Thursday, February 19, 2015

ကိုးကန့်ဒေသအရေးအခင်းနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၏ ပြောကြားချက်

-၂၀၁၅ခုနှစ် ဖေဖော်ဝါရီ ၉ရက်နေ့မှာ ကိုးကန့်သောင်းကျန်းသူအဖွဲ့ရဲ့ဝင်ရောက် တိုက်ခိုက်မှုမှ တစ်ဆင့်ကိုးကန့်ဒေသတွင်းတည်ငြိမ်အေးချမ်းမှုပျက်ပြားကာ ပြည်သူများနေအိမ်စွန့်ခွာထွက်ပြေး ခဲ့ကြရပြီး ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခဲ့ကြတဲ့ တပ်မတော်သားများစွာနဲ့ ရဲတပ်ဖွဲ့ဝင်များကျဆုံး၊ ထိခိုက်ဒဏ်ရာရှရိမှုများဖြစ်ခဲ့ရပါတယ်။ 

- တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးတို့အတွက် ကြိုးပမ်းနေတဲ့ ယနေ့အချိန်အခါမျိုးမှာ ကိုးကန့်အရေးအခင်းဖြစ်ပေါ်လာခြင်း ဟာလွန်စွာဝမ်းနည်းဖွယ်ရာဖြစ်ပါတယ်။ဘယိုပဲဖြစ်ဖြစ်၊ မိမိအနေနဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးတို့အတွက် ဆက်လက် ဦးတည် ဆောင်ရွက်သွားမှာဖြစ်တယ်။ 

-ကိုးကန့်ဒေသစစ်ဆင်ရေးအတွင်း ကျဆုံးသွားတဲ့စစ်သည်များအားလုံးနဲ့ ကျန်ရစ်သူမိသားစုများ အတွက် လွန်စွာဝမ်းနည်းထိခိုက်ရသကဲ့သို့ ဒေသတွင်းပြည်သူများ အတိဒုက္ခရောက်မှုအတွက် လည်း စိတ်မကောင်းဖြစ်ရပါတယ်. 

-လောလောဆယ်အခြေအနေမှာ တည်ငြိမ်မှုပျက်ပြားသွားတဲ့ ကိုးကန့်ဒေသနဲ့ ဘ၀လုံခြုံမှု ကင်းမဲ့ သွားတဲ့ကိုးကန့်ဒေသပြည်သူများရဲ့ ပြန်လည်ထူထောင်ရေးအတွက်မိမိကိုယ်တိုင်အနေဖြင့် လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် ပါတီအကြီးအကဲတစ်ဦးအနေဖြင့်အစွမ်းကုန်ကြိုးစားဆောင်ရွက်သွား မှာဖြစ်တယ်။ 

Wednesday, February 18, 2015

လောက်ကိုင်တွင်ပြောက်ကျားတိုက်ခိုက်မှုများဆက်လက်ဖြစ်ပေါ်

 လောက်ကိုင်မြို့တွင် ဖေဖော်ဝါရီလ ၉ရက်နေ့က စတင်ပြီး ယခုအချိန်ထိ တိုက်ပွဲများဆက်လက်ဖြစ် ပေါ် နေပြီး  ဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်တိမ်းရှောင်အဖွဲ့နှင့်  မြန်မာ့တပ်မတော်တို့ ဆက်တိုက်တိုက်ပွဲ များဖြစ်ပေါ်နေပြီး ယခုလ၁၈ရက်နေ့မွန်းလွဲပိုင်းအထိ ပြောက်ကျားတိုက်ခိုင်မှုများဖြစ်ပေါ်နေကြောင်းသိရ သည်။
““လွန်ခဲ့တဲ့ တစ်နာရီစပြီးတိုက်နေတာခုထိပဲ။ ချင်းရွှေဟော်မြို့နယ်သုံးမိုင်နားမှာ တိုက်နေတာ။ မနေ့က တည်းက ချုံခိုတိုကိုင်နေကြတာ။ခုတောင်သေနတ်သံတွေကြားနေရတယ် ””ဟု သုံးမိုင်တွင်ရောက်ရှိ နေသော ပြည်ထောင်စုနေ့စဉ်သတင်းထောက်က ယနေ့ညနေ ၃နာရီတွင် သတင်းပေး ပို့သည်။ 
 ယမန်နေ့ကစစ်ဘေးရှောင်လာသော အရပ်သားနှစ်ဦးနှင့်တပ်မတော်သားငါးဦး အပစ်ခံရပြီး အရပ်သား တစ်ဦးသေဆုံးကာ ကျန်လူများမှာ ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း ယမန်နေ့ကအဖြစ်အပျက်ကို၎င်းက ဆက်ပြောသည်။
“အခုက ယူနီဖောင်းတွေဝတ်ပြီးတိုက်တာမဟုတ်ဘူး။ အရပ်ဝတ်တွေနဲ့တိုက်နေတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။
   လောက်ကိုင်တွင် စစ်ဘေးရှောက်ဒုက္ခသည်များ တစ်သုတ်ပြီးတစ်သုတ်ပြန်ဆင်းလာနေပြီး ၁၅ယောက် တစ်စု၊ အယောက်၂၀တစ်စုစသည်ဖြင့်လည်းကောင်း၊ ကူညီစောင့်ရှောက်ရေးအဖွဲ့များဖြင့်လည်းကောင်း၊ ဆက်တိုက်ဆင်းလာကြောင်း လောက်ကိုင်ဒေသခံများကဆိုသည်။
 “ယခုလ၁၁ရက်မှ ၁၇ရက်အထိကြက်ခြေနီတပ်ဖွဲ့ဝင်ပေါင်း၅၀ကျော်က မြို့နယ်အုပ်ချုပ်ရေးမှူး၊မြို့နယ်လူ မှုရေးအသင်းအဖွဲ့များနှင့်လက်တွဲကာ မော်တော်ယာဉ်များဖြင့်လောက်ကိုင်မှ ကွမ်းလုံ၊ကွမ်းလုံမှလားရှိုးမြို့ အထိယာဉ်ခေါက်ရေပေါင်း၃၀၊ စစ်ပြေးရှောင်ဒုက္ခသည်၃၁၆၃ဦး စစ်ဘေးတိမ်းရှောင်စဉ်ယာဉ်တိမ်းမှောက် မှုဖြစ်စဉ်နှစ်ခုမှ အရေးပေါ်လူနာ ၅၅ဦး၊ သေဆုံးသူ ၇ဦးအား ကယ်ဆယ်စုဆောင်းပေးခဲ့ပါတယ် ”ဟု ကွမ်းလုံမြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌကပြောသည်။
                                                                    ပြည်ထောင်စုနေ့စဉ်မှဖော်ပြသည်။

Tuesday, February 10, 2015

KIA, TNLA,MNDAA ပူးပေါင်းတပ်ဖွဲ့များကလောက်ကိုင်မြို့အားဝင်ရောက်တိုက်ခိုက်နေ


ဖေဖေါ်ဝါရီလ ၁၀ ရက်၊ ၂၀၁၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင် မြို့နယ်၌ ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းမှစ၍ပူးပေါင်းတပ်ဖွဲ့များမှ လောက်ကိုင် မြို့ ၏ အနောက်မြောက်ဘက်၊ အရှေ့မြောက်ဘက် နှင့် အနောက်တောင်ဘက်တို့အား ၀င်ရောက်တိုက်ခိုက်သောကြောင့် အစိုးရတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါပူးပေါင်းတပ်ဖွဲ့များတွင် ဖုန်ကြားရှင်၏ ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)၊ တအောင်းအမျိုးသား လွတ်မြောက် ရေး တပ်မတော် (TNLA) တို့ပါဝင်ကြောင်း TNLA ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က ပြောသည်။

“မနေ့က မနက်ပိုင်းလောက်မှာ စဖြစ်တာ။ သူတို့အဖွဲ့က မြို့ကို ၀င်တိုက်တာဖြစ်မယ်။ အစိုးရတပ်ရှိတဲ့နေရာကနေ စဖြစ်တာ။ နေရာတိုင်း မှာဖြစ်နေတာ။ သေနတ်သံတွေ တစ်နေကုန် ကြားနေရတယ်။ မြို့ကလူတွေလည်း အိမ်တွေ ပစ္စည်းတွေ ဒီအတိုင်းထားခဲ့ပြီး နယ်စပ်ထဲကို ခဏရှောင်နေကြရတယ်။ ဒီအဖွဲ့တွေက ဘယ်က ပြန်ပေါ်လာတာလဲမသိဘူး” ဟု လောက်ကိုင်မြို့ခံတစ်ဦးမှ ပြောသည်။

အဆိုပါ ဖုန်ကြားရှင်၏ ကိုးကန့်တပ်များသည် နယ်မြေမရှိသဖြင့် နယ်မြေရရှိရန် KIA နှင့် TNLA တပ်များနှင့် ပူးပေါင်းပြီး လောက်ကိုင်ဒေသရှိ အုပ်ချုပ်ရေးအဖွဲ့နှင့် အစိုးရတပ် အခြေစိုက်စခန်းများကို ရည်ရွယ်ချက်ရှိရှိဖြင့် ရုတ်တရက် နေရာအနှံ့အပြားမှ စတင်ဝင်ရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်းလောက်ကိုင်မြို့ အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးမှ ဆိုသည်။

“တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ထွေအုပ် အရာရှိတစ်ဦးနဲ့ ကျောင်းဆရာမ ၂ ဦးကို ဖမ်းသွားတယ်” ဟု လောက်ကိုင် ခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။

မကြာသေးခင်ကာလတွင် တရုတ်ကွန်မြူနစ်ပါတီ၏ Global Times သတင်းစာတွင် ပါရှိသော ဖုန်ကြားရှင်နှင့် အင်တာဗျူးတွင် ဖုန်ကြားရှင်အနေဖြင့် KIA အဖွဲ့နှင့် ပူးပေါင်းကာ ကိုးကန့်နယ်မြေ ကို ပြန်တိုက်မည်ဖြစ်ကြောင်း ပြောကြားထားသည်။

နိုင်ငံတော်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆောင်ရွက်နေ ချိန်တွင် ကိုးကန့်တိမ်းရှောင်အဖွဲ့၏ ရည်ရွယ်ချက်ရှိရှိဖြင့် လောက်ကိုင်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့များနှင့် တပ်မတော်
နေရာများအား ပစ်ခတ်ခြင်း၊ ချောင်းမြောင်းတိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ် ပွားနေမည်ကို စိုးရိမ်ကြောင်း လောက်ကိုင်မြို့ခံ တစ်ဦးမှ ပြောကြား သွားသည်။

Credit : ယန်ဝေလျှံ(လောက်ကိုင်)

အစိုးရတပ်မတော်နှင့် ဖုန်ကြားရှင်တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား

တစ်ကျော့ပြန်လက်နက်ကိုင်လာသော ဖုန်ကြားရှင်၏ ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် မြန်မာ့တပ်မတော်တို့ကြား ဖေဖော်ဝါရီ ၉ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာ့တပ်မတော်နှင့် ဖုန်ကြားရှင်အဖွဲ့တို့ကြား လောက်ကိုင်မြို့ အနောက်မြောက်ဘက် ညံခွမ်းကျေးရွာ အရှေ့မြောက်ဘက်တွင် နှစ်ကြိမ်၊ လောက်ကိုင်မြို့ အနောက်တောင်ဘက် တောက်ရွှေကျေးရွာအနီးတွင် တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။
ထို့အပြင် မော်ထိုက်မြို့အနီး နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်မတော်စခန်းကို ကိုးကန့်တိမ်းရှောင်အဖွဲ့မှ အင်အားစုအချို့သည် လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရသည်ဟုလည်း ဖော်ပြပါရှိသည်။
ဖုန်ကြားရှင်အဖွဲ့မှာ နယ်မြေမရှိသဖြင့် နယ်မြေရရှိရန် တပ်မတော် အခြေစိုက်စခန်းကို လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း မြန်မာ့တပ်မတော်မှ သတင်းရရှိသည်။
‘‘တိုက်ပွဲက လောက်ကိုင်နဲ့တော့ ဝေးပါတယ်။ သတင်းတွေက ကောလာဟလတွေများနေတယ်’’ဟု လောက်ကိုင်မြို့၊ ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးကျော်နီနိုင်က ပြောကြားသည်။
တိုက်ပွဲ ဖြစ်ပွားစဉ်အတွင်း  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိတစ်ဦးကို ဖုန်ကြားရှင်အဖွဲ့က ဖမ်းဆီးသွားခဲ့သော်လည်း ညနေတွင် ပြန်လည်လွတ်မြောက်လာကြောင်း လောက်ကိုင်ခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက အတည်ပြုသည်။
ထို့အပြင်တိုက်ပွဲဖြစ်ပွားရာ ဒေသတွင် တာဝန်ထမ်းဆောင်နေသော ကျောင်းဆရာမ နှစ်ဦး အဖမ်းခံထားရပြီး ဒေသတွင်း ပြည်သူ့စစ်၏ လက်နက်များကို ဖုန်ကြားရှင်အဖွဲ့က သိမ်းလိုက်ကြောင်း လောက်ကိုင်မြို့မှ ပညာရေးဝန်ထမ်းတစ်ဦး၏အစ်ကိုဖြစ်သူ လားရှိုးမြို့ခံတစ်ဦးကပြောသည်။
တိုက်ပွဲ ဖြစ်ပွားမှုကြောင့် မြန်မာ့တပ်မတော်ဘက်မှ အရာရှိတစ်ဦးကျဆုံးခဲ့သည်ဟု သတင်းများထွက်ပေါ်နေပြီး ဖုန်ကြားရှင်တပ်ဖွဲ့မှ လက်နက်များ သိမ်းဆည်းရမိကြောင်း သတင်းရရှိ သည်။
ဖုန်ကြားရှင်အဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားစဉ် မြန်မာ့တပ်မတော်ကသိမ်းဆည်းရရှိခဲ့သော လက်နက်ငယ်များနှင့် ပတ်သက်၍ ‘‘M 22 တရုတ်လုပ်ပါ။ KIA ပလောင်၊ ကိုးကန့်၊ ၀ ကိုင်ပါတယ်။ AK 47 ကို အခြေခံထုတ်လုပ်တယ်။  ၅ ဒသမ ၅၆ မီလီမီတာကျည်ဆန်နဲ့ ပစ်လို့ရပါတယ်’’ဟု မြန်မာ့ တပ်မတော် အရာရှိတစ်ဦးက ပြောသည်။
ဖုန်ကြားရှင်ဦးဆောင်သည့် MNDDA (မြန်မာ့ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်)ကို ၂၀၀၉ စက်တင်ဘာတွင် မြန်မာအစိုးရက မူးယစ်ဆေးဝါးနှင့် စိတ်ကြွရူးသွပ်ဆေးများ ထုတ်လုပ်နေသည်ဟုဆိုကာ ၀င်ရောက်ရှာဖွေဖမ်းဆီးစဉ် ခုခံသဖြင့် မြန်မာ့တပ်မတော်က တိုက်ခိုက်ဖြိုခွင်းခဲ့ရာ ကိုးကန့်ခေါင်းဆောင်ဟောင်းမှာ ထွက်ပြေးသွားခဲ့ရပြီး ‘‘၀’’ ဒေသတွင်း ခိုလှုံခဲ့သည်မှာ ငါးနှစ်တိုင်ခဲ့ပြီဖြစ်သည်။
တရုတ်ကွန်မြူနစ်ပါတီ အာဘော်ဖြစ်သော Global Times သတင်းစာတွင် ပါရှိသော ဖုန်ကြားရှင်နှင့် အင်တာဗျူးတွင် ဖုန်ကြားရှင်အနေဖြင့် ကေအိုင်အိုအဖွဲ့နှင့်  ပေါင်းကာ ကိုးကန့်နယ်မြေကိုပြန်တိုက်မည်အကြောင်း ပြောကြားထားသည်။
ဖုန်ကြားရှင်၏ MNDAA ဘက်ကလည်း ဖေဖော်ဝါရီ ၉ ရက်ညတွင် ကြေညာချက်တစ်စောင် ထုတ်ပြန်သည်။ ၎င်းတို့၏ နယ်မြေဖြစ်သော ရှမ်းပြည်နယ် မြောက်ပိုင်းအထူးဒေသ (၁)ကို မြန်မာအစိုးရက ၂၀၀၉ တွင် သိမ်းပိုက်လိုက်သောကြောင့် ကိုးကန့် တိုင်းရင်းသားများ၏ ငြိမ်းချမ်းရေး၊ တန်းတူရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကိုယ်ပိုင်ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်တော်လှန်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ၎င်းတို့နှင့် မျိုးနွယ်တူသည့် တရုတ်လူမျိုးများနှင့် ၎င်းတို့ကို ထောက်ခံသည့် တိုင်းရင်းသားအဖွဲ့အစည်းများက ကူညီထောက်ပံ့ပေးရန် မေတ္တာရပ်ခံထားသည်ကို တွေ့ရသည်။
7Day

ကျောင်းသား သပိတ်များ ရပ်တန့်ရန် အစိုးရ ကြေညာချက်ထုတ်


အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင် တွေ့ဆုံရန် သပိတ်မှောက် ကျောင်းသားများနှင့် အစိုးရကြား သဘောတူညီ ချက် ပြန်လည်ရရှိပြီးနောက် အစိုးရဘက်က ကျောင်းသားသပိတ်များကို ရပ်တန့်ရန် ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
ကြေညာချက်တွင် ကျောင်းသားများ တောင်းဆိုသော အချက် ၁၁ ချက်ကို အခြေခံပြီး ကျင်းပမည့် လေးပွင့်ဆိုင် ဆွေးနွေးမှုအတွက် အကြိုဆွေးနွေးပွဲတရပ်ကို ဖေဖော်ဝါရီ ၉ ရက်က ဆွေးနွေးခဲ့ကြောင်း၊ လေးပွင့်ဆိုင် ဆွေးနွေးမှုမှ ရရှိသည့် သဘောတူညီချက် များကို ပညာရေး ၀န်ကြီးဌာနမှ လွှတ်တော်သို့ ပြန်လည်တင်ပြမည့် ဥပဒေမူကြမ်းတွင် ထည့်သွင်းပေးသွားမည် ဖြစ်ကြောင်း ဖော်ပြ ထားသည်။
ထို့နောက် ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၈ ရက် နေပြည်တော်တွင် အစိုးရနှင့် သပိတ်မှောက် ကျောင်းသား ကိုယ် စားလှယ်များ တွေ့ဆုံမှုတွင် ကတိပေးထားသည့်အတိုင်း ဆန္ဒပြမှုများကို ရပ်ဆိုင်းပေးရန်လည်း အစိုးရ ကြေညာချက်၌ တိုက်တွန်းထားသည်။
“လေးပွင့်ဆိုင် ဆွေးနွေးပွဲကနေ အချက် ၁၁ ချက်မှာ ဘယ်နှချက် သဘောတူညီချက် ရမလဲ မသိဘဲ ကျနော်တို့ကို သပိတ်ရပ်ခိုင်း တယ်။ မနေ့က အကြိုဆွေးနွေးပွဲမှာလည်း ကျောင်းသားသပိတ်ရပ်ရေးနဲ့ ပတ်သက်ပြီး ဘာမှ ဆွေးနွေးသဘောတူထားတာ မရှိပါဘူး။ ကျနော်တို့ကတော့ ကျနော်တို့ တောင်းဆိုချက် အပြည့်မရမခြင်း သပိတ်မရပ်ပါဘူး”ဟု ဒီမိုကရေစီ ပညာရေး ဦးဆောင်လှုပ် ရှားမှု ကော်မတီဝင် ကိုနန္ဒစစ်အောင်က ပြောသည်။
ဖေဖော်ဝါရီလ ၃ ရက်က နေပြည်တော် တွေ့ဆုံမှုပြီးနောက် ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်သည့် ကျောင်းသား၊ ပညာ ရေး စနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER)၊ လွှတ်တော်၊ အစိုးရ ပါဝင်သည့် လေးပွင့်ဆိုင် ဆွေးနွေးပွဲ ပြန်လည် လုပ်ဆောင်နိုင်ရန် ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ စိန်ရတု ခန်းမတွင် အကြိုဆွေးနွေးခဲ့ကြောင်း၊ လေးပွင့်ဆိုင်ဆွေးနွေးပွဲ ပြုလုပ်သည့်အခါ မည်သည့်အစီအစဉ်မျိုး ဆောင်ရွက်မည်၊ မည်သူများ ဆွေးနွေးမည် ဆိုသည့် ဆွေးနွေးပွဲ အစီအစဉ်ကို ညှိနှိုင်း သည့် သဘောသာ ဖြစ်ကြောင်း ဆိုသည်။
မန္တလေးမှ ရန်ကုန်ကို ချီတက်နေသည့် ပင်မ သပိတ်လမ်းကြောင်းသည် ယနေ့ဆိုလျှင် ပြည်မြို့တွင် လှည့်လည် ဆန္ဒပြနေပြီး ပြည်မြို့တွင်ပင် တရက် ဆက်နားမည်ဟု သိရသည်။
မုံရွာ၊ ပခုက္ကူ၊ မကွေး၊ ချောက်၊ ရေနံချောင်းမှ စုပေါင်းပြီး ထွက်ပေါ်လာသည့် မြေလတ်ကျောင်းသားများ သပိတ်သည် ယနေ့တွင် ပြည်မြို့ကို ကားဖြင့် တက်လာမည် ဖြစ်ပြီး ညပိုင်း၌ ပြည်မြို့ရှိ ဘုန်းကြီးကျောင်း တခုတွင် အနားယူမည် ဖြစ်သည်။
ယင်းမြေလတ်ကျောင်းသားများ သပိတ်သည် ပြည်မြို့တွင် ရောက်ရှိနေသည့် ပင်မသပိတ်နှင့် ပူးပေါင်းချီတက်မည် မဟုတ်ဘဲ ပြည်မြို့မှ တဆင့် မော်လမြိုင်ကို ဆက်လက်ထွက်ခွာမည် ဖြစ်ပြီး မော်လမြိုင်တွင် လှည့်လည်ဆန္ဒပြနေသည့် မွန်၊ ထားဝယ် ကျောင်း သား သပိတ်နှင့် ပူးပေါင်းမည် ဖြစ်ကြောင်း မုံရွာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ ကိုဝေမိုးနိုင်က ပြောသည်။
အလားတူ ဧရာဝတီ ကျောင်းသားများ သပိတ်လမ်းကြောင်းသည် ယနေ့တွင် မအူပင်တက္ကသိုလ်၊ မအူပင်မြို့တွင်းသို့ လှည့်လည် ဆန္ဒပြနေပြီး မအူပင်မြို့တွင်ပင် ဆက်လက်နားမည် ဖြစ်သည်ဟု ဆိုသည်။
မကြာခင် ရန်ကုန်မြို့တွင် ပူးပေါင်းရန် စီစဉ်ထားသည့် မန္တလေးမှ ရန်ကုန်ကို ချီတက်နေသည့် ပင်မကျောင်းသားသပိတ်၊ ဧရာဝတီ ကျောင်းသားသပိတ်နှင့် မော်လမြိုင်တွင် စုပေါင်းထွက်ပေါ်လာမည့် ကျောင်းသားသပိတ် သုံးခုသည် ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ပိုင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် လေးပွင့်ဆိုင် ဆွေးနွေးမည့် ရက် အတွက် တရက်တာ သပိတ်ကို ရပ်နားမည် ဖြစ်ကြောင်း သိရသည်။


ယင်းကျောင်းသား သပိတ်လမ်းကြောင်းများ အားလုံးကို ရန်ကုန်မြို့ အ၀င်တွင် တားမြစ်ပိတ်ပင်ရန် ရန်ကုန်တိုင်း အစိုးရက အစီ အစဉ် များ ပြုလုပ်ထားသည်။
ဧရာဝတီ

