွေမဆိုင်းဘူးဆိုရင် လမ်းတစ်ဝက်မှာ ပြုတ်ကျမှာစိုးရတယ်’’ ဟု လက်တွေ့သရုပ်ပြ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ သည့် တောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မှူးဦးကျော်ကိုကိုကပြောသည်။
ယင်းကဲ့သို့ ချောက်ကမ်းပါး အတွင်းပြုတ်ကျနေသည့်လူနာကို ကယ်ဆယ်ရေးလုပ်ငန်းတွင် အသုံးပြုသည့် အရေးပေါ်ကြိုးများဆိုင်းခြင်းဖြင့် လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းသည် တောင်ကြီးမြို့တွင် ပထမဦးဆုံး အကြိမ်ဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိမြို့ကြီးများတွင် ဆက်လက်ဆောင်ရွက်မည်ဟု ရှမ်းပြည်နယ် မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
ရှမ်းပြည်နယ်ရှိ မြို့နယ်ပေါင်း ၅၅ မြို့နယ်တွင် မီးသတ်တပ်ဖွဲ့အင်အား ၃,၀၀၀ ကျော်ရှိပြီး မီးသတ် အထောက်အကူပြု ပစ္စည်းအသုံးပြုခြင်းနှင့် မီးသတ်စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်မည်ဟုဆို သည်။
7Day Daily
No comments:
Post a Comment