Thursday, July 31, 2014

Telenor မှ 4G ဆင်းကတ် သန်း (၃၀) စတင်ရောင်းချပေးမည်


အ်ာရီဒူးကအုန်းအုန်းထ ဆင်းကတ်ရောင်းနေတော့ Telenor ကလည်းမနေသာတော့ဘူးဗျ ဒီနေ့သတင်းထုတ်ပြန်ပါတယ်တဲ့
Telenor မှ 4G ဆင်းကတ် သန်း (၃၀) စတင်ရောင်းချပေးမည်
Telenor မှ 4G အထိ အသုံးပြုနိုင်သည့် မိုဘိုင်း ဆင်းကတ်သန်း (၃၀)အား (၁၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချမည် ဖြစ်သည်။ အဆိုပါ ဆင်းကတ်များ တွင် Video Call, Voice Mail, Internet, SMS စသည့်ဝန်ဆောင်မှုများကိုလည်း ထည့်သွင်း ဆောင်ရွက်ထားကြောင်း Telenor Mynmar မှ သိရသည်။ Telenor အနေနဲ့တော့ စပြီးကတိ ပေးထားတဲ့အတိုင်း လိုင်စင်ရပြီး ရှစ်လအကြာမှ ရောင်းချပေးမယ်။ ဆင်းကတ်က 2G,3G သုံးလို့ ရပါတယ်။ ဈေးနှုန်း ချိုသာတဲ့ ဟန်းဆက်ကိုပါ ရောင်းချပေးဖို့ စီစဉ်ထားတယ် ဟု Telenor Mynmar မှ ပြန်ကြားရေ တာဝန်ခံ ကိုစိုးသူက ပြောသည်။ 4G အထိ အသုံးပြုနိုင် သည့် ဆင်းကတ်များအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြန့်ဖြူး ရောင်းချပေးသွားမည် ဖြစ်ပြီး ဆင်းကတ် ၀ယ်ယူရာတွင် မှတ်ပုံတင်တစ်ခုဖြင့် လိုသ လောက် ၀ယ်ယူ နိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆင်းကတ်များ၏ ဈေးနှုန်း အားကျပ် (၁၅၀၀) သတ်မှတ်ထား သော်လည်း ငွေဖြည့်ကတ်မှာမူ တစ်မိနစ်(၂၅)ကျပ်နှုန်းဖြင့် အကြမ်းဖျင်း သတ်မှတ်ထားပြီး အင်တာနက် အသုံးပြုခမှာ လက်ရှိ MPT ဈေးနှုန်းထက် လျော့နည်းသွားမည် ဖြစ်ကြောင်း Telenor Mynmar မှ သိရသည်။
Messenger News Journal

နိုင်ငံတော်ဘာသာနေ့ အခမ်းအနားများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပမည်



ရန်ကုန်၊ ဗုဒ္ဓဘာသာနေ့မှ ပြောင်းလဲသတ်မှတ်ခဲ့သည့် (၅၃)နှစ်မြောက် နိုင်ငံ တော်ဘာသာနေ့ အခမ်းအနားများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သုံး ရက်ကြာကျင်းပ သွားမည်ဖြစ်ကြောင်း ဝံသာနုရက္ခိတအဖွဲ့မှ သိရသည်။

အဆိုပါနိုင်ငံတော်ဘာသာနေ့အား ယမန်နှစ်က စတင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ပြုလုပ်နိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ယခုအခါ တွင်မူ တစ်နိုင်လုံး အတိုင်းအတာဖြင့် ပြုလုပ်ရန်စီစဉ်ထားကြောင်း ဝံသာနုရက္ခိတ အဖွဲ့ ဥက္ကဋ္ဌ ဓမ္မစက္ကဦးမောင်မောင်ကပြောသည်။

ယခုပြုလုပ်မည့် အခမ်းအနားသည် ဒုတိယအကြိမ်မြောက်ဖြစ်သော် လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ကာ အခမ်းအနားနေ့များတွင် ဘာသာရေးနှင့် ပတ်သက်သည့် လုပ်ဆောင် မှုများ၊ တရားတော်များ၊ ဓမ္မစကြာရွတ်ဖတ်ခြင်းများ ပြုလုပ်သွားမည်ဖြစ် ကြောင်းသိရသည်။

''အခမ်းအနားကျင်းပတဲ့နေ့တွေမှာ သာသနာ့အလံတွေ လွှင့်ထူသွား မယ်''ဟု ဦးမောင်မောင်က ပြောသည်။ နိုင်ငံတော်ဘာသာနေ့ အခမ်းအနားများကို လာမည့် ဝါခေါင်လဆန်း ၁၄ရက်၊ ၁၅ရက်(လပြည့်နေ့)၊ ဝါခေါင်လပြည့်ကျော် ၁ ရက်(သြဂုတ် ၉၊ ၁ဝ၊ ၁၁)ရက်များတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အမျိုးဘာသာစောင့်ရှောက်ရေးမှ ဒေါက်တာဓမ္မပီယက ''နိုင်ငံတော် အစိုးရအနေနဲ့ တစ်နိုင်ငံလုံး လုပ်တယ်ဆိုရင်တော့ သက်ဆိုင်တဲ့အဖွဲ့အစည်း တွေ အကုန်သိဖို့လိုတယ်။ အသင်းအဖွဲ့တစ်ခုအနေနဲ့ လုပ်တယ်ဆိုရင်တော့ သူ့ခံယူချက်နဲ့သူလုပ်တဲ့အတွက် ဘာမှမပြောလိုပါဘူး''ဟု ပြောသည်။

ယခုကဲ့သို့ ဝါခေါင်လပြည့်နေ့တွင် ပြုလုပ်ရခြင်းသည် ဗုဒ္ဓဘာသာနေ့မှ နိုင်ငံတော်ဘာသာနေ့အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည့် ၁၉၆၁ခုနှစ် သြ ဂုတ်၂၆ရက်၊ ဝါခေါင်လပြည့်နေ့တွင် ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုသတ်မှတ်သည့်နေ့များတွင် ပြုလုပ်ကြောင်း သိရသည်။

အဆိုပါနေ့အား ထေရဝါဒဓမ္မကွန်ရက်မှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ၁၉၆၂ခုနှစ် စစ်တပ်အာဏာသိမ်းခဲ့ပြီးသည့်အချိန်မှ ပျောက်ကွယ်လုဖြစ် ခဲ့သည့် ယင်းနေ့အား ဂုဏ်ယူစရာကောင်းသည့်နေ့တစ်နေ့အဖြစ် သမိုင်း ပြန်လည်သိရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

YMG

Ebola ကူးစက်ခံရသူ အမေရိကန် နှစ်ဦးကို နေရပ် ပြန်ခေါ်ဖို့ ကြိုးပမ်း

Ebola ဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ဖျားနာနေတဲ့ လစ်ဗေးရီယားရှိ အမေရိကန်နှစ်ဦး ကို အမေရိကန်ပြန်ခေါ်နိုင်ဖို့ CDC ရောဂါထိန်းချုပ်ရေး ကာကွယ်ရေးဌာနတွေနဲ့ အတူ ဆောင်ရွက်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဌာနက ပြောပါတယ်။ သူတို့ကို ပြန်လည်ခေါ်ထုတ်နိုင် မယ့် ဖြစ်နိုင်ခြေတွေ ကူညီဆောင်ရွက်သွားဖို့ လစ်ဗေးရီယားနိုင်ငံကို ထိပ်တန်းဆေးဖက်ဆိုင်ရာ ကျွမ်းကျင်သူတဦး စေလွှတ် လိုက်ပြီလို့လည်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီးက ပြောခဲ့ပါတယ်။