ပညာရေးအတွက် လေးပွင့်ဆိုင်ဆွေးနွေးပွဲ ရန်ကုန်တွင် ပြန်စမည်


ဖေဖော်ဝါရီလ ၃ ရက်က နေပြည်တော်တွင် ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းခဲ့သည့် ပညာရေး လေးပွင့်ဆိုင် ဆွေးနွေးပွဲကို လာမည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတွင် ဆက်လက် ဆွေးနွေးမည် ဖြစ်ကြောင်း ယနေ့ ဆွေးနွေးပွဲ ဆုံးဖြတ်ချက်အရ သဘောတူလိုက်သည်ဟု သိရသည်။
အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး လေးပွင့်ဆိုင် ဆက်လက် ဆွေးနွေးနိုင်ရန် ယနေ့ ညနေပိုင်း၌ ရန်ကုန်မြို့ရှိ တက္ကသိုလ် စိန်ရတုခန်းမတွင် သပိတ်မှောက် ကျောင်းသား ကိုယ်စားလှယ် ၃ ဦး၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) ကိုယ်စားလှယ် ၂ ဦး၊ ပညာရေး ၀န်ကြီးဌာန ဒု ၀န်ကြီး ဦးသန့်ရှင်း၊ ပညာရေး တက္ကသိုလ် ပါမောက္ခ ဒေါက်တာ အောင်မင်းနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်းတို့ အကြိုတွေ့ဆုံရာတွင် ယင်းသို့ သဘောတူလိုက်ခြင်း ဖြစ်သည်။
ဖေဖော်ဝါရီ ၁ ရက်က ရန်ကုန်မြို့၊ စိန်ရတု ခန်းမတွင် ပြုလုပ်ခဲ့သော လေးပွင့်ဆိုင် တွေ့ဆုံမှုတွင် ကျောင်းသားများ တောင်းဆိုသည့် အချက် ၉ ချက်ထဲမှ နှစ်ချက် ကျန်ရှိနေပြီး ကျန်ရှိနေသေးသည့် အချက် ၂ ချက် အပါအ၀င် အမျိုးသား ပညာရေး ဥပဒေတွင် ပြင်ဆင်ရန် တောင်းဆိုထားသည့် ၁၁ ချက်ကို ဆက်လက်ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁ ရက်နေ့ ဆွေးနွေးပွဲ၌ ပညာရေး သပိတ်တွင် ပါဝင်သူ မည်သူ့ကိုမျှ သပိတ်နှင့် ပတ်သက်ပြီး အရေးယူခြင်း မပြုရန် ဆိုသည့်အချက်ကို အစိုးရဘက်က လုံးဝ သဘောမတူခဲ့ပေ။
ယနေ့ ဆွေးနွေးပွဲသို့ တတ်ရောက်ခဲ့သည့် NNER ကိုယ်စားလှယ် တဦးဖြစ်သည့် ဒေါက်တာသိန်းလွင်က “ကျောင်းသားတွေဘက်က ပညာရေး ဥပဒေကို ပြင်ဆင်ဖို့ တောင်းဆိုနေစဉ်မှာ ဖမ်းဆီးတာတွေ၊ တားဆီးတာတွေ မလုပ်ဖို့ တင်ပြကြတယ်။ နယ်/လုံ ၀န်ကြီးကလည်း ရန်ကုန်မှာ အလုပ်သမား ဆန္ဒပြမှုတွေ၊ ကုန်ဈေးနှုန်း မြှင့်မှုတွေ ဖြစ်နေတဲ့အတွက် ကျောင်းသားတွေကို ရန်ကုန် မတက်လာစေချင်ဘူး။ အလုပ်သမားတွေနဲ့ ကျောင်းသားကိစ္စတွေ အားလုံးရှုပ်ကုန်ရင် ထိန်းချုပ်ဖို့ မလွယ်ဘူးလို့ ပြောတယ်” ဟု ပြောဆိုသည်။
အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက် ဆန္ဒပြနေသည့် သပိတ်မှောက် ကျောင်းသားများကို ရန်ကုန်တိုင်း အတွင်းသို့ မ၀င်စေလိုကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားခဲ့ကြောင်း သိရသည်။
အစိုးရပိုင်းမှ ပြုပြင်ရေးဆွဲမည့် ဥပဒေမူကြမ်း ရရှိမှသာ ကျောင်းသားများ လိုလားသည့် အချက်များကို ပြင်ဆင်ရန် အစိုးရပိုင်းမှ တင်ပြခဲ့သည့်အတွက် ကျောင်းသားများ တောင်းဆိုချက်နှင့် ဆန့်ကျင်နေသည့်အတွက်  ယင်းအချက်ကိုလည်း ထပ်မံ ဆွေးနွေးရမည် ဖြစ်ကြောင်း သိရသည်။
ဧရာဝတီ

Thursday, February 5, 2015

ရေနဲ့မောင်းမယ့် Mercedes-Benz Ener-G-Force


ဂျာမနီ Mercedes မှ ရေနဲ့မောင်းမယ့် Concept ကားတစ်စီးကို လော့အိမ်ဂျ လစ် မော်တော်ယာဉ် ပြပွဲမှာ ဝင်ရောက် ပြသ သွားခဲ့ပါတယ်။


တကယ်ထူးထူးခြားခြားပါပဲ။ ရေနဲ့မောင်းမယ်ဆိုတော့ ကားရဲ့ လုပ်ဆောင်ချက်က ဘယ်လိုလည်းလို့ အများက စိတ်ဝင်စားကြပါတယ်။ အသုံးပြုတဲ့ အင်ဂျင်က hydro-tech converter ဖြစ်ပါတယ်။ ရေထဲမှာ ဟိုက်ဒရိုဂျင်ကို ထုတ်ယူပြီး ပါဝါဆဲလ်အဖြစ် ဖန်တီးလို့ ကားကို မောင်းပေး မှာ ဖြစ်ပါတယ်။ ဒီတော့ အိတ်ဇောပိုက်မှာ ထွက်မယ့် အငွေ့က ကာဘွန်ဒိုင် အောက်ဆိုက်မဟုတ်ပဲ ရေငွေ့များ ဖြစ်မှာ ဖြစ်ပါတယ်။

ဟိုးယခင်အချိန်ခါက ရေနွေးငွေ့ အင်ဂျင်လိုလည် မဟုတ်ပါဘူး။ ရေနွေးငွေ့ အင်ဂျင်တုန်းက ရေနွေးငွေ့ဖိအား-Pressure အသုံးပြုမှုကို အခြေခံတာ ဖြစ် ပါတယ်။ ယခု ဟိုက်ဒရိုဂျင်ပြောင်းလဲ အင်ဂျင်ကတော့ ဟိုက်ဒရိုဂျင် ကို လောင်စာအဖြစ်အသုံးပြုပြီး သာမန် လောင်စာဆီ အင်ဂျင် ပေါက်ကွဲမှု လိုမျိုး စွမ်းအင် ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။

ဂျာမနီ ကုမ္မဏီ တစ်ခုအနေနဲ့ ကမ္ဘာ့ပထမဆုံး ဖန်တီးလိုက်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဆီလျော်တဲ့ ပထမဆုံး ရေအင်ဂျင် ဖြစ်ပါတယ်။ G-Force က လေးဘီးမောင်းစနစ်သုံး SUV ကားကြီး ဖြစ်ပါတယ်။ သာမန် ထုတ်လုပ်နေကျ SUV တွေထွက် ပိုမြန်ဆန်မှာမို့ G-Force ဆိုတဲ့ နာမည် ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

Concept အဆင့်ရှိ ကား Mercedes-Benz Ener-G-Force ကို မကြာမီ နှစ်များအတွင်း ထုတ်လုပ်ရောင်းချနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ 
--
Ref: autoblog
Aung Kham (ရိုးရာလေး)

ဖေ့စ်ဘွတ်စ်တွင် နာမည်ကြီးခဲ့သည့် တယ်လီနော သရုပ်ဆောင်ကလေးအား အနုပညာကြေးပြန်ပေး

  တယ်လီနောကြော်ငြာ ဆိုင်းဘုတ်တွင် ပါဝင်ခဲ့သည့် မိန်းကလေးငယ်မှာ သရုပ်ဆောင်ကြေးအဖြစ် ကျပ်သုံးထောင်သာရခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက် တယ်လီနောကုမ္ပဏီက သရုပ်ဆောင်ကြေး ထပ်မံ ပေးအပ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံဆရာနှင့် ညှိနှိုင်းပြီး ဆောင်ရွက်ရန် ထပ်မံအသိပေးခဲ့ပြီး ဈေးကွက်စံနှုန်းများအတိုင်း သရုပ်ဆောင်ကြေး ပေးပြီးဖြစ်ကြောင်း တယ်လီနောမြန်မာက သတင်း ထုတ်ပြန်သည်။
‘‘တယ်လီနောက အေဂျင်စီကိုငှားတယ်။ အေဂျင်စီက ဓာတ်ပုံဆရာကို ငှားပြီး ကြော်ငြာအတွက် ဓာတ်ပုံရိုက်ခိုင်းပြီး အသုံးပြုခွင့် လက်မှတ်ထိုးပြီး ၀ယ်လိုက်တယ်။ အခုကိစ္စနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂ ရက်နေ့က ကလေးဆီကို သရုပ်ဆောင်ခအနေနဲ့ ချီးမြှင့် ငွေသွားပေးပြီးပြီလို့ သိရပါတယ်’’ဟု တယ်လီနောမြန်မာ ပြန်ကြားရေး တာဝန်ခံတစ်ဦးက ပြောသည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ကြော်ငြာထဲတွင် ပါဝင်ခဲ့သည့် စစ်ကိုင်းမြို့ မင်းကွန်းဒေသမှ မိန်းကလေးငယ် (လှိုင်ယမင်း)၏ မိဘများကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ဓာတ်ပုံဆရာသည် ကလေး ခုနစ်ဦးအား ဓာတ်ပုံရိုက်၍ တစ်ဦးလျှင် ငွေကျပ် သုံးထောင်စီပေးခဲ့ကာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တိုင်ကပ်နာရီတစ်လုံးနှင့် ယခုလ ၂ ရက်မှသာ ချီးမြှင့်ငွေကျပ် တစ်သိန်းခွဲ လာ၍ ပေးခဲ့ကြောင်း သတင်းရရှိသည်။
‘‘ဓာတ်ပုံရိုက်တုန်းက ကလေးခုနစ်ယောက်ကို ရိုက်ပြီးတော့ တစ်ယောက်ကို သုံးထောင်စီပဲ ပေးသွားတယ်။ တိုင်ကပ်နာရီတစ်လုံး လာပေးသေးတယ်။ ပြီးခဲ့တဲ့ ၂ ရက်နေ့ကမှ တစ်သိန်းခွဲ ထပ်လာပေးတယ်’’ဟု လှိုင်ယမင်း၏ ဖခင် ဦးနန်းအောင်က ပြောသည်။
 တယ်လီနော ကြော်ငြာထဲတွင် ပါဝင်သည့် အသက် (၁၄) နှစ် အရွယ် လှိုင်ယမင်း၏ ဓာတ်ပုံမှာ ၂၀၁၄ ဧပြီကတည်းက ရိုက်ကူးခဲ့သည့် ပုံဖြစ်ပြီး ဓာတ်ပုံကို သုံး ဖြစ်၊ မသုံးဖြစ် မသေချာသေးချိန်၌ ကြော်ငြာအတွက် သင့်လျော်သော ပုံရိပ်များရရှိနိုင်ရန် စုဆောင်းမှုအဖြစ် နိုင်ငံတစ်ဝန်းသို့ လှည့်၍ ရိုက်ကူးခဲ့ခြင်းကြောင့် သရုပ်ဆောင်ခ အများအပြား မပေးနိုင်ခဲ့ကြောင်း ရိုက်ကူးခဲ့သည့် ဓာတ်ပုံဆရာ ကိုကျော်ကျော်ဝင်းက ၎င်း၏ Facebook စာမျက်နှာတွင် ၀န်ခံပြောကြားသည်။
‘‘လူတွေ အများကြီးကို တစ်နိုင်ငံလုံးမှာ လှည့်ပြီး ဓာတ်ပုံရိုက်ခဲ့ရတဲ့အတွက် သရုပ်ဆောင်ခကို အများကြီးမပေးနိုင်ခဲ့ဘူးဆိုတာ ၀န်ခံပါတယ်။ ပုံတွေထဲက အဆင်ပြေတဲ့ပုံကို တယ်လီဖုန်းလိုင်း ကြော်ငြာမှာ သုံးမယ်ဆိုတာလည်း ပြောပြခဲ့ပါတယ်။ အခု တယ်လီနောအတွက် ရွေးချယ်ခဲ့တဲ့အတွက် ကြော်ငြာလုပ်ငန်းနဲ့ တိုင်ပင်ပြီး ချီးမြှင့်ငွေထပ်ပေးခဲ့တာပါ’’ဟု ဓာတ်ပုံဆရာ ကိုကျော်ကျော်ဝင်းက ၎င်း၏ Facebook စာမျက်နှာတွင် ပြောကြားထားသည်။
7Day

ဧရာဝတီ သပိတ်မှောက် ကျောင်းသားများအား ပြန်လည်ခေါ်ယူရန် မိဘများကို တိုင်းဝန်ကြီးချုပ် ပြော