Texas က ဆရာဝန်ဖြစ်သူ Dr.Kent Brantly နဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်က သာသနာပြု Nancy Writebol တို့နှစ်ဦးစလုံးဟာ လစ်ဗေးရီယား ဆေးရုံတရုံမှာ Ebola လူနာသည်တွေကို အကူအညီပေးနေရင်းနဲ့ ဒီဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ ရတာဖြစ်ပါတယ်။

သူတို့ကို ပြန်ခေါ်ထုတ်မယ်ဆိုရင် သတိပြုရမယ့် အချက်အားလုံးကို စူးစမ်းလေ့လာနေပြီး၊ သယ်လာတဲ့လမ်းမှာရော အမေရိကန်ပြည်ထောင်စုရောက် ရင်ရော သူတို့ကို သီးခြား ခွဲထုတ်ထားမှာဖြစ်တယ် လို့လည်း နိုင်ငံခြားရေး ဌာနက ပြောပါတယ်။ သူတို့နှစ်ဦးစလုံးဟာ အခု လစ်ဗေးရီးယားမြို့တော်မှာရှိပြီး၊ စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေပါတယ်။
voa
 

တရားမ၀င်သစ်များနှင့်ဖမ်းမိသည့် ယာဉ်လိုင်းပိုင်ရှင်မှာ မိမိမဟုတ်ဟု ဦးလှဆွေငြင်းဆို

 အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ (ဓာတ်ပုံ - ဦးလှဆွေဖေ့စ်ဘွတ်ခ်)
တရားမ၀င်သစ်များ သယ်ဆောင်လာသော ဂန့်ဂေါမှ မန္တလေးသို့ ပြေးဆွဲနေသည့် ယာဉ်၏ ယာဉ်လိုင်းပိုင်ရှင်သည် အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ(ဘူလက်)ဖြစ်ကြောင်း  နယ်ခံများပြောဆိုနေမှုအပေါ် ကာယကံရှင်က မဟုတ်မမှန် ကြောင်း ငြင်းဆိုလိုက်သည်။

‘‘ဦးလှဆွေနာမည်နဲ့ ဘယ်  လိုင်းမှ မဖွင့်ထားသလို အမည် ပေါက် ဘာကားမှလည်း မရှိပါ ဘူး။ အမျိုးတွေက ကားတွေပိုင် ပေမယ့်လည်း ဂန့်ဂေါမှာ ဘယ် အမျိုးမှ မရှိပါဘူး’’ဟု အမျိုးသား လွှတ်တော်အမတ်ဦးလှဆွေက ပြောသည်။
ဂန့်ဂေါ၊ ကလေးနှင့် မုံရွာမြို့နယ်နေ မြို့ခံများက မုံရွာတွင် ဖမ်းဆီးရရှိသော တရားမ၀င် တင်ဆောင်လာသည့်  ခြောက်ဘီး ကားသည် မကွေးတိုင်းဒေသကြီး    အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးလှဆွေပိုင်ဆိုင်သော ယာဉ်လိုင်းဖြစ်ကြောင်း ပြောဆိုမှု များ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ လျက်ရှိသည်။
ဇူလိုင် ၂၇ ရက်တွင် ဂန်ဂေါမှ မန္တလေးသို့ ထွက်ခွာလာသော ယင်းကားသည် မုံရွာမြို့သို့ ဖြတ် သန်းရာတွင် တရားမ၀င်သစ်များ   သယ်ဆောင်လာသည်ကို တွေ့ရှိ သဖြင့် ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ် သည်။
 ‘‘တရားခံသုံးဦးမိထားပါ တယ်။ သက်သေခံပစ္စည်းသိမ်း ဆည်း၊ စစ်ဆေးဆဲအဆင့်ဖြစ်လို့ ပြောလို့မရသေးပါဘူး။ သုံးဦးမှာ တစ်ဦးက ယာဉ်မောင်း၊ နှစ်ဦးက ပိုင်ရှင်လို့ သိရပါတယ်’’ဟု မုံရွာ မြို့နယ် ရဲစခန်းမှူးရုံးမှ တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးကပြောကြားခဲ့ သည်။
ကျွန်းခွဲသား၊ တမလန်းခွဲ သား၊ တမလန်းပွတ်ထိုးပန်းလုံး တို့အပါအ၀င် တန်ချိန် ၃၀၀၀ ကျော် တင်ဆောင်လာခြင်းဖြစ်ပြီး မုံရွာရဲစခန်းတွင်  ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁) ဖြင့် အရေးယူအမှုဖွင့်ထားသည်။
မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမတ် ဦးလှဆွေသည် ငြိမ်းချမ်း ရေးကိစ္စနှင့် ပတ်သက်ပြီး သူ့ အမြင်ကို ပြောဆိုရာတွင် ရွှေ လက်နှင့် ကြိုလို့မရရင် ဘူးလက် နှင့် ကြိုမည်ဟု ပြောဆိုသည့် အပြင် အတိုက်အခံများနှင့် ပတ် သက်၍ ပုံစံမျိုးစုံဖြင့် ခိုင်းနှိုင်းပြော ဆိုခဲ့သည့်အတွက် လူမှုကွန်ရက် တွင် ဝေဖန်ခံရဆုံးပုဂ္ဂိုလ်အဖြစ် ကျော်ကြားသည်။
7Day

သမ္မတ ဦးသိန်းစိန်ရဲ့ သြဂုတ်လ ရေဒီယို မိန့်ခွန်းအပြည့်အစုံ



 မိဘပြည်သူများခင်ဗျား 

ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှတစ်ဆင့် အသိပေးပြောကြား 
နေကြဖြစ်တဲ့ အတိုင်း ဇူလိုင်လအတွင်း မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်း လဲမှုများကို ပြောကြားရခြင်းဖြစ် ပါတယ်။ 

တစ်နိုင်ငံလုံး အတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ဖို့အတွက် ဇူလိုင်လအတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များစုစည်းပြီး ကချင်ပြည်နယ် လိုင်ဇာ မှာ ဆွေးနွေးပွဲများ ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ကြိုဆိုပြီးတော့ လိုအပ်တဲ့ ကူညီဆောင်ရွက် မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ 

တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ စာချုပ်ချုပ်ဆိုပြီး ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီးကို တက်လှမ်းနိုင်ဖို့နဲ့ ရေရှည်တည်တံ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက် လိုအပ်တဲ့သဘောတူညီ ချက်တွေရရှိနိုင်ဖို့ ဒီဆွေးနွေးပွဲများ ကနေ ပိုမိုကောင်း မွန်တဲ့ ရလဒ်များ ဆောင်ကြဉ်း လာနိုင်မယ်လို့ ကျွန်တော်တို့ ပြည်ထောင် စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီများ အပါ အဝင် ပြည်သူ လူထုတစ်ရပ် လုံးက မျှော်လင့် နေကြပါတယ်။ 

လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်ပြောင်းလဲ လျက်ရှိနေတဲ့ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများဟာ အခက်အခဲ များနဲ့ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကျော်လွှားရင်းနဲ့ ဒီဖြစ်စဉ်ရှင်သန်ဖို့ ကြိုးပမ်းနေရတဲ့ အချိန်ကာလဖြစ် ပါတယ်။ 

ဒီနေရာမှာ ကွဲပြားခြားနားတဲ့ နိုင်ငံရေးအင်အားစုများ အကြားမှာ တူညီတဲ့ သဘောတူညီချက်အနေနဲ့ ထားရှိနိုင်တဲ့ သဘောထား ရပ်တည်ချက်ကတော့ ဒီနိုင်ငံရေး ဖြစ်စဉ်ဆက်လက် ရှင်သန်ရေးကနေ ဒီမိုကရေစီ စနစ် အမြစ်တွယ်ရှင်သန်ရေးဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ 

ကျွန်တော်တို့အစိုးရ စတင်တာဝန်ယူတဲ့အချိန်ကစပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို တစိုက်မတ် မတ် လုပ်ဆောင်လာခြင်းက ကျွန်တော်တို့အနေနဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်ချပြီး လုပ်ဆောင်ခဲ့တယ်ဆိုတာကို သက်သေထူရာရောက်မှာလည်း ဖြစ်ပါတယ်။ 

ကျွန်တော်တို့ တာဝန်ယူခဲ့တဲ့ သုံးနှစ်ကျော်ကာလအတွင်းမှာ ပြစ်တင်ဝေဖန်မှုများနဲ့ ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံ
ရေး အကြပ် အတည်းများ ရှိခဲ့တာကလည်း အမှန်ပဲဖြစ်ပါတယ်။ 

ကျွန်တော့်အနေနဲ့ အခိုင်အမာပြောကြားနိုင်တဲ့ အချက် တစ်ခုကတော့ ကြုံတွေ့ခဲ့ရတဲ့နိုင်ငံရေး အကြပ် အတည်း အားလုံးကို ပြည်သူလူထုရဲ့ လိုလားချက်များအပေါ် ရှေးရှုတဲ့ အဖြေရှာမှုမျိုးနဲ့သာ ချဉ်းကပ်ပြီး မှန်ကန်တဲ့စေတနာနဲ့ ဆောင်ရွက်ခဲ့ တယ်ဆိုတာပဲဖြစ်ပါတယ်။ 

ဒီကနေ့ကာလလို စနစ်ဟောင်းကနေ စနစ်သစ်ကို ကူးပြောင်းတဲ့အခါ နိုင်ငံရေးအကြပ် အတည်းများ ကြုံတွေ့ရခြင်းဟာ အသွင်ကူးပြောင်းရေး ဖြစ်စဉ်တိုင်းမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ စိန်ခေါ် မှုတွေ ဖြစ်တယ်ဆိုတာကို သတိချပ်စေလိုပါတယ်။ 

ကျွန်တော့်အနေနဲ့ ဝေဖန်ထောက်ပြ ပြောဆိုရေးသားမှုအားလုံးကို ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွက် လိုအပ်တဲ့ သွင်းအားစုများအဖြစ်ရှုမြင်ပြီး လက်တွေ့ကျတဲ့ အဖြေများရရှိဖို့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေ အနေနဲ့ လိုက်လျောညီထွေဖြစ်နိုင်မယ့် အတိုင်းအတာအတွင်းကနေ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်း ဆောင်ရွက် နေတယ်ဆိုတာကို အသိပေးပြောကြားလိုပါတယ်။ 

အနာဂတ်မှာ ကျွန်တော်တို့အနေနဲ့ ရောက်ရှိရမယ့် စံနှုန်းများနဲ့တိုင်းတာရင် လိုအပ်ချက်များစွာ ရှိနေသေး တာက အမှန်ပဲဖြစ်ပါတယ်။ 

သို့သော်လည်း အဲ့ဒီလိုအပ် ချက်များကို ဖြည့်ဆည်းဆောင်ရွက်တဲ့ အခါ တစ်ဦးတစ်ယောက်အား၊ အဖွဲ့အစည်းတစ်ခုတည်းရဲ့အားနဲ့ တည်ဆောက်လို့မရနိုင်ဘဲ မိမိတို့ အဖွဲ့အစည်း တစ်ခုလုံး တူညီသော ရပ်တည်ချက် တစ်ခုထားရှိပြီး အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြမှသာ ရရှိနိုင်မှာဖြစ်တဲ့ အကြောင်း ပြောကြား လိုပါတယ်။ 

ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးကို အနှောင့်အယှက်ပြုမှုများ ကိုတော့ ထိရောက်စွာ အရေးယူမှာ ဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ 

မကြာခင်က မန္တလေးမြို့မှာဖြစ်ပွားခဲ့တဲ့ မဟုတ်မမှန် လုပ်ကြံစွပ်စွဲမှုကိုအသုံးချပြီး ဘာသာရေးပဋိပက္ခ
တွေဖြစ်အောင် ဖန်တီးလှုံ့ဆော် လုပ်ဆောင်ခဲ့ သူများကို ဖော်ထုတ် အရေးယူ ဆောင်ရွက်နေ ပြီဖြစ်ပါ တယ်။ 

မန္တလေးမြို့တည်ငြိမ်အေးချမ်းရေးမှာ အသိရှိရှိ၊ သတိရှိရှိနဲ့ တာဝန်သိသိ ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ခဲ့ကြ သူများကိုလည်း နိုင်ငံတော်ကိုယ်စား ဂုဏ်ယူပါ ကြောင်း ချီးကျူးပြောကြားအပ်ပါတယ်။ 

ကျွန်တော့်အနေနဲ့ ပြီးခဲ့တဲ့ဇူလိုင်လ ၁၂ ရက်နေ့က ရန်ကုန်မြို့မှာသဘင်၊ ဂီတ၊ ရုပ်ရှင်အဖွဲ့အစည်းများမှ အနုပညာရှင်များနဲ့ ရင်းနှီးစွာတွေ့ဆုံခဲ့ပါတယ်။ 

အဖွဲ့အစည်းအသီးသီးမှ အနုပညာရှင်များရဲ့ ဆွေးနွေးပြော ကြားချက်များကို အလေးထားမှတ်ယူပြီး
နိုင်ငံတော်အပိုင်းက လတ်တလော ကူညီဆောင်ရွက် ပေးရမည့် ကိစ္စများ၊ အချိန်ယူဆောင်ရွက် ပေးရမည့် ကိစ္စများကို ကြိုးပမ်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ 

အနုပညာ ရှင်များဟာ ပြည်သူများ ချစ်ခင်မြတ်နိုးတဲ့ ရတနာများ ဖြစ်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက် 
ရေး မှာ ပြည်သူများရဲ့ ပျော်ရွှင်ချမ်းမြေ့မှုဟာ အစိတ်အပိုင်း တစ်ခုအနေနဲ့ ပါဝင်တာဖြစ်တဲ့အတွက် သဘင်၊ ဂီတ၊ ရုပ်ရှင်အနုပညာရှင်များကို ကျွန်တော့်အနေနဲ့ တန်ဖိုးထားလေးစားပါကြောင်း ပြောကြား လိုပါတယ်။ 

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ကြီးများဟာ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်နေစဉ် အတွင်း မှာ မသမာသူများရဲ့ လက်ချက်နဲ့ ကျဆုံးသွားခဲ့ရတဲ့ ဇူလိုင် ၁၉ ရက်နေ့ကို အာဇာနည်နေ့အဖြစ်သတ် မှတ်ပြီး ပြည်သူများဟာ အာဇာနည်ကြီးများရဲ့ ကျေးဇူးများကို အောက်မေ့တသရင်း ဝမ်းနည်းကြေကွဲ မှုတွေကို သတိတရ ထုတ်ဖော်ပြသလာခဲ့ ကြတာအခုဆိုရင် နှစ်ပေါင်း(၆၇)နှစ် တိုင်ခဲ့ပြီဖြစ်ပါတယ်။ 

တစ်ဆက်တည်းမှာပဲ ကျွန်တော်တို့အားလုံး အနေနဲ့ ဝမ်းနည်းကြေကွဲနေရုံမျှ သက်သက်ထက် အာဇာနည် ကြီးများရဲ့ ကျေးဇူးများကို နည်းလမ်းမှန်နဲ့ ပြန်လည်ပေးဆပ်ကြဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကို လည်း နှလုံးသွင်းကြရမှာဖြစ်ပါတယ်။ 

အာဇာနည်နေ့အခမ်း အနားဟာဆိုရင် ခေါင်းဆောင်ကြီး ကိုးဦးကို ရည်မှန်းဂုဏ်ပြုခြင်းအပြင် တိုင်းပြည် အတွက် လူမသိသူမသိပေးဆပ်ရင်း ကျဆုံးသွားခဲ့ရတဲ့ ပြည်ထောင်စုဖွား အာဇာနည်များကိုလည်း မမေ့မလျော့ ဦးညွတ် အလေးပြုကြတဲ့ အနှစ်သာရကို ဖော်ကျူးတဲ့ အခမ်းအနားတစ်ခုလည်း ဖြစ်ပါတယ်။ 

တိုင်းပြည်နဲ့လူမျိုး အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ကြတဲ့ အာဇာနည်များကို ကြည့်မယ်ဆိုရင် သူတို့လာ ခဲ့ကြတဲ့ နိုင်ငံရေးနောက်ခံ၊ အသိုင်းအဝိုင်း၊ လူမျိုးစု၊ ကိုးကွယ်ယုံကြည်မှု စသည်ဖြင့် မတူညီတဲ့ ကြန်အင် လက္ခဏာများကို တွေ့ကြရမှာဖြစ် ပါတယ်။ 

သို့သော်လည်း သူတို့အားလုံးမှာ တူညီတဲ့အချက်ကတော့ နိုင်ငံနဲ့လူမျိုးရဲ့ ကောင်းကျိုးချမ်းသာ အတွက်ဆို တဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံလိုစိတ်ပဲ ဖြစ်ပါတယ်။ 

မိမိတို့ မြန်မာနိုင်ငံသားအားလုံးအနေနဲ့ ဒီစိတ်ဓာတ်ခွန်အားတွေကို ဆက်လက်ရှင်သန်စေဖို့ကြိုးစားပြီး လက်ရှိအကောင်အထည်ဖော်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းစဉ်များနဲ့ ဒီမိုကရေစီ အရေးတည်ဆောက်ရေး လုပ်ငန်းစဉ်များမှာ လူမျိုးဘာသာ မကွဲပြားဘဲအတူတကွ ညီညွတ်စွာပူးပေါင်း ကြိုးစားကြဖို့ တိုက်တွန်းပြောကြားအပ်ပါတယ်။ 

ဇူလိုင်လအတွင်းမှာ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေး စီမံချက်တစ်ရပ်ကို သက်ဆိုင်ရာ အရပ်ဘက်လူ့အဖွဲ့ အစည်းများ၊ အစိုးရအဖွဲ့အစည်းများနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ပါဝင်ကူညီနေကြတဲ့ အဖွဲ့အစည်းများဆီက အကြံဉာဏ်များရယူ ရေးဆွဲခဲ့ပါတယ်။ ဒီစီမံချက်ကို စနစ်တကျ အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်။ 

အခုလို စီမံချက်တွေကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ပါက ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ ပြည် သူ များရဲ့ဘ၀များ ကောင်းမွန် တိုးတက်လာစေမယ်လို့ ယုံကြည်ပါတယ်။ 

ဒီလိုစီမံချက်တွေအောင်မြင်အောင် အကောင်အထည် ဖော်တဲ့ အခါမှာလည်း ကျွန်တော်တို့ အစိုးရတစ်ဖွဲ့ တည်းအနေနဲ့ လုပ်ဆောင်လို့မရနိုင်ဘဲ ရခိုင်ပြည်နယ် အတွင်းမှာ ရှိကြတဲ့အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများအားလုံး ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်။

 နိုင်ငံတော်အစိုးရအနေနဲ့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြတဲ့ အဖွဲ့အစည်းအသီးသီးကို လိုအပ်တဲ့ ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေး သွား မှာဖြစ်သလို ရခိုင်ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူများ အနေနဲ့ လည်း မိမိတို့ပြည်နယ် တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး သဘောထားကြီးကြီး၊ အမြင်ကျယ်ကျယ်နဲ့ ဆောင် ရွက် သွားကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်။ 

လက်ရှိအခြေအနေမှာ ခက်မသုံးဖြာ အာဏာသုံးရပ်ဖြစ်တဲ့ တရားစီရင်ရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာနဲ့ ဥပဒေပြုရေး အာဏာတို့ကို ပီပြင်စေတဲ့ သီးခြားလွတ်လပ်မှုနဲ့ အချင်းချင်းအပြန်အလှန်ထိန်းကျောင်းမှုများ စတင်အသက်ဝင်ဖို့ ကြိုးပမ်းတည်ဆောက်ရာမှာ ကြီးမားတဲ့စိန်ခေါ်မှုတစ်ခု အနေနဲ့ လက်တွေ့ကြုံတွေ့နေ ရတဲ့ ကာလဖြစ်ပါတယ်။ 

အဲဒီလိုကြိုးပမ်း တည်ဆောက်မှုများမှာ နိုင်ငံသားအခွင့်အရေးကို အကာအကွယ်ပေးနိုင်တဲ့၊ လွတ်လပ်မျှတ တဲ့ တရားစီရင်ရေးစနစ်သို့ အသွင်ကူးပြောင်းရေး၊ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရများ၊ တာဝန်ယူရတဲ့ အုပ်ချုပ်ရေး ယန္တရားကို ပြည်သူလူထုအခြေပြုတဲ့ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေး စနစ်သို့ အသွင်ကူးပြောင်းရေး၊ မိမိတို့လူ့အဖွဲ့အစည်းအတွင်း ဆယ်စုနှစ် များစွာလစ်ဟာခဲ့တဲ့ လွှတ်တော်များပေါ်ပေါက်ရေး၊ လွှတ်တော်စနစ်ကို အခြေခံသည့် ဥပဒေပြုရေးဖြစ်စဉ်များ အသက်ဝင် ရှင်သန်ရေး များဟာ အဓိကကျတဲ့ လုပ်ငန်းစဉ်များပဲ ဖြစ်ပါတယ်။ 

ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်များ အတွင်း အဆင့်ဆင့်တာဝန်ယူ လုပ်ဆောင်ခဲ့ရတဲ့ ဝန်ထမ်းအဖွဲ့ အစည်းများအနေနဲ့ အကောင်းဆုံး ဖြစ်အောင် ကြိုးပမ်းဆောင်ရွက် နေပေမယ့် နှောင့်နှေးမှုများ၊ အား နည်း မှု များနဲ့ လိုအပ်ချက်များရှိနေသေး တာ အမှန်ပဲဖြစ်ပါတယ်။ 

ဒီနေရာမှာ ကျွန်တော့်အနေနဲ့ အထူးပြု ပြောကြားချင်တာကတော့ ဝန်ထမ်းများ အနေနဲ့ ချက်ချင်းလက်ငင်း အကောင်အထည်ဖော်နိုင်တဲ့ ကိစ္စရပ်များ၊ ရေတိုလုပ်ဆောင်ရမယ့် ကိစ္စရပ်များ၊ ရေရှည်တည်ဆောက်ရ မယ့် လိုအပ်ချက်များကို ရည်မှန်းချက် အဖြစ်ထားပြီး ဒီကနေ့ လက်တွေ့ လုပ်ဆောင်နိုင်မယ့် ကိစ္စတွေကို ဦးစားပေးကြိုးပမ်းတည်ဆောက်ကြဖို့နဲ့ ဝန်ထမ်းရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းကြဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

 ပြည်သူလူထု အနေနဲ့ကလည်း ဒီလိုကြိုးပမ်းမှုများမှာ နိုင်ငံသားတာဝန် ကျေပွန်စွာဖြင့် ပူးပေါင်းပါ ဝင် ဆောင်ရွက်ကြဖို့ တိုက်တွန်းအပ်ပါတယ်။ 

အဓိကအားဖြင့်တော့ ဒီမိုကရေစီနိုင်ငံကြီးများသည်ပင် လက်ရှိအခြေ အနေမျိုးကို ရောက်ရှိဖို့ အတွက် နှစ်ပေါင်း ရာချီပြီး တည်ဆောက်ခဲ့ကြရတယ် ဆိုတာ အားလုံးသိရှိပြီးဖြစ်ပါတယ်။ 

သုံးနှစ်ကျော်ကာလအတွင်း ကျွန်တော်တို့ လက်ရှိရရှိထားတဲ့ အခြေအနေများဟာ မိမိတို့လိုလားတဲ့ ဒီမိုကရေစီ စံနှုန်းများနဲ့ တိုင်းတာတဲ့အခါ အကောင်းဆုံး အခြေအနေများကို မရောက်ရှိသေးတာ အမှန်ပဲဖြစ်ပါတယ်။ 

ဒါပေမယ့် မိမိတို့ ပြည်သူလူထု တစ်ရပ်လုံး ကြိုးပမ်းတည် ဆောက်ပြီး လက်ဝယ်ရရှိပိုင်ဆိုင် ထားတဲ့ ပြုပြင်
ပြောင်း လဲရေး လုပ်ငန်းစဉ်များရဲ့ လမ်းစများ၊ အခွင့်အလမ်းများကို ဆုံးရှုံးမသွားစေဖို့ ဝိုင်းဝန်းကြိုးပမ်း ရမယ့် အချိန်ကာလဖြစ်တဲ့အကြောင်း ပြောကြားလိုပါတယ်။ 

ကျွန်တော့်အနေနဲ့စည်းလုံးညီညွတ်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ရှင်သန်နိုင်အောင် ပြည်တွင်း ငြိမ်းချမ်းရေးရအောင်၊ ပြည်သူများရဲ့ စီးပွားရေး ပြန်လည်ဖွံ့ဖြိုးတိုးတက်လာအောင် ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ ဖန်တီး ပေးနိုင်အောင် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိတဲ့အကြောင်းပြောကြားရင်း နိဂုံးချုပ်ပါတယ်။ 

မိဘပြည်သူများ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာကြပါစေ။ 

အာရှတိုက်နိုင်ငံများသို့ခြေဆန့်လာသော EBOLA (သို့) သေမင်းဗိုင်းရပ်











အထူးဆောင်းပါး (မလေးရှားရောက်မြန်မာအားလုံးသို့ဆက်လက်မျှဝေရန်)
 