ဧရာဝတီတိုင်း ကျောင်းသားသပိတ်တွင် လိုက်ပါနေသည့် ကျောင်းသား၊ ကျောင်းသူများကို ပြန်လည်ခေါ်ယူရန် ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင်က ကျောင်းသားမိဘများကို ယနေ့ နံနက်ပိုင်းက ဧရာဝတီတိုင်း အစိုးရရုံးတွင် ခေါ်ယူတွေ့ဆုံ ပြောကြား ကြောင်း သိရသည်။
“၀န်ကြီးချုပ်က သူ့တိုင်းထဲမှာ အကြမ်းဖက်လုပ်တာတွေ မလုပ်ဘူး။ ကျောင်းသားတွေရဲ့ သွေး မြေမကျစေရပါဘူးလို့ ပြောတယ်။ ကျောင်းသားမိဘတွေ အနေနဲ့လည်း ကိုယ့်သားသမီးကို အိမ်ပြန်ခေါ်ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးပါလို့ ပြောတယ်”ဟု ၀န်ကြီး ချုပ် ဦးသိန်းအောင်နှင့် တွေ့ဆုံခဲ့သည့် အမည် အဖော်လိုသော ကျောင်းသားမိဘ တဦးက ပြောပြသည်။
တွေ့ဆုံပွဲသို့ မသွားရောက်နိုင်သည့် မိဘများကိုလည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများက ဖုန်းနှင့် ဆက်သွယ်၍ မိမိ သားသမီးများကို အိမ်ပြန်ခေါ်ရန် အသိပေးပြောဆိုကြောင်း ဧရာဝတီ ကျောင်းသားသပိတ်တွင် ပါဝင်လှုပ်ရှားနေသည့် ကျောင်းသားတဦးက လည်း ပြောသည်။
“မနက်က မြို့နယ်မှူးက အမေတို့ကို ဖုန်းဆက်တယ်။ ကိုယ့်သားသမီးကို ပြန်ခေါ်ပြီး ထိန်းသိမ်းထားပါလို့ ပြောတယ်။ မနက်က ဖုန်း ဆက်တော့ အကိုက ကျနော့်ကို ကိုယ့်တာဝန်ကိုယ် ယူနိုင်ရင် ဆက်လုပ်လို့ ပြောတယ်။ ကျနော့်အနေနဲ့ တောင်းဆိုချက်တွေ ပြည့် စုံတဲ့အထိ တာဝန်ယူသွားမယ်”ဟု နည်းပညာ တက္ကသိုလ် (ပုသိမ်မြို့)မှ စတုတ္တနှစ် ကျောင်းသား မောင်ကျော်အောင်ဇင်လတ် က ပြောဆိုသည်။
ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ပေါ်လာသည့် ကျောင်းသားသပိတ်သည် ဇန်န၀ါရီလ ၃၀ ရက်က ပုသိမ် တက္ကသိုလ်မှ စတင်ခဲ့ပြီး ပုသိမ်-ကန်ကြီးထောင့်-ဒါးက-ကျောင်းကုန်းအထိ ၅ ရက်ကြာ လမ်းလျှောက်ချီတက်ခဲ့သည်။ ယင်းသပိတ်တွင် ကျောင်းသား ၁၀၀ နီးပါး ပါဝင်ကြောင်း သိရသည်။
ယမန်နေ့ညက ကျောင်းကုန်းမြို့တွင် ညအိပ်ရပ်နားခဲ့ပြီး ကျောင်းကုန်းအရောက်တွင် သပိတ်မှောက် ကျောင်းသားများကို ကျောင်း ကုန်းမြို့နယ်မှူးက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်နှင့် ပတ်သက်၍ ခွင့်ပြုချက်ရယူရန် အသိပေးပြောကြားခဲ့သည်ဟု ဆိုသည်။


ဧရာဝတီ ကျောင်းသားသပိတ်သည် ကျောင်းကုန်းမှ အင်းမ၊ ပန်းတနော်၊ မအူပင်၊ ကျိုက်လတ်၊ ဖျာပုံ၊ ဒေးဒရဲ၊ ကော့မှူး၊ ရန်ကုန် အထိ ချီတက်ကြမည် ဖြစ်ကြောင်း၊ ယင်းသပိတ်မှောက် ကျောင်းသားများသည် ယနေ့ည ပန်းတနော်တွင် ညအိပ်ရပ်နားရန် စီစဉ် ထားကြောင်း သိရသည်။
ဧရာဝတီ

တစ်နေ့အိပ်ချိန်ဘယ်လောက်လိုသလဲ

အိပ်စက်ခြင်းသည် ချမ်းသာခြင်းတစ်မျိုးပင်ဖြစ်သည်။ လူ အတော်များများသည် မိမိကိုယ်ကိုယ်အိပ်ရေးမဝသူများဟု ခံစားရလေ့ရှိ၏။

အမေရိကန်နိုင်ငံမှ အမျိုးသားအိပ်စက်ခြင်းဆိုင်ရာဖောင်ဒေးရှင်းမှ ပညာရှင်များသည် အသက် အရွယ်အလိုက်အိပ်ချိန်မည်မျှရှိ သင့်သည်ဆိုသည်ကို မကြာသေးမီ ရက်ပိုင်းကထုတ်ပြန်ခဲ့သည်။ ထို အိပ်ချိန်များတွင် ၎င်းတို့က အသက်အလိုက် မွေးကင်းစမှ အသက်အရွယ်ကြီးသူအထိ မည်မျှစီရှိသင့်သည်ဆိုသည် ပြောထားသည်။
အဆိုပါဇယားအရ
မွေးစမှသုံးလအထိ ၁၄ နာရီမှ ၁၇ နာရီ
လေးလမှ ၁၁ လအထိ ၁၂ နာရီမှ ၁၅ နာရီ
တစ်နှစ်မှ (၂)နှစ်အထိ ၁၁ နာရီ မှ ၁၄ နာရီ
- (၃)နှစ်မှ (၅)နှစ်အထိ ၁၀ နာရီမှ ၁၃ နာရီ
- (၆)နှစ်မှ (၁၃) နှစ်အထိ ကိုး နာရီမှ ၁၁ နာရီ
- (၁၄) နှစ်မှ (၁၇) နှစ်အထိ ရှစ် နာရီမှ ၁၀ နာရီ
- (၁၈) နှစ်မှ (၂၅) နှစ်အထိ ခုနစ် နာရီမှကိုးနာရီ
- (၂၆) နှစ်ကနေ (၆၄) နှစ်အထိ ခုနစ် နာရီမှ ကိုးနာရီ
- (၆၅) နှစ်အထက် ခုနစ် နာရီမှ ရှစ် နာရီရှိရမည်ဟုဆိုသည်။
‘‘အိပ်ချိန်အရမ်းနည်းတာနဲ့ အရမ်းများတာဟာ သေနှုန်းနဲ့ လည်းဆက်စပ်ပတ်သက်နေပါတယ်။ တခြားကျန်းမာရေးပြဿနာတွေနဲ့လည်းပတ်သက်ပါတယ်။ နှလုံးရောဂါ၊ ကင်ဆာနဲ့ ခန္ဓာကိုယ်သန်စွမ်းမှုကလည်း အိပ်ရေးနဲ့ဆက်စပ်နေပါတယ်’’ဟု စတွန်နီဘရုတ်ခ်တက္ကသိုလ်မှ ကျန်းမာရေးဌာနတွဲဖက်ပါမောက္ခလောရန်းဟေးလ်က ပြောသည်။
သို့သော်လည်း လူတစ်ဦးချင်းဆီသည် နည်းနည်းတော့ ကွာခြားမှုရှိနိုင်ပါသည်။ ယခုတင်ပြထားသော အိပ်ချိန်များက ကလေးများကိုအချိန်လုံလုံလောက်လောက်အိပ်စက်ရန် မိဘများက လမ်းညွှန်ဖို့နှင့် အရွယ်ရောက်သူများ လုံလုံလောက်လောက်အိပ်ရန် ညွှန်ပြထားခြင်းဖြစ်သည်။ အကယ်၍ အိပ်လွန်းပါကလည်း စိတ်ဓာတ်ကျခြင်းကဲ့သို့ တခြားကျန်းမာရေးပြဿနာများရှိသည်ဟု ကျန်းမာရေးပညာရှင်များကထောက်ပြသည်။
‘‘ခြွင်းချက်တွေတော့ရှိတာပေါ့ခင်ဗျာ။ လေယာဉ်စီးရမှာတို့၊ စာမေးပွဲဖြေရမှာတို့၊ လုပ်စရာရှိတာတို့ဆိုရင်လည်း အိပ်ချိန်ဘယ်အပြည့်အိပ်နိုင်မလဲ။ တစ်ခါ နေမကောင်းလည်း အအိပ်လွန်တာရှိတယ်။ ဒါပေမဲ့ နေ့စဉ်ပုံမှန်တော့ ဒီဇယားအတိုင်းအိပ်ပါလို့ပြောချင်ပါတယ်’’
7Day

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပနိုင်တော့မည်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေးအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပနိုင်တော့ မည် ဖြစ်ကြောင်း သိရသည်။
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေ ကြမ်းကို ပြည်ထောင်စု လွှတ်တော်က ဖေဖော်ဝါရီလ ၃ ရက်၌ အတည်ပြုလိုက်သဖြင့် လာမည့် မေလ တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပနိုင်တော့မည်ဟု လွှတ်တော် ကိုယ်စားလှယ်တချို့က ဧရာဝတီသို့ ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အတွက် ပြည်လုံးကျွတ် ပြည်သူ့ ဆန္ဒခံယူပွဲ ကျင်းပရန် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်က ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်တွင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ယင်းဥပဒေကြမ်းနှင့် ပတ်သက်၍ ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၉ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြပြီး အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်၊ လွှတ်တော်နှစ်ရပ်လုံးက သဘောတူသည့် ဥပဒေကြမ်းအဖြစ် ပြည်ထောင်စု လွှတ်တော် က ထိုနေ့တွင် ဆုံးဖြတ်၍ သမ္မတထံသို့ ပေးပို့ခဲ့သည်။
ထိုကဲ့သို့ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည် ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းအား သမ္မတ ဦးသိန်းစိန်က သဘောထားမှတ်ချက် ၁၁ ချက်ဖြင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း လွှတ်တော်သို့ ပြန်လည် ပေးပို့ခဲ့သည်။
ထို ၁၁ ချက်ကို ပြည်ထောင်စုလွှတ်တော်က ဖေဖော်ဝါရီလ ၂ နှင့် ၃ ရက်နေ့များတွင် ပြန်လည် ဆွေးနွေးခဲ့ကြပြီး အချက်တချို့ကို သမ္မတ၏ ဆန္ဒ သဘောထားအတိုင်း ပြန်လည် အတည်ပြုပေးခဲ့ကြောင်း သိရသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က“နောက်ဆုံးအဆင့် ပြီးသွားပြီ။ ဥပဒေဖြစ်ဖို့ပဲ ရှိတော့တယ်။ သမ္မတပေး တဲ့ အချက်တွေထဲမှာ ကောင်းတဲ့အချက်တွေ ပါပါတယ်။ သူ့မှာလည်း ရှေ့နေအဖွဲ့ ရှိတာကိုး။ White Card တွေ မပေးသင့်ဘူးလို့ ရခိုင်အမတ်တွေ တင်ပြပုံ ကောင်းပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုတုန်းက ပါတယ်ဆိုတော့ လက်ခံရမှာပဲ။ တချို့ဥပဒေတွေက ဆန္ဒနဲ့ ဆုံးဖြတ်ရတာ မဟုတ်ဘူး။ အကျိုးအကြောင်းနဲ့ ဆုံးဖြတ်ရတာ”ဟု ဧရာဝတီသို့ ပြောသည်။
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအား ၂၀၁၅ ခုနှစ် မေလတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဦးဆောင်ကျင်းပပေးမည်ဟု လွှတ်တော်က အတည်ပြုခဲ့ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကလည်း ပြောသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်ကလည်း“ဥပဒေကြမ်း ပူးပေါင်းကော်မတီက ကျနော်တို့ အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းတခုကို သမ္မတဘက်က ပြန်ကြားလာတဲ့ တပိုဒ်ချင်းကို ကျိုးကြောင်း ဆီလျော်စွာ ပြန်သုံးသပ်တာပေါ့။ ဥပဒေကြမ်းကို ပြီးတာနဲ့ သမ္မတဆီကို ပေးပို့ပြီး ပြဌာန်းဖို့အတွက် လက်မှတ်ထိုးခိုင်းရမယ်။ မထိုးရင်လည်း ရတယ်။ တပတ်အတွင်း အတည် ပဲ”ဟု ဧရာဝတီသို့ ပြောသည်။
ယခု ဥပဒေကြမ်းကို လွှတ်တော်က ဆုံးဖြတ်ထားသည့်အတိုင်း ပြင်ဆင်ပြီး ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေနှင့်အညီ သမ္မတထံသို့ ပြန်လည် ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
ဧ၇ာဝတီ

Wednesday, February 4, 2015

တက္ကသိုလ်များသီးခြားလွတ်လပ်စွာရပ်တည်ကြတော့မည်ဟုပြည်ထောင်စုဝန်ကြီးကဆို

ဖေဖော်ဝါရီလ ၄ ရက်၊ ၂၀၁၅

မြန်မာနိုင်ငံရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်ကျောင်းပေါင်း ၁၃၆ ကျောင်းသည် ပညာရေးဝန်ကြီးဌာန လက်အောက်တွင် မဟုတ်ဘဲ တက္ကသိုလ်များသည် သီးခြားလွတ်လပ်စွာ ရပ်တည်ကြ ရတော့မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက တက္ကသိုလ်များ သီးခြားလွတ်လပ်စွာ ရပ်တည်ရေး အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေး တွင် ပြောကြားခဲ့ကြောင်း သိရသည်။


"လာမယ့် ဘဏ္ဍာရေးနှစ်မှာ တက္ကသိုလ်တွေဟာ ကိုယ့်ကျောင်းတာဝန်ကို ကိုယ်တာဝန်ယူ ဖြေရှင်းရမှာ
ဖြစ်ပါတယ်။ ဒီကျောင်းတွေရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက်များကိုသာ ပညာရေးဝန်ကြီးဌာနကနေ တစ်ဆင့် လွှတ်တော်သို့ တင်ပြပေးတဲ့ တာဝန်ကိုသာ ဆောင်ရွက်
မှာဖြစ်ပါတယ်။ ၂၀၁၅ ဘဏ္ဍာရေးနှစ်အစ ဖြစ်တဲ့ ဧပြီ ၁ ရက်မှာ ဘဏ္ဍာရေး ကူးပြောင်းမှု ဆောင်ရွက်ပြီး ပညာသင်နှစ်အစ ဒီဇင်ဘာမှာ Academic ကဏ္ဍမှာ ကူးပြောင်းမှုရှိမှာဖြစ်ပါတယ်" ဟု ဒေါက်တာဒေါ်ခင်စန်းရီမှ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြင့်ပညာသင်ကျောင်းများ သီးခြား လွတ်လပ်စွာ ကိုယ်ပိုင်စီမံခန့်ခွဲခွင့် စတင်ဆောင်ရွက်နိုင်ရေးအတွက် တက္ကသိုလ် ပဋိညာဉ်များ ရေးဆွဲထားသည့်အပြင် ပညာရေးစနစ်သစ် အသွင် ကူးပြောင်းရေး ကာလမှာ ၅ နှစ်တာကာလဖြစ်ကြောင်း သိရသည်။

Internet Journal

ခေါက်ဆွဲခြောက် တစ်ပတ်၂ထုပ်နှင့်၂ထုပ်အထက်ပိုစားပါကကျန်းမာရေးကိုထိခိုက်စေသည်


တစ်ပတ်ကို ခေါက်ဆွဲခြောက် ၂ ထုပ်နှင့် ၂ ထုပ် တက်ပို စားသောက်ခြင်းဟာ ရေရှည်မှာ နှလုံး ကျန်းမာရေ ကို ထိခိုက်စေကြောင်း အမေရိကန်မှ လေ့လာသူများက ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။


ခေါက်ဆွဲခြောက်ဖြစ်ရန် ပြုလုပ်တဲ့ ဓာတုဗေဒ၊ ထုတ်ပိုးတဲ့အခါ တာရှည်ခံစေရန် ထည့်သွင်းထားတဲ့ ဓာတုဗေဒ ပစ္စည်းများဟာ လူတို့ စားသုံးတဲ့အခါ ကျန်းမာရေး ထိခိုက်စေတဲ့ အချက်ကို လေ့လာ တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ တစ်ပတ်ကို တစ်ထပ်လေက် စားတာက မသိသာပေမယ့် ယင်းထပ် ပိုရင်တော့ ဒါဟာ ကျန်းမာရေး အတွက မကောင်းတော့ ပါဘူး။ အထူးသဖြင့် အမေရိကန်မှာ ဆိုရင် ခေါက်ဆွဲခြောက်ကြောင့် အမျိုးသမီး များက အမျိုးသားများထက် နှလုံးရောဂါ ဆိုင်ရာ ပိုမို ခံစားရ လွယ် နိုင်ချေ ရှိကြောင်း ဆိုပါတယ်။

နှလုံးသွေးကြောဆိုင်ရာ ရောဂါ၊ သွေးချို ဆီးချို ရောဂါ များ ကို ဖြစ်ထွန်းရန် အလွယ်တကူ ဖြစ်စေပြီး ကလေးရရန် ခက်ခဲတဲ့ အိမ်ထောင်သည်များ အနေနဲ့ ရှောင်ကြဉ်သင့်ကြောင်းတောင် ထောက်ပြထားပါတယ်။ အကြောင်းကတော့ သူဟာ ဟိုမုန်းဓာတ်ကိုပါ အနှောင့်အယှက်ပေးလို့ ဆိုပါတယ်။

ယင်းသို့ဆိုလိုက်လို့ ခေါက်ဆွဲခြောက်များကို မကောင်းလို့လည်း မဆိုလိုပါ။ သူဟာ အစားအသောက် လွယ်တကူ နဲ့ ခပ်မြန်မြန် စားချင်သူများအတွက်၊ ဈေးသက်သက်သာသာ စားချင်သူများအတွက် ထုပ်ပိုး ပေးထားတဲ့ အစားအသောက် ဖြစ်ပြီး တစ်ပတ်ကို ၁ ထုပ်လောက်စားရင်တော့ ဘာမှ မဖြစ်ပါဘူး။ ယင်းထပ် ပိုတဲ့ အကြိမ်အရေအတွက် အားဖြင့် စားမိရင်တော့သာ ကျန်းမာရေးအတွက် ထိခိုက်နိုင်ကြောင်းကို ထောက်ပြသွားခဲ့ပါတယ်။

အသေးစိတ်ဖတ်ရန် - http://www.dailymail.co.uk/…/Instant-noodles-increase-risk-…

အောင်ခမ်း (ရိုးရာလေး)

လေးပွင့်ဆိုင် ဆွေးနွေးပွဲ ပျက်သွားသဖြင့် ရပ်နားထားသည့် သပိတ်စစ်ကြောင်းများ ရန်ကုန်သို့ ဆက်လက်ချီတက်မည်

 လေးပွင့်ဆိုင်ဆွေးနွေးပွဲ ပျက်သွားခြင်းကြောင့် ရပ်နားထားသည့် သပိတ်စစ်ကြောင်းများ ရန်ကုန်သို့ ချီတက်သွားမည် ဖြစ်ပြီး ရန်ကုန်မြို့တွင် နိုင်ငံလုံးဆိုင်ရာကျောင်းသားသပိတ် ဆင်နွှဲသွားမည်ဟု သပိတ်မှောက် ကျောင်းသားများက ပြောကြားလိုက်သည်။
ဖေဖော်ဝါရီ ၃ ရက်တွင် နေပြည်တော်၌ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ဒုတိယအကြိမ် လေးပွင့်ဆိုင်ဆွေးနွေးပွဲ ပြုလုပ်ရမည်ဖြစ်သော်လည်း ဆွေးနွေးပွဲ မဖြစ်မြောက်ခဲ့ဘဲ ဖေဖော်ဝါရီ ၁၂ ရက် နောက်ပိုင်းသို့ ရွှေ့ဆိုင်းလိုက်သည်။ ဆွေးနွေးပွဲပျက်ပြယ်သွားသောကြောင့် ယခင်က ရပ်ဆိုင်းထားသော သပိတ်စစ်ကြောင်းများဖြစ်သည့် ထားဝယ်၊ ပခုက္ကူ၊ မော်လမြိုင်၊ ဧရာဝတီတို့မှ သပိတ်မှောက်ကျောင်းသားများ ရက်ပိုင်းအတွင်း ရန်ကုန်မြို့သို့ ချီတက်သွားမည်ဟု မန္တလေးမှရန်ကုန်သို့ သပိတ်မှောက်ချီတက်သော သပိတ်ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်က 7Day Daily အား ပြောသည်။
‘‘ဧရာဝတီစစ်ကြောင်းကတော့ စထွက်နေပြီ။ မကြာခင်မှာပဲ ထားဝယ်စစ်ကြောင်းနဲ့ ပခုက္ကူ စစ်ကြောင်းက စထွက်တော့မှာပါ။ အစိုးရက အခု ၁၅ ဦး ကော်မတီဟာ ကျောင်းသားထုကို ကိုယ်စားပြုလားလို့ မေးပါတယ်။ သက်သေပြပါလို့ပြောတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ကျောင်းသားတွေ စုစည်းပြီး ရန်ကုန်ကို အမြန်ဆုံးချီတက်ကြမယ်။ ရန်ကုန်မှာ တစ်နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသပိတ်ကြီး ဆင်နွှဲမယ်။ ကျွန်တော်တို့ အဲဒီမှာ ဘာလုပ်မလဲစောင့်ကြည့်ပါ’’ဟု ကို မင်းသွေးသစ်ကပြောသည်။
 လေးပွင့်ဆိုင်ဆွေးနွေးပွဲ တက်ရောက်သော ကျောင်းသား ခေါင်းဆောင်များသည် လေးပွင့်ဆိုင်ဆွေးနွေးပွဲပျက်ပြီးနောက် အစည်းအဝေးပြုလုပ်၍ ထိုကဲ့သို့ ဆုံးဖြတ်ချက်ချလိုက်ခြင်းဖြစ်သည်။
ပခုက္ကူသပိတ်စစ်ကြောင်း နှင့် ထားဝယ်သပိတ်စစ်ကြောင်းတို့သည် လေးပွင့်ဆိုင်ဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်သောကြောင့် သပိတ်လမ်းကြောင်းအား ဖေဖော်ဝါရီ ၂၈ ရက်က ရပ်နားထားခဲ့သည်။
မန္တလေးမှ ရန်ကုန်ခရီးရှည် ချီတက်သော သပိတ်မှောက် ကျောင်းသားများသည် လေးပွင့်ဆိုင်ဆွေးနွေးသည့် ဖေဖော်ဝါရီ ၁ ရက်၌သာ သပိတ်စစ်ကြောင်း ရပ်နားထားခဲ့သည်။
ဖေဖော်ဝါရီ ၃ ရက်က မကွေးမြို့သို့ ရောက်ရှိလာသော သပိတ်မှောက်ကျောင်းသားများကို ထောင်နှင့်ချီသော မကွေးမြို့ ခံပြည်သူများက ကြိုဆိုခဲ့ကြသည်။ ထို့နောက်သပိတ်မှောက် ကျောင်းသားများသည် မကွေးမြို့ နည်းပညာကောလိပ်နှင့် မကွေးတက္ကသိုလ်သို့ သွားရောက်ဟောပြောခဲ့ကြသည်။
ဖေဖော်ဝါရီ ၆ ရက်တွင် မော်လမြိုင်ရှိ တက္ကသိုလ်များ၌ အစိုးရ၏လေးပွင့်ဆိုင်ဆွေးနွေးပွဲ မရိုးမသားလုပ်မှုများ၊ ကျောင်းသားများ တောင်းဆိုသည့် ၁၁ ချက် ပြန်လည်ရှင်းပြခြင်းများ ပြုလုပ်မည်ဖြစ်ပြီး မော်လမြိုင်၊ ထားဝယ်၊မြိတ်မြို့သုံးခုပေါင်း၍ သပိတ်စစ်ကြောင်းပြုလုပ်ကာ ရန်ကုန်သို့ ချီတက်လာမည်ဖြစ်ကြောင်း မွန်ပြည်နယ် ကျောင်းသားသမဂ္ဂမှ လုပ်ငန်းကော်မတီတာဝန်ခံ ကိုဘုန်းမြတ်မိုးကပြောသည်။ သို့သော်  သပိတ်စစ်ကြောင်းလမ်းကြောင်းကို မည်သို့မည်ပုံ သွားမည်ဆိုသည်ကို ပြန်လည်ညှိနှိုင်းရဦးမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
‘‘စစ်ကြောင်းထွက်မှာတော့ သေချာတယ်။ ဒီတစ်ရက်၊ နှစ်ရက်အတွင်း ထွက်နိုင်အောင်လုပ်မယ်။ ကျွန်တော်တို့က အခုမှ ပြန်လာနေတုန်းပဲ ရှိသေးတယ်။ တိုင်ပင်ပြီး အစည်းအဝေးလုပ်ရဦးမယ်။ သေချာတာကတော့ သပိတ်စစ်ကြောင်းတွေ အကုန်ပြန်ထွက်ကြမယ်’’ဟု ပခုက္ကူစစ်ကြောင်း သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုရဲဇာနည်ထွန်းကပြောသည်။
‘‘ကျောင်းသားသပိတ်တွေကို အရှိန်မြှင့်ပြီးလုပ်ကြမယ်။ ရန်ကုန်ထိတော့  ရောက်အောင်သွားမယ်။ ရန်ကုန်မှာ ရအောင် တိုက်ယူမယ်’’ဟု ကျောင်းသားသပိတ်ခေါင်းဆောင် ကျော်ကိုကိုကပြောသည်။ ကျောင်းသား သပိတ်ခေါင်းဆောင် ကျော်ကိုကိုသည် မကွေးမြို့ ဗိုလ်ချုပ်ကြေး ရုပ်ပန်းခြံ၌ ဟောပြောရာတွင် ‘‘ကျောင်းသားသွေးတစ်ပေါက် ကျလျှင် မီးဟုန်းဟုန်းတောက် မည်’’ဟု ပြောကြားသွားခဲ့သည်။
သပိတ်မှောက်ကျောင်းသားများသည် ယနေ့နံနက်တွင် မကွေးမြို့မှ မိုင် ၃၀ နီးပါး ဝေးသော သစ်ရာကောက်ကျေးရွာသို့ ချီတက်သွားမည်ဖြစ်သည်။
7Day