မလေးရှား (၃၁.၇.၂၀၁၄)
အာဖရိကတိုက်အလယ်ပိုင်းဒေသတွင် အခြေခံဖြစ်တည်လာသည့် အီဗိုလာ ဗိုင်းရပ် သည် ယခုအခါ အမေရိက ၊ ဥရောပ ၊ အာရှသာမက ၊ အရှေ့တောင်အာရှရှိ ဖိလစ်ပိုင်နိုင်ငံထိတိုင်အောင် ကူးဆက်လာသောအခါ ကမ္ဘာ့နိုင်ငံများသည် အထူး ကြော်ငြာချက်များ ထုတ်ပြန်ပြီး အီဗိုလာ ဗိုင်းရပ်အား တားဆီးရန် စတင် တာဆူနေပြီဖြစ်သည် ။
ထိုအသို့ တားဆီးရန် ကြိုးစားနေချိန်တွင်ယနေ့မလေးရှားအစိုးရမှလည်း နိုင်ငံတွင်း အီဗိုလာ ဗိုင်းရပ် တွေ့ရှိခဲ့ပါက ဖြေရှုင်းရန် အဆင်သင့်ပြင်ဆင်ပြီဖြစ်ကြောင်း ယနေ့ထုတ်သတင်းစာများတွင်ကြော်ငြာခဲ့သည်။
သို့ကြောင့် မလေးရှားရောက်မြန်မာနိုင်ငံသားမျာသာမက အားလုံးသိရှိရန် ဤသတင်းအား ဆောင်းပါးအနေဖြင့် ဘာသာပြန်တင်ဆက်သည် ။ အောက်ပါ အီဗိုလာ ဗိုင်းရပ်အကြောင်း သေချာစွာဖတ်ရှုပါ ။
၁.EBOLA VIRUS - အီဗိုလာဗိုင်းရပ်ဆိုတာဘာလဲ
-------------------------------------------------------
အီဗိုလာဗိုင်းရပ်ဆိုသည်မှာ သဘာဝ တိရိစ္ဆာန်များမှတဆင့် လူသို့ကူးဆက်သော ဗိုင်းရပ်ရောဂါပိုးတစ်မျိုးဖြစ်သည်။ ရောဂါ ကူးဆက်ခံရသူ ၉၀ ရာခိုင်နှုန်း အသက်ဆုံးရှုံးကာ ရက်ပိုင်းအတွင်း သေဆုံးစေနိုင်သော AIDS ထက်အဆပေါင်းများစွာဆိုးရွားသော ဗိုင်းရပ်စ် ရောပိုးဖြစ်သည် ။
အာဖရိကတိုက်အနောက်အလယ်ပိုင်း နိုင်ငံများရှိ လင်းနို့ ၊ မျောက် ၊ ဒရယ် ၊ မျောက်ဝံ စသော တိရိစ္ဆာန်များ တွင်အဆိုပါ အီဗိုလာ ဗိုင်းရပ်တွေ့ရှိရပြီး ရောဂါပိုး ရှိသည့် တိရိစ္ဆာန်အသားများကို စားသုံးရာမှ လူတွင် ကူးစက်ကာ ယခုအချိန်ထိ ကူးစက်ခံရသူ ၁၂၀၀ ကျော်သေဆုံးခဲ့ပြီးဖြစ်သည် ။ ၂၀၁၄ တွင် အာဖရိက အနောက်ခြမ်း နိုင်ငံ ၃ နိုင်ငံအား ကန့်သတ် နယ်မြေမျာအဖြစ်သတ်မှတ်ကာ ထိုရောဂါကို စတင်ပိတ်ဆို့နေပြီဖြစ်သည် ။
အီဗိုလာသညှ်နှာခြေ ၊ ချောင်းဆိုး စသော လေထုထဲမှတဆင့်မကူးစက်သည်မှာ အလွန်ကံကောင်းသည်ဟုဆိုရမည် ။ ၄င်းသည် တုတ်ကွေးကဲ့သို့ ချောင်းဆိုးသူကြောင့် လေထဲမှတဆင့် မပျံနှံ့ပါ ။
သို့သော် EBOLA သည် ရောဂါရှိသော တိရိစ္ဆာန်များ ၏ အရည် ၊ သွေးသား တို့အား လက်ဖြင့်ထိခြင်း ၊ ထိုအသားအားစားခြင်း ။
ရာဂါခံစားနေရသောသူ နှင့် လက်ခြင်းထိတွေ့ခြင်း ၊ အရေပြားပေါက်ပြဲသောနေရာအား ထိတွေ့ခြင်း ၊ သွေးသားခြင်းထိတွေ့ခြင်း ၊ နမ်းခြင်း ၊ လိင်ဆက်ဆံခြင်းတို့ စသဖြင့် ရောဂါရှိသူ၏ အသွေးသား ၊ သွေး ၊ အချွဲ ၊ ခန္ဒာကိုယ်မှထွက်သောအရည်တို့ကို လက်ဖြင့် ထိတွေ့ရုံဖြင့် ရောဂါ ကူးဆက်နိုင်သည် ။
ထိုသို့ရောဂါကူးဆက်ပြီး ၂၁ ရက်အတွင်း ဝေဒနာစတင်ခံစားရမည်ဖြစ်ကာ ၊ ထိုသူမှတဆင့် ယခု နှုန်းထားအတိုင်း ၂.၅ ဦးအားဆက်လက် ကူးဆက်နေပြီး ဆက်တိုက် ပျံ့ပွားသွားမည်ဖြစ်သည် ။
ရောဂါခံစားရပြီးမကြာခင်ရက်ပိုင်းအတွင်း သေဆုံးမည်ဖြစ်သည် ။
၂. ရောဂါလက္ခဏာတွေကဘယ်လိုလဲ
----------------------------------------
အီဗိုလာ ဗိုင်းရပ်စ် ကူးဆက်ခံရပြီး ၂၁ ရက်အကြာတွင် အပြင်းဖျားခြင်း ၊ မလှုပ်ရှားနိုင်အောင် အားအင်ကုန်ဆုံးခြင်း ၊ ကြွက်သားများ နာကျင်ခြင်း ၊ ခေါင်းကိုက်ခြင်း ၊ လည်ချောင်းနာခြင်းတို့ ဖြစ်ကာ မကြာခဏ အော့အန်ပြီး ဝမ်းသွားသည့် ရာဂါလက္ခဏာ ပြလိမ့်မည် ။
ထိုမှတဆင့်ရောဂါပြင်းထန်လာကာ ကျောက်ကပ် ၊ အသဲ တို့၏ လုပ်ဆောင်ချက်များကို ဆိုးဝါးစွာ ပျက်ဆီးစေကာ မျက်လုံး ၊ ပါးစပ် ၊ နှာခေါင်းတို့စသော ဒွာရပေါက်များမှ သွေးထွက်ခြင်း ၊ အရေပြားပေါက်ပြဲကာ သွေးထွက် ခြင်းး စသည့်ခန္ဒာကိုယ် အတွင်းအပြင် တို့မှ သွေးထွက်ကာ နောက်ဆုံး သေဆုံး စေမည်ဖြစ်သည် ။
ထိုထက်ဆိုးဝါးသည်မှာ ရောဂါကူးစက်ခံရသော သူ ထိုင်သွားသည့် ခုံ ၊ အိပ်ယာ တို့မှတဆင့် ကူးဆက်ကြောင်းတွေ့ရသော အခါ အဆိုပါ နိုင်ငံ ၃ နိုင်ငံတွင် TAXI (တက္ကစီ) ၊ ကား၊ ရထား ၊ လေယာဉ် တို့ပါ ရောဂါစောင့်ကြည့် နေရသည့် အခြေအနေ တွင်ရှိနေပြီဖြစ်သည် ။
ထိုအီဗိုလာ ဗိုင်းရပ်အား ကုသရန်ဆေးမရှိသကဲ့သို့ ။ရောဂါကူးစက်ခံရပါက မည်သို့မှ လုပ်မရတော့ပဲ သီသန့်ခန်းထဲတွင် ခွဲထားကာ သေဆုံးသည်ကိုစောင့်ရမည်ဖြစ်သည် ။ ရောဂါပိုး ကူးစက်သူ၏ ၁၀ ရာခိုင်းနှုန်းကိုသာ ကယ်ဆယ်နိုင်ခဲ့သေးကြောင်းသင်သိရမည်ဖြစ်သည် ။
၃ ဘယ်နိုင်ငံတွေအထိ ကူးစက်လာခဲ့ပြီလဲ
--------------------------------------------
၂၀၁၄ ခုနှစ်၏အီဗိုလာ ဗိုင်းရပ်မြစ်ဖြားခံရာ Guinea နိုင်ငံမှတဆင့် ရောဂါဝေဒနာ ခံစားရသူများ ခရီးသွား သောကြောင့် ထိုနိုင်ငံ၏ အိမ်နီးခြင်းနိုင်ငံများဖြစ်သော Liberia နှင့် Sierra Leone တို့အား အလျှင်အမြန် ကူးဆက်လျှက် ရှိသည် ။
အဆိုပါ ၃ နိုင်ငံတွင် ၂၀၁၄ မတ်လ မှ စတင်ကာယနေ့အထိ လူဦးရေ ၁၂၀၀ ကျော်အား ကူးစက်နေပြီး - ၇၀၀ နီးပါးသေဆုံးခဲ့ပြီဖြစ်သည် ။၎င်းသည် နှစ် ၄၀ အတွင်း အဆိုးဝါးဆုံးသော ဗိုင်းရပ်ကူးစက် သေဆုံးမှုဖြစ်ကြောင်း WHO မှထုတ်ပြန်ခဲ့ရသည် ။