“ရိုဟင်ဂျာ” လို့သုံးနှုန်းသည့်မစ္စရန်ဟီလီကို နိုင်ငံခြားရေးဝန်ကြီးမှတုန့်ပြန်


မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စ ရန်ဟီလီ သည် မြန်မာနိုင်ငံသို့ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့မှ ၁၆ ရက်နေ့အထိ လာရောက် သည့် ခရီးစဉ်အပြီး၊ ၁၆-၁-၂၀၁၅ ရက်နေ့တွင် သတင်း ထောက်များနှင့် တွေ့ဆုံစဉ် ၎င်း၏ ခရီးစဉ်နှင့်‌ စပ်လျဉ်း၍ သဘောထားအမြင်များ ပြောကြားခဲ့ပါသည်။ ၎င်းပြော ဆိုချက်များတွင် ပါရှိသည့် စိုးရိမ်မှုရှိသည်ဆိုသည့်အချက် အများအပြားသည် လက်ရှိဖြစ်ပေါ်နေသည့် အပြုသဘော ဆောင်သော အခြေအနေများနှင့် ကိုက်ညီမှု မရှိပါ။


အချို့ကိစ္စများတွင် နိုင်ငံတစ်နိုင်ငံ၏ အချုပ် အခြာ အာဏာနှင့် ပြည်တွင်းတရားစီရင်ပိုင်ခွင့်ကို စွက်ဖက်သည်မှာ ထင်ရှားပေါ်လွင်နေပါသည်။ ထို့ကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် အောက်ပါ အချက်များကို ထုတ်ပြန်အပ်ပါသည်-

▄ မစ္စရန်ဟီလီ၏ ပြောကြားချက်တွင် သုံးစွဲထားသည့် "ရိုဟင်ဂျာ" စကားလုံး အသုံး အနှုန်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အနေဖြင့် ဤကဲ့သို့အမည်နာမသုံးစွဲမှုကို အတိအလင်း ပယ်ချပါသည်။ မြန်မာနိုင်ငံ အနေဖြင့် ဤအသုံး အနှုန်းကို မည်သည့် အချိန် အခါကမျှအသိ အမှတ်မပြုခဲ့ပါ။ ဤအသုံးအနှုန်းသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုး (၁၀၀)ကျော်တွင် မည်သည့်အခါကမျှ ပါဝင်ခြင်းမရှိခဲ့ပါ။ ဗြိတိသျှကိုလိုနီခေတ် သန်းခေါင် စာရင်း ကောက်ခံမှု မှတ်တမ်းများတွင်ပင် ပါဝင်ခြင်းမရှိခဲ့ပါ။ ဤအငြင်းပွား ဖွယ်ရှိသည့်အသုံးအနှုန်းကို ထပ်တ လဲလဲ အသုံးပြုနေခြင်းသည် အရေးကြီးသည့် ကိစ္စရပ်ကို ဖြေရှင်းရန် အဟန့် အတား သာ ဖြစ်စေပါမည်။ ကုလသမဂ္ဂမှ ဤအသုံးအနှုန်း အသုံးပြုမှုသည် မြန်မာပြည်သူများ၏ မကျေမချမ်း ဖြစ်မှုကို မလွဲမသွေ ဖြစ်ပေါ်စေပြီး၊ အစိုးရမှ ကြိုးပမ်းဆောင်ရွက်နေခြင်းများကို ပိုမိုခက်ခဲစေမည် ဖြစ်ပါသည်။

▄ ဥပဒေကြမ်း (၄)ခု ကိစ္စနှင့်ပတ်သက်၍ ဤဥပဒေကြမ်းများ ကို မြန်မာပြည်သူ တို့၏ ဆန္ဒနှင့်အညီ ရေးဆွဲ လျက်ရှိခြင်း ဖြစ်ပါသည်။ ဤဥပဒေကြမ်းများကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးခဲ့ပြီး ပြည်သူတို့၏ အမြင်နှင့် သဘော ထားများကို ဆီလျော်သကဲ့သို့ မူကြမ်းများ တွင် ထည့်သွင်းစဉ်းစားခဲ့ပါသည်။ အဆိုပါ ဥပဒေကြမ်းများကို လွှတ်တော် များတွင် ဆွေးနွေး၊ စဉ်းစား၊ ဆုံးဖြတ်နိုင်ရန်အတွက် ပေးပို့ခဲ့ပြီးဖြစ်ပါသည်။

▄ လွှတ်တော်များ၌ ပြည်သူ့ကိုယ်စားလှယ်များအနေဖြင့် သေသေချာချာအပြန် အလှန် ဆွေးနွေး စိစစ် ဆောင်ရွက်သွားရန်ရှိမည် ဖြစ်ပါသည်။ မြန်မာပြည်သူများအတွက် အကောင်းဆုံးအကျိုး ကို ရှေ့ရှု၍ ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ဤဥပဒေကြမ်းများ အတည်ပြုရေး လုပ်ငန်းစဉ်ပြီးဆုံးရန် အချိန်ယူ ဆောင်ရွက်သွားရမည် ဖြစ်ပါ သည်။ ပြည်တွင်း ဥပဒေ ပြုရေးလုပ်ငန်းစဉ်၏ ရလဒ်များအပေါ် ကြိုတင်မှန်း ဆပြောကြားခြင်း၊ ဝေဖန်ခြင်းများ သည် ပြည်သူများ၏ သဘောထားအမြင်အပေါ် လွှမ်းမိုးသြဇာ သက်ရောက် မှုရှိစေ ရန်၊ ပြည်သူများအကြား လှုံ့ဆော်မှု ရှိစေရန် ကြိုးစားမှု တစ်ခုဖြစ်ပါသည်။

▄ မြေယာကိစ္စနှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံ သည့် နိုင်ငံတစ် နိုင်
ငံဖြစ် ကြောင်း ထပ်လောင်းအသိပေးအပ်ပါသည်။ ထို့ကြောင့် မြေယာနှင့်‌ လယ်သမားများသည် နိုင်ငံ၏ ပဓာနကျသည့် အရင်းအမြစ်ဖြစ်ပြီး၊ လွန်စွာမှ တန်ဖိုးထား ပါသည်။ မြေယာကိစ္စများကို ပွင့်လင်းမြင်သာမှု၊ ထိရောက်မှုရှိစွာကိုင်တွယ်ဖြေရှင်းနိုင် ရန်အလို့ငှာမြေအသုံးချမှု စီမံခန့်ခွဲရေးဗဟိုကော်မတီအနေဖြင့် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။မြေယာပြဿနာဖြေရှင်းလျက်ရှိရာတွင် ခေတ်နှင့် ဆီလျော် မှုမရှိတော့သည့် ဥပဒေ၊ စည်းမျဉ်းနှင့်‌ လုပ်ထုံးလုပ်နည်းများ၊ ခိုင်မာသော ပိုင်ဆိုင်မှု အထောက်အထားမရှိမှု စသည်တို့ အပါအဝင် အဟန့်အတားများ ရှိနေပါသည်။

▄ သို့ရာတွင် မြန်မာနိုင်ငံအစိုးရအနေဖြင့် မြေယာပြုပြင် ပြောင်းလဲမှုများကို ဦးစားပေး အကောင်အထည်ဖော်သွားမည် ဖြစ်ပါသည်။ ဤမြေ ယာပြုပြင်ပြောင်း လဲမှုများ သည် ပြဿနာကို ထိရောက်စွာဖြေရှင်း သွားမည်ဖြစ်ပြီး ပြည်သူတို့၏အကျိုးကို ကာကွယ် ပေး ကာ မြေယာ ပိုင်ဆိုင်ခွင့်ရှိသူများထံ မြေယာ များကို ပြန်လည်ပေး အပ်နိုင်မည် ဖြစ်ပါ သည်။ နိုင်ငံတွင်းတွင် ကျယ်ပြန့် များပြားသော မြေယာများရှိခြင်းကြောင့် ဤ မြေယာပြဿနာ ဖြေ ရှင်းရေး လုပ်ငန်းသည် နေ့ချင်းညချင်း ပြီးဆုံးနိုင်မည် မဟုတ်ပါ။

▄ နိုင်ငံရေးအကျဉ်းသားများကိစ္စ ပြောကြားမှုနှင့်စပ်လျဉ်း၍ နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး လုပ်ငန်း စဉ်ကို အလေးထား ဆောင်ရွက် ခဲ့ပါသည်။ နိုင်ငံရေးလုပ်ငန်းစဉ်၊ နိုင်ငံ ၏တည်ငြိမ်မှု၊ ရေရှည်တည်
တံ့သည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုတို့တွင် ပါဝင်နိုင်ရန် ရည်ရွယ်၍ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမှုကို ဆောင်ရွက် ပါသည်။ နိုင်ငံရေး အကျဉ်းသားများရေးရာကိစ္စ ရေရှည်ဆောင်ရွက်နိုင်ရန် ယခုအခါ အဖွဲ့ဝင် တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။ တည်ဆဲဥပဒေနှင့်အညီ ဆက်လက်စိစစ် ဆောင်ရွက်သွားမည် ဖြစ်ပါ သည်။

▄ သတင်းဆင်ဆာတည်းဖြတ်မှုကိုဖျက်သိမ်းခြင်း၊ ပုဂ္ဂလိကနေ့စဉ်သတင်းစာများ ထုတ်ဝေ ခွင့်ပြုခြင်း၊ သတင်း မီဒီယာဥပဒေသစ်ကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ အတည်ပြု ပြဋ္ဌာန်းခြင်းတို့ကို
ဆောင်ရွက်၍ နိုင်ငံအတွင်း မီဒီယာလွတ်လပ်ခွင့် ပိုမိုရရှိစေ ရန် ဆောင်ရွက်ခဲ့ပါသည်။ အချို့ကဏ္ဍတွင် နောက်ပြန်လှည့်မှုများ ရှိနေသည် ဟု စွပ်စွဲမှုများ ပြုလုပ် ခဲ့ပါသည်။ သတင်းထောက်အချို့အား ဖမ်းဆီးမှုများကို ကိုးကားပြော ဆိုခဲ့ခြင်း ဖြစ်ပါသည်။ မည်သည့် သတင်းထောက်ကိုမျှ သတင်းစာ လွတ်လပ်ခွင့်နှင့် အညီ ဆောင်ရွက်မှုများအတွက် ဖမ်းဆီးခြင်း မဟုတ်ဘဲ တားမြစ်နယ်မြေအတွင်းသို့ တရားမဝင် ဝင်ရောက်ခြင်းကဲ့သို့သော ဥပဒေကျူးလွန်မှုများကြောင့် အရေး ယူခြင်း ဖြစ်ပါ သည်။ နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ချိုးဖောက်သည့် မည်သူ့ကိုမဆို မည်သည့် နိုင်ငံကမျှ သည်းခံလိမ့်မည်မဟုတ်ပါ။ လက်ရှိ မီဒီယာလွတ်လပ်ခွင့် အခြေအနေကို ဒေသတွင်းသာမက ကမ္ဘာ့နိုင်ငံများ တွင်းပါ နှိုင်းယှဉ်ကြည့်နိုင်ပါသည်။

▄ အထူးအစီရင်ခံစာ တင်သွင်းသူအနေဖြင့် ၎င်း၏တာဝန်အား ထမ်းဆောင် ရာတွင် ချင့်ချင့် ချိန်ချိန်နှင့် ပညာရှင် ပီသစွာ ဆောင်ရွက် သင့်ပါသည်။

▄ ၎င်း၏ခရီးစဉ်သည် မြန်မာနိုင်ငံ ပြည်သူများ နှင့် မြန်မာနိုင်ငံ အတွက် သဘောထားကွဲလွဲမှု၊ မယုံကြည်မှု၊ သွေးထိုးလှုံ့ဆော်မှုများအဖြစ်သို့ မရောက်ရှိစေသင့်ပါ။

▄ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာမဟာ မင်းကြီး ၏ မစ္စရန်ဟီလီ ခရီးစဉ်ဆိုင်ရာ သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ သည် ဘာသာရေး၊ လူမျိုးရေး၊ တစ်ခုနှင့်တစ်ခုအကြား အမုန်းပွားစေမည့် မည်သည့် လုပ်ဆောင်ချက်၊ ပြောကြားချက် များကိုမျှ လက်ခံ အားပေးခြင်း ကို ပြုလုပ်မည်မဟုတ် ပါကြောင်း ခိုင်မာစွာ ထပ်လောင်းပြောကြား အပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန။
နေပြည်တော်
ရက်စွဲ၊ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်။

Tuesday, February 3, 2015

ရခိုင်လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက် ဆွေးနွေးသော်လည်း ၀ှိုက်ကတ်ကိုင်ဆောင်ထားသူများ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ပြုရန် လွှတ်တော်ဆုံးဖြတ်