ရောဂါဆိုးဝါးသော ဒေသများသို့ ဆေးကုသပေးရန် ရောက်ရှိနေသော အထူးကု ဒေါက်တာတစ်ဦးအပါအဝင် နိုင်ငံခြားသား လုပ်အားပေး ၂ ဦးရေဂါကူးစက်ခံရသည်ဆိုသောအခါ ကမ္ဘာနိုင်ငံများကြား အီဗိုလာ သည် အထူး သတိထားကိုင်တွယ်ရမည့် ကြောက်စရာအကောင်းဆုံး ကူးစက်ဗိုင်းရပ်ဖြစ်လာခဲ့သည် ။
အဆိုပါ ၃ နိုင်ငံသို့ စိုက်ပျိုးရေး ၊ ကျန်းမာရေး ၊ ပညာရေး တို့အတွက် လုပ်အားပေး ရောက်ရှိနေသော အမေရိကန် နိုင်ငံသား ၃၀၀ ကျော်ကို ယခု အခါ အမေရိကန် က ပြန်လည်ခေါ်ယူနေပြီဖြစ်သည် ။
ယခု အမေရိက နိုင်ငံ ၊ လန်ဒန် ၊ ဥရောပနိုင်ငံများ ၊ တရုတ် ၊ ဖိလစ်ပိုင် တို့တွင် ရောဂါလက္ခာများစတင်တွေ့ရှိကြောင်းယနေ့သတင်းစာများတွင်ကြော်ငြာအပြီး နိုင်ငံတကာလေကြောင်း လိုင်းများသည် အဆိုပါ အီဗိုလာရောဂါအား စောင့်ကြည့်ဖြေရှင်းရန် အထူး ဆွေးနွေးပွဲများဖြင့် စတင်နေရပြီဖြစ်သည် ။
၎. မလေးရှားတွင် ကူးစက်နေပြီလား
---------------------------------------
မလေးရှားတွင်ရောဂါလက္ခဏာ တွေ့ရှိမှုမရှိသေးပါ ၊ သို့သော် မလေးရှားသည် အာဖရိက နိုင်ငံသား များ ဝင်ရောက်မှုများသောကြောင့် တွေ့ရှိလာပါက ဖြေရှင်းကိုင်တွယ်ရန် အသုံးအဆောင်များ ၊ လိုအပ်သော ကရိယာများကို ယခု ပြင်ဆင်ထားပြီဖြစ်ကြောင်း ယနေ့ည သတင်းများတွင် တင်ဆက်သွားခဲ့သည် ။
အီဗိုလာသည် နိုင်ငံခြားသိုကူးစက်နှုန်း အလွန်နည်းသည် ၊ သို့သော် ကူးပြီဆိုပါက ထိန်းချုပ်ရန် နည်းလမ်း မှာ အားလုံးပိတ်ဆို့ပစ်ရန်သာ ရှိတော့သည် ။ သို့ကြောင့် လုံးဝမကူးရန် ကာကွယ်ထားရန်ဖြစ်ပြီး လိုအပ်သည်များကို ဆောင်ရွက်ရန် နိုင်ငံတကာမြို့ပြ လေကြောင်း အဖွဲ့ချုပ် The International Civil Aviation Organization (ICAO) သည်လည်း ဆွေးနွေးဆောင်ရွက်နေရပြီဖြစ်သည် ။
၅. ရောဂါကူးစက်တဲ့ နိုင်ငံမှာ ဘာတွေဖြစ်နေပြီလဲ
------------------------------------------------------
Guinea, Liberia, Sierra Leone စသည့် အီဗိုလာ အဆိုးဆုံးကူးစက်ရာ ၃ နိုင်ငံတွင် ကျောင်းအားလုံး ပိတ်ပစ်ရပြီဖြစ်သည် ။
အဆိုပါနိုင်ငံ ၃ ခု၏ ဒေသ အချို့တွင် ရောဂါထိန်းချုပ်နိုင်မှု မရှိတော့ပဲ ဆိုးဝါးစွာကူးစက်ပြီနေပြီဖြစ်ကြောင်း သိရသည် ။ ရောဂါကူးစက်မှုသည် ထိန်းချုပ်ကိုင်တွယ်နိုင်သည့်အဆင့်တွင်မရှိတော့ပါ ။ အခြေအနေ အလွန်ဆိုးဝါးနေပြီဖြစ်ကြောင်း ယေနေ့ နိုင်ငံတကာသတင်းဌာနများကကြော်ငြာသည် ။
အခြေအနေ ကောင်းမလာပဲ ပိုမိုးဆိုးဝါးကာ ကူးစက်သူ ၂.၅ ဆနှုန်းဖြင့် တိုးပွာလာကြောင်း ကြောက်မက်ဖွယ်သိရှိခဲ့ကြရသည် ။
Sierra Leone နိုင်ငံရှိ အီဗိုလာရောဂါ အတွက် အထူးကုသနေရသော ထိပ်တန်း ဆရာဝန် တစ်ဦးသည်ယခု အီဗိုလာရောဂါကူးစက်ခံရကာ သေဆုံးခဲ့ပြီးဖြစ်သည် ။
အမေရိကန် နိုင်ငံသား ကနေဒါမှ အဆိုပါ ၃ နိုင်ငံသို့ ရောဂါကုပေးရန် လုပ်အားပေး သွားရောက်သော ဆရာဝန်တစ်ဦးသည်လည်း ယခုအခါ ရောဂါကူးစက်ခံနေရပြီဖြစ်ကြောင်းတွေ့ရှိသောအခါ အီဗိုလာသည် ကမ္ဘာကိုခြိမ်းခြောက်နေသော ဗိုင်းရပ် အဖြစ် သတ်မှတ်ရတော့သည် ။
အဆိုပါ နိုင်ငံ ၃ နိုင်ငံ၏ ရောဂါကူးစက်ပျံ့ပွားမှု ထိန်းချုပ်ရေးသည် ယနေ့ ကမ္ဘာအရေးဖြစ်လာခဲ့သည် ။
Liberia နိုင်ငံတွင်မူ ကျောင်းအားလုံး အကန့်အသတ်မရှိ ပိတ်ထားပြီး အစိုးရဝန်ထမ်းအားလုံး ခွင့် ရက် ၃၀ ပေးကာ လုပ်ငန်းအားလုံး ရပ်ဆိုင်းထားရပြီဖြစ်သည် ။
Togo အခြေစိုက် pan-African လေကြောင်းလိုင်းဖြစ်သော ASKY, လေကြောင်းလိုင်းသည် အဆိုပါ ၃ နိုင်ငံမှ အခြား နိုင်ငံ ၂၀ သို့ ပြေးဆွဲပျံသန်းနေသောလေကြောင်းဖြစ်ပြီး ယခု ASKY၏ လေကြောင်းအားလုံး ရပ်ဆိုင်းထားရပြီဖြစ်သည် ။
အသက် ၄၀ ရှိ Liberia နိုင်ငံသားတစ်ဦး Nigeria သို့သွားရောက် လည်ပတ်အပြီး သေဆုံးခဲ့ကာ အဆိုပါသေဆုံးမှုသည် အီဗိုလာဗိုင်းရပ်ကြောင့် ဖြစ်ကြောင်း အတည်ပြုအပြီး Nigeria နိုင်ငံတွင် ယခု စောင့်ကြည့်ကွပ်ကဲမှုများပြုလုပ်နေရပြီဖြစ်သည် ။
လေကြောင်းလိုင်းများသည် နိုင်ငံတကာသို့ရောဂါကူးစက်စေသော ရေသောက်မြစ်ဖြစ်လာသောအခါ IATA သည် လေကြောင်းလိုင်များအား ထိရောက်စွာ ထိန်းချုပ်သွားရန် ယခု စတင်ဆောင်ရွက်ပြီဖြစ်သည် ။
ယနေ့မှစတင်ပြီး နေ့စဉ်ရောဂါ ပျံနှုံမှုကို စောင့်ကြည့်ကာ ဖြစ်ပွားသည့် နေရာများသို့ ပျံသန်သောလေကြောင်းများကိုတားမြစ်သွားမည်ဖြစ်ကြောင်း နိုင်ငံတကာလေကြောင်းထိန်းချုပ်ရေးအေဂျင်စီ သည် ယနေ့ကြော်ငြာချက်ထုတ်ပြန်ခဲ့ရပြီဖြစ်သည် ။
----------------------------------------------------------
အထက်ပါအကြောင်းအရာများသည် EBOLA (အီဗိုလာဗိုင်းရပ်) အကြောင်း နှင့်လက်ရှိ နိုင်ငံတကာ အဖြေအနေဖြစ်ပြီး မြန်မာနိုင်ငံသားများအား သတိ ၊ အသိ ၊ ဗဟုသုတ ရစေရန် သတင်းဌာနများ ၊ ကျမ်းမာရေးဆိုင်ရာအင်တာနက်စာမျက်နှာများ နှင့် ဆရာဝန်မိတ်ဆွေများ၏ အကူအညီရယူကာ မလေးရှားရောက်မြန်မာများ သိရှိရန် ဘာသာပြန်တင်ဆက်ပေးခြင်းဖြစ်သည် ။
ဤဆောင်းပါးအားမည်သူမဆို ကူးယူနိုင်သလို မသိရှိသေးသည့် နီးစပ်ရာ သူငယ်ချင်း ၊ မိတ်ဆွေ အားလုံးသို့ ဆက်လက် လက်ဆင့်ကမ်း (SHARE) ကြရန် မလေးရှားရောက်မြန်မာများ facebook စာမျက်နှာမှ အထူး တိုက်တွန်းသည် ။
ဆက်လက် ထူးခြားမှုများရှိပါက တင်ဆက်မည်

WHO , AFP , CNN , THESTAR 

ခေါင်းဆောင်မှု











ခေါင်းဆောင်မှု အခန်းကဏ္ဍ တော်တော် အရေးပါတယ်။
ဦးသန်းရွှေကနေ ဦးသိန်းစိန် အပြောင်းမှာသိသိသာသာ
လွတ်လပ်ခွင့်တွေရလာတယ်။
ခေါင်းဆောင်က သဘောကောင်းလွန်းတော့စည်းကမ်းတွေ
ပိုပျက်လာတယ်။
ဒီမိုကရေစီရပြီဟဆိုပြီးကားတွေလမ်းပြောင်းပြန်မောင်းတယ်။
လိုင်စင်မပါတဲ့ ဆိုင်ကယ် လေးယောက်လောက်စီးတယ်။
ဒီမိုကရေစီနဲ့ပိုဝေးမယ့် အမူအကျင့်တွေကို အားရပါးရ လုပ်
နေကြတာ။
ဝန်ထမ်းတွေလည်း သမ္မတကို ပမာမခန့်ပဲ။သဘောကောင်း
တာသိသွားကြလို့။
ဆိုလိုချင်တာက ခေါင်းဆောင်ရဲ့စိတ်နေသဘောထားက
လူ့အဖွဲ့အစည်းကိုအများကြီး လွှမ်းမိုးတယ်။
မြန်မာနိုင်ငံနဲ့ ပျော့ပျောင်းလွန်းတဲ့ ခေါင်းဆောင် သိပ်
သဟဇာတ မဖြစ်သေးဘူး။
စည်းကမ်း လို့ပြောလိုက်ရင် တွန့်ဆုတ်သွားတတ်ကြ
တုန်းမို့လား။
ခပ်ကြမ်းကြမ်း ခေါင်းဆောင်တစ်ယောက် တက်လာပါ
စေလို့သဘောထားရအောင်ကလည်း အကြမ်းလွန်ပြီး
နောက်ပြန်လည်သွားနိုင်သေးတာကိုး။
သေချာတာကတော့ ကျနော်တို့တတွေလွတ်လပ်ခွင့်ကို
ကိုယ့်အသိနဲ့ကိုယ် တန်ဖိုးမထားတတ်သေးသမျှတော့
အဲဒီလွတ်လပ်ခွင့်တွေ မသေချာသေးဘူး။
ကျနော်တို့ သဘောထားတွေ အမူအကျင့်တွေ စိတ်ဓါတ်
တွေတိုးတက်လာမှဖြစ်မယ်။
ဦးသိန်းစိန်လို ခေါင်းဆောင်မျိုး စစ်တပ်ကနေ ပေါ်လာတာ
တိုင်းပြည်ကံကြမ္မ အလှည့်အပြောင်းပဲ။
တခြားတစ်ယောက်ဆိုဘယ်လိုနေမလဲ လူစားတွေထိုးပြီး
စဉ်းစားကြည့်သင့်တယ်။
ကျနော့် သဘော ကတော့ခေါင်းဆောင်တွေ သဘောသိပ်
မကောင်းစေချင်ဘူး။
လူထုကို စည်းကမ်းရှိအောင် ကိုးရီးယားတို့ စင်ကာပူတို့
လိုမောင်းသင့်တယ်။
စည်းကမ်း ပျက်နေရင် နိုင်ငံရေး မကောင်းနို င်ဘူး။ ဒီမို
ကရေစီမကလို့ ဟိုမိုခရေဇီလည်းမရဘူး။အရင်ဆုံးစည်း
ကမ်းလိုတယ်။
ဦးသိန်းစိန် ပဲ တစ်သက်လုံး အုပ်ချုပ်စေ ချင်တယ်လို့
မဆိုလို။ သဘောထား ပျော့ပျောင်းတဲ့ ခေါင်းဆောင်
ကို တန်ဖိုးမထားတတ်ဘူး။
ကျနော်တို့ကလည်း တိုးတက် မလာဘူးဆိုရင်သူ့ထက်
သဘောပိုကောင်းတဲ့ ခေါင်းဆောင်မျိုးရလာရင်တိုင်းပြည်
ပျက်ဖို့ပိုနီးစပ်ပြီ။
အင်မတန်သဘောထားဆိုးတဲ့ ဘီလူးဆိုင်းတီးပြီးထွက်
လာမယ့်ခေါင်းဆောင်တွေကို လက်ယပ်ခေါ်သလိုဖြစ်
မယ်။ပြင်ကြဖို့လိုပြီလို့ ပြောချင်တာ။ ။

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