တိုင်းပြည်၏ အချုပ်အခြာအာဏာကို ထိခိုက်လာစေနိုင်သည်ဟု ရခိုင်လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ဆွေးနွေးခဲ့သော်လည်း ဝှိုက်ကတ် ကိုင်ဆောင်ထားသူများ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ပြုရန် ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းတွင် မူလက ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ကိုင်ဆောင်ထားသူများ မဲပေးခွင့်မပြုရန် ပြည်ထောင်စုလွှတ်တော်မှ ဆုံးဖြတ်ကာ နိုင်ငံတော်သမ္မတထံ ပေးပို့ခဲ့သည်။

ထို့နောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများ မဲပေးခွင့်ရှိသည့်အတွက် ယခု ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင်လည်း ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ကိုင်ဆောင်သူများ မဲပေးခွင့်ပြုသင့်ကြောင်း သဘောထားမှတ်ချက်ပြုပြီး ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်သည့်  ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ယင်းနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦး ဆွေးနွေးသည့်အနက် ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ဆွေးနွေးကာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၊ ဘူးသီးတောင် မဲဆန္ဒနယ်မှ ဦးရွှေမောင်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုင်ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဆိုင်ပေါင်းနပ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်၊ မချမ်းဘောမဲဆန္ဒနယ်မှ ဦးအင်ဖုန်ဆန်းတို့က မဲပေးခွင့်ရှိကြောင်း ဆွေးနွေးခဲ့သည်။

ရသေ့တောင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက“နိုင်သားဟု အသိအမှတ်မပြုနိုင်သဖြင့် မစစ်ဆေးနိုင်သေးခင်ကာလမှာ ယာယီထုတ်ပေးထားတဲ့ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများကို တိုင်းပြည်အချုပ်အခြာအာဏာနဲ့ဆိုင်တဲ့ ကိစ္စရပ်များအပေါ် ဆုံးဖြတ်ခွင့်ပေးရမယ်ဆိုလို့ရှိရင် တိုင်းပြည်အတွက် အလွန်အန္တရာယ်များပါတယ်။ နိုင်ငံသားမဟုတ်သူများ၏ မဲကို ရလိုမှုကြောင့် မမှန်မကန် မသင့်လျော်သော အခွင့်အရေးများပေး၍ နိုင်ငံသားမဟုတ်သူများကို နိုင်ငံသားဖြစ်အောင်၊ ဝှိုက်ကတ်များအား ပန်းရောင်ကတ်ဖြစ်အောင် လုပ်ဆောင်ပေးမည့် မရိုးသားသောလုပ်ရပ်များ ဖြစ်ပေါ်လာနိုင်ပါတယ်”ဟု ဆွေးနွေးခဲ့သည်။

နိုင်ငံခြားတိုင်းပြည်များနှင့် ဆက်စပ်နေသည့် မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် ယာယီလက်မှတ် ကိုင်ဆောင်ထားသူ အများအပြားရှိသည့်အနက် ရခိုင်ပြည်နယ်တွင် ယာယီလက်မှတ်ကိုင်ဆောင်ထားသည့် ဘင်္ဂါလီဦးရေ ၆၇ဝ,ဝဝဝ ကျော်ရှိကြောင်း၊ ယာယီသက်သေခံ လက်မှတ် ဆိုသည်မှာ မည်သူဖြစ်ကြောင်း ဖော်ပြထားခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေခံချက် မဟုတ်ကြောင်း၊ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြုလိုက်မည်ဆိုပါက ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေပါ ပြဠာန်းချက်များနှင့် ဆန့်ကျင်မည်ဖြစ်ကြောင်း၊ နိုင်ငံခြားသား ဖြစ်သူများကို ဆန္ဒမဲပေးခွင့်ပြုမည်ဆိုပါက နိုင်ငံတကာစံနှုန်းများနှင့်လည်း ဆန့်ကျင်မည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ၌လည်း Green Card ရရှိထားသူများအနေဖြင့် မဲပေးပိုင်ခွင့် လုံးဝမရှိကြောင်း ဆွေးနွေးခဲ့သည်။

ဦးထွန်းအောင်ကျော်က “ဘင်္ဂါလီ လူမျိုးတွေအပေါ် ဒီအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ မဲပေးပိုင်ခွင့်ကို ခွင့်ပြုလိုက်မယ်ဆိုရင် သူတို့အနေနဲ့ နိုင်ငံတကာမှာ ဒီအချက်ကိုင်ပြီး မလိုအပ်တဲ့ကိစ္စတွေ ပေါ်ပေါက်လာနိုင်တဲ့အတွက် ကျွန်တော်တို့က ရေတိုကြည့်လို့ မရပါဘူး။ ကျွန်တော်တို့ရဲ့ အမျိုးသားလုံခြုံမှုအတွက် ရေရှည်ကို ကြည့်ရပါမယ်။ ကျွန်တော်တို့ နိုင်ငံအတွက် နောင်အနှစ် ၂ဝ အတွင်း ဖြစ်ပေါ်လာမယ့် ပြဿနာကိုလည်း ကျွန်တော်တို့ ထည့်စဉ်းစားရပါမယ်” ဟု ဆွေးနွေးခဲ့သည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ဒေါက်တာအေးမောင်က “ဝှိုက်ကတ် ကိုင်ဆောင်ထားသူတွေ မဲပေးခွင့်က ဥပဒေနဲ့ မညီဘူးဆိုရင် ပြည်ထောင်စုလွှတ်တော်က ပြင်ရမယ်။ နိုင်ငံသား မဟုတ်သူတွေကို မဲပေးခွင့်ပြုခဲ့ရင် နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးလာနိုင်တယ်။ သူတို့တွေရဲ့ မဲတွေ ကို လိုချင်လို့လား။ နိုင်ငံရေးကစားတယ်ဆိုရင်လည်း သစ္စာမဖောက်ဖို့ လိုတယ်။ လူဦးရေစိမ့်ဝင်ပြီးမှ အချုပ်အခြာအာဏာကို ကိုင်လှုပ်သွားမှာပဲဆိုတာကို ကျွန်တော်တို့ မေ့နေသမျှကာလပတ်လုံး မဟာဗျူဟာမှားတယ်။ ကိုယ်မဲရဖို့၊ ကိုယ့်နိုင်ငံရေး အမြတ်ရဖို့အတွက် ဖွဲ့စည်းပုံကြီးကို ဒီအတိုင်းထားပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက မလုပ်သမျှကာလပတ်လုံး အဓိပ္ပာယ်မဖွင့်နိုင်ဘူးလို့ အဓိပ္ပာယ်ဖွင့်ကြရင်တော့ ကျွန်တော်တို့လည်း မတတ်နိုင်တော့ဘူး” ဟု ဆွေးနွေးခဲ့သည်။

ဦးဘရှိန်က ဆွေးနွေးရာတွင် ယခုဥပဒေသည် နိုင်ငံအတွက် သေရေးရှင်ရေးတမျှ အရေးကြီးကြောင်း၊ ပြီးခဲသည့်ကာလတွင် နိုင်ငံတော်ဝန်ကြီးချုပ်တစ်ပါး၏ အမှားကြောင့် ယနေ့နိုင်ငံတွင် အကျပ်အတည်းများ ရင်ဆိုင်နေရသည်ကို ပြည်ထောင်စုလွှတ်တော်နာယကကြီးလည်း သိရှိပါကြောင်း၊ ၎င်းအမှားမျိုး ထပ်မမှားရန်လိုအပ်ပြီး နိုင်ငံသားများ၏ အခွင့်အရေးကို နိုင်ငံသားမဟုတ်သူများအား ပေးမည့်အချက်ကို ကန့်ကွက်ပါကြောင်း ဆွေးနွေးခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကလည်း မကြာမီက ပြင်ဆင်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများတွင် ဝှိုက်ကတ်များ မဲပေးရမည်ဆိုသည့်အချက် မပါဝင်သည့်အတွက် ယခုဆုံးဖြတ်ခဲ့သည့် ဝှိုက်ကတ်များ မဲပေးရမည်ဆိုသည့် အတည်ပြုချက်သည် ဥပဒေနှင့်မညီကြောင်း သုံးသပ်ပြောကြားသည်။

ထို့နောက် ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်အများစုပါဝင်သည့် ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ ဝှိုက်ကတ်ကိုင်ဆောင်ထားသူများအား မဲပေးခွင့်ကို ခွင့်ပြုသင့်ကြောင်း သဘောထားတင်ပြခဲ့သည်။

အလားတူ အစိုးရအဖွဲ့ကိုယ်စား လာရောက်ဖြေကြားသည့် ရွေးကောက်ပွဲကော်မရှင်ကလည်း နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်အတိုင်း ဝှိုက်ကတ်ကိုင်ဆောင်ထားသူများအား မဲပေးခွင့်ပြုခြင်းသည် ဥပဒေနှင့်ညီကြောင်း သဘောထားတင်ပြခဲ့သည်။

ထို့နောက်လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာ ဝှိုက်ကတ်သမားများ မဲပေးခွင့်ပြုရန် ထောက်ခံသူ ၃၂၈ ဦး၊ ကန့်ကွက်သူ ၇၉ ဦး၊ ကြားနေသူ ၁၉ ရှိသဖြင့် ဝှိုက်ကတ်သမားများအား မဲပေးခွင့်ပြုရန် လွှတ်တော်မှ ဆုံးဖြတ်ခဲ့သည်။

မြန်မာနိုင်ငံအတွင်း အသက် ၁၈ နှစ်ပြည့်သော လူများအနက် ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ထုတ်ပေးထားသူ စုစုပေါင်း ၅၉ဝ,ဝ၁၆ ယောက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က ပြောကြားထားသည်။ အဆိုပါ ယာယီသက်သေခံလက်မှတ်အများစုကို ရခိုင်ပြည်နယ်တွင်ရှိသည့် ဘင်္ဂါလီလူမျိုးများကို ထုတ်ပေးထားသည်။

 ကမ္ဘောဒီးယား  အာဏာရှင်နိုင်ငံကဲ့သို့ ရွေးကောက်ပွဲမဲမသာမှုများ ဖြစ်ပေါ်လေ့ရှိသောနိုင်ငံမျိုးမှလွဲ၍ နိုင်ငံတကာတွင် နိုင်ငံသားမဟုတ်သူများနှင့် နိုင်ငံသားမဖြစ်သေးသူများအား မဲပေးခွင့် ခွင့်မပြုထားကြောင်း သိရသည်။  သို့ရာတွင် မြန်မာနိုင်ငံ၌ ယာယီသက်သေခံလက်မှတ် (white card) ကိုင်ဆောင်ထားသူများမှာ နိုင်ငံသားမဖြစ်သေးသော်လည်း နိုင်ငံသားအခွင့်အရေးဖြစ်သည့် မဲပေးခွင့် ရရှိမည်ဖြစ်သည်။
eleven media

သပိတ်မှောက်ကျောင်းသားများကို မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးက ပုဒ်မ ၁၈ နှင့် ငြိစွန်းကြောင်း ပြောကြား

သပိတ်မှောက်ကျောင်း သားများ မကွေးမြို့နယ်အတွင်းရှိ ဒေါင်းသေချောင်း (ဒေါင်းနေချောင်း)တံတားသို့ ရောက်ရှိချိန်တွင် မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးက လူစုလူဝေးဖြင့် လမ်းလျှောက်ခြင်းသည် ပုဒ်မ ၁၈ ဖြင့် ငြိစွန်းသည်ဟု လာရောက် သတိပေး ပြောကြားခဲ့ကြောင်း သပိတ်စစ်ကြောင်းတွင် လိုက်လံ သတင်းယူနေသော 7 Day Daily သတင်းထောက်က သတင်းပေးပို့သည်။
သပိတ်မှောက်ကျောင်းသား များသည် ဖေဖော်ဝါရီ ၂ ရက်တွင်  ရေနံချောင်းမြို့မှ မကွေးမြို့သို့ လမ်းလျှောက် ချီတက်လာစဉ် ဒေါင်းသေချောင်း တံတားအ ရောက်၌ သတိပေးခံရခြင်းဖြစ် သည်။
‘‘လူအများကြီးနဲ့ လမ်း လျှောက်လာလို့ဥပဒေအရ ပုဒ်မ ၁၈ နဲ့ ငြိစွန်းတယ်ဆိုတာ လာ ပြောတာပါ။ အရေးယူဖို့မဟုတ်ပါ ဘူး’’ဟု ဦးစောထွန်းဦးကပြော သည်။ သပိတ်မှောက်ကျောင်းသား များသည် ဖေဖော်ဝါရီ ၂ ရက်က ရေနံချောင်းမြို့မှ ထွက်ခွာချိန် တွင် ယင်းမြို့ရှိ စက်မှုလက်မှု သိပ္ပံကျောင်းနှင့် ကောလိပ် ကျောင်းသို့ သွားရောက်မိန့်ခွန်းပြောကြားပြီး ကျောင်းသားများအား စည်းရုံးခဲ့ကြသည်။
ထို့ကြောင့် အဆိုပါကျောင်း နှစ်ကျောင်းမှ ကျောင်းသား ၇၀ ခန့်သည် ဖေဖော်ဝါရီ ၂ ရက်က သပိတ်မှောက်ကျောင်းသားများ တည်းခိုရန် ကံပြားကျေးရွာအထိ  လိုက်လံပို့ဆောင်ပေးသည်ကို တွေ့ရသည်။
ထို့အပြင်ရေနံချောင်းကော လိပ်မှ ဆရာမနှစ်ဦးသည် သပိတ် မှောက် ကျောင်းသားများအား မကွေးမြို့အ၀င်၌ တားဆီးခံရမည် ကို စိုးရိမ်သောကြောင့် ကံပြား ကျေးရွာအထိ ပို့ဆောင်ပေးသည် ကို တွေ့ရသည်။
‘‘ကျောင်းသားတွေ အတားခံရမှာကို စိုးရိမ်လို့ လိုက်ပို့ပေးတာပါ။ ကလေးတွေကို စိုးရိမ်တယ်။ သူတို့လုပ်တာ မှန်ပါတယ်’’ဟု ရေနံချောင်းကောလိပ်မှ ကထိက ဒေါက်တာ ဒေါ်အေးအေးသန့်က ပြောသည်။
မကွေးမြို့မှ NLD ပါတီဝင် များ၊ ၈၈ မျိုးဆက်ကျောင်းသား များ၊ ဒေသခံများသည် သပိတ် မှောက်ကျောင်းသားများအား ရေ နံချောင်းမြို့ထိလာရောက်ကြိုဆို ခဲ့သည်ကို တွေ့ရသည်။ သပိတ် မှောက် ကျောင်းသားများသည် မကွေးမြို့အ၀င်ရှိ ကံပြားကျေးရွာ သို့ ည ၈ နာရီတွင် ရောက်ရှိခဲ့ပြီး ယနေ့နံနက် ဖေဖော်ဝါရီ ၃ ရက်၌ မကွေးမြို့အတွင်း လှည့်လည်သွားမည်ဖြစ်ကာ မကွေးမြို့၌ တည်းခိုသွားမည်ဖြစ်သည်။
သပိတ်မှောက်ကျောင်းသား များသည် လေးပွင့်ဆိုင်ဆွေးနွေး ပွဲကာလအတွင်း သပိတ်စစ် ကြောင်း ရပ်နားထားမည် မဟုတ်ဘဲ တောင်းဆိုသည့် အချက် ၁၁ ချက်ရသည်အထိ ဆက်လက်ချီတက်သွားမည်ဟု ဗကသကျောင်းသားဥက္ကဋ္ဌ ကျော်ကိုကိုက ပြောသည်။ အမျိုးသားပညာရေးဥပဒေ လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ယနေ့ တွင် ဒုတိယအကြိမ်အဖြစ် နေ ပြည်တော်၌ ဆွေးနွေးသွားမည်ဖြစ်သည်။
7Day

ဘုရားရှင်တိုင်း မစွန့်အပ်သည့် တပို့တွဲလပြည့် သြ၀ါဒပါတိမောက် အခါတော်နေ့


တပို့တွဲလဟာ ဆောင်းရာသီဖြစ်လို့ ညပိုင်းမှာ အလွန်အေးမြတဲ့လ ဖြစ်တယ်။

ဒီတပို့တွဲလပြည့်နေ့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က မြတ်ဗုဒ္ဓဘုရားရှင် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးပင့်လို့ မွေးရပ်ဌာနေအကြွ ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရက ကြည်ညိုပြီး ဝေဠုဝန်ကျောင်းတော်ကို ပေးလှူလို့ သီတင်းသုံးနေချိန် ဖြစ်ပါတယ်။

ဒီအချိန်ကာလမှာ အဂ္ဂသာဝကလောင်းတွေဖြစ်တဲ့ ဥပတိဿနဲ့  ကောလိတဟာ သိဉ္စည်း ဆရာကြီးထံ အယူဝါဒရေးရာ၊ အကျင့်လမ်းစဉ်တွေ သင်ကြားတတ်မြောက်လို့ သူတို့ရှာဖွေတဲ့ သံသရာမှလွတ်ကြောင်း အမြိုက်နိဗ္ဗာန်တရား မတွေ့မြင်ကြလို့ ဆက်လက်ရှာဖွေနေတဲ့ အချိန်လည်း ဖြစ်တယ်။

နှင်းမှုန်တွေဖျန်း အေးချမ်းတဲ့ ဒီတပို့တွဲလဆန်းရဲ့ နံနက်ခင်းနေ့တစ်နေ့၊ ပဉ္စ၀ဂ္ဂီငါးပါး အပါအ၀င် အရှင်အဿဇိမထေရ်ဟာ သင်္ကန်းတော်ရုံ သပိတ်ပိုက်ကာ ကြည်ညိုဖွယ်ရာ အဆင်းနဲ့ ရာဇဂြိုဟ်မြို့ရဲ့ လမ်းမတော်မှာ ဆွမ်းခံကြွချီတော်မူရာ သာရိပုတ္တရာ အလောင်းဥပတိဿပရိဗိုဇ်အား မြင်တွေ့ရလို့ အကဲခတ်လိုက်ရာ “ဒီရဟန်းပုဂ္ဂိုလ်မှာ လောကရဲ့အဆုံး၊ အရဟတ္တမဂ် အရဟတ္တဖိုလ်ရောက်ပြီးတဲ့ ပုဂ္ဂိုလ်သူမြတ် ဧကန်ဖြစ်ပေလိမ့်မယ်။ သူ့ထံ ချဉ်းကပ်မေးလျှောက်ထားရင် ကောင်းမယ်။ ဆွမ်းခံကြွနေဆဲမို့ အချိန်အခါ မသင့်သေး။ သူ့ဆီက တရားရဖို့ ထပ်ကြပ်မကွာ လိုက်ပါမှ ကောင်းမယ်” ဆိုပြီး မျက်ခြည်မပြတ် နောက်က လိုက်ခဲ့တယ်။

မြို့အပြင်တစ်နေရာ ရောက်တဲ့အခါ အပန်းဖြေ ထိုင်တော်မူလိုဟန်သိလို့ ဥပတိဿဟာ အရန်သင့်ပါလာတဲ့ အင်းပျဉ်ထိုင်ခုံလေး ချခင်းပေးလိုက်တဲ့အခါ မထေရ်က ထိုင်တော်မူကာ သပိတ်ဖွင့် ဆွမ်းဘုဉ်းပေးတော်မူတယ်။ ဆွမ်းစားပြီးလို့ ရေကပ်လှူကာ မိတ်ဆက်စကားပြောရင်း သူသိလိုတာတွေ လျှောက်တယ်။ အရှင်ဘုရားရဲ့ မျက်စိ၊ နား၊ နှာစတဲ့ ဣနြေ္ဒတွေ တည်ငြိမ်ပြီး ကြည်လင်လှတယ်။ ရုပ်ရည်သန့်ရှင်း အပြစ်ကင်းလှတယ်။ ဘယ်ဆီရည်မှန်း ရဟန်းပြုခဲ့တာလဲ။ ဆရာက ဘယ်သူလဲ။ အဲဒီဆရာ တရား နှစ်သက်ပါလား။ သိလိုတာတွေ ဆက်မေးလျှောက်လိုက်တော့ အရှင်အဿဇိက “ဒကာ၊ ငါဟာ သကျသာကီဝင်မင်းမျိုးက တောထွက်ရဟန်းပြုကာ မြတ်ဗုဒ္ဓကို ရည်မှန်း ရဟန်းပြုခဲ့တယ်။ သူဟာ ငါ့ရဲ့ဆရာ ဖြစ်ပေတယ်။ ငါဟာ သူ့တရားကို နှစ်သက်မြတ်နိုးသူဖြစ်တယ်။

“ဒါဆို အရှင်ရဲ့ဆရာ ဘုရားဟာ ဘာအယူဝါဒ ရှိသလဲ။ ဘယ်လိုတရားမျိုး ဟောလေ့ရှိသလဲ” လို့ မေးလျှောက်တော့ အဿဇိ မထေရ်က အကဲခတ်မိကာ ဒီပုရိဗိုဇ်ဟာ သာသနာရဲ့ ဆန့်ကျင်ဘက် အယူဝါဒ ရှိလိမ့်မယ်။ ဒီပုဂ္ဂိုလ်ကိုတော့ သာသနာတော်ရဲ့ နက်နဲသိမ်မွေ့တဲ့ တရားကို ထင်စွာပြမှ တော်မယ်ဆိုပြီး “ဒကာ ငါဟာ မနေ့တစ်နေ့ကပဲ ရဟန်းပြုလာတာ မကြာသေး။ သင့်ကို အကျယ်ချဲ့ကာ တရားကို မဟောနိုင်သေး။ ဒါပေမဲ့ သင့်ကို လိုရင်းသဘော အဓိပ္ပာယ်ပြည့်စုံတဲ့တရား ဟောပြမယ်” လို့ မိန့်တဲ့အခါ ဥပတိဿက  “ဒါဆိုရတယ် ဟောပါ။ တပည့်တော် နာမည်က ဥပတိဿ ခေါ်တယ်။ သုတေသီ ပညာရှင် တစ်ဦးပဲ။ အရှင်ဘုရား စွမ်းနိုင်သလို ဟောပြောပါ။ အရှင့်တရားကို ရာထောင်များစွာ နည်းတွေနဲ့ ချဲ့ထွင်သိမြင်ဖို့မှာ တပည့်တော်ရဲ့အရာ ပညာအလုပ်သာ ဖြစ်ပါတယ်” လျှောက်ထားတောင်းပန်လေတော့ အရှင်အဿဇိမထေရ်မြတ်က အောက်ပါဂါထာတော် ဟောကြားတော်မူပါတယ်။

ယေ ဓမ္မာ ဟေတုပ္ပဘ၀ါ၊ တေသံ ဟေတုံ တထာဂတော အာဟ။ တေသဉ္စယော နိရောဓော၊ ဧ၀ံ ၀ါဒီ မဟာသမဏော။ “ဒကာ ခန္ဓာငါးပါးဒုက္ခ သစ္စာတရားတွေဟာ သမုဒယတဏှာလောဘသာ အခြေခံ အကြောင်းရင်း ရှိတယ်။ ဒီခန္ဓာငါးပါး ဒုက္ခသစ္စာတရားတွေရဲ့ အကြောင်း သမုဒယသစ္စာ တဏှာလောဘကို လည်းကောင်း၊ ဒီဒုက္ခနဲ့ သမုဒယ သစ္စာနှစ်ပါးတွေရဲ့ ချုပ်ရာချုပ်ကြောင်းဖြစ်တဲ့ နိရောဓသစ္စာ၊ မဂ္ဂသစ္စာနှစ်ပါး ရှိလေတယ်။ ဒီနိရောဓသစ္စာ၊ မဂ္ဂသစ္စာ နှစ်ပါးကို ငါတို့ဆရာ ဘုရားမြတ်စွာက စိတ်ဖြာခွဲခြား ဟောကြားတော်မူပေတယ်။ သုံးလူဥက္ကဌ် ရဟန်းမြတ်ဖြစ်တော်မူတဲ့ ငါတို့ဆရာ မြတ်စွာဘုရားဟာ ဒီလိုသစ္စာတရား အမှန်တရားကို ခွဲခြားဖော်ပြ ၀ိဘဇ္ဇလို့ ၀ါဒစင်ဖြူ  အယူရှိတော် မူပါပေတယ်”

ဥပတိဿပရိဗိုဇ်ဟာ တရားဒေသနာ ဂါထာထက်ဝက်ကို ကြားနာလိုက်ရတဲ့အခါ သောတာပတ္တိဖိုလ်မှာ တည်ပါတယ်။ ဂါထာရဲ့ နောက်ထက်ဝက်ကျတော့ သောတာပန်ဖြစ်ပြီး နာယူပြီးဆုံး သွားတယ်။ ဒီအခါ သာရိပုတ္တရာအလောင်း ဥပတိဿက  ဂါထာတစ်ပုဒ် ရွတ်ပြကာ “အရှင်ဘုရား တပည့်တော် သောတ္တာပတ္တိဖိုလ်သို့ ကိုယ်တိုင်ဉာဏ်နဲ့ ဆိုက်ရောက်ပါပြီ။ တပည့်တော်တို့ သူငယ်ချင်းနှစ်ဦး နှစ်ပေါင်းများစွာ ရှာဖွေနေတဲ့ တရားမှာ အရှင်ဘုရားဟောတဲ့ တရားပါပဲ။ အရှင်ဘုရားတို့ဟာ စိုးရိမ်ခြင်းကင်းရာ နိဗ္ဗာန်တရားကို မျက်မှောက်ထင်ထင် သိမြင်နေကြတယ်။ တပည့်တော်တို့မှာက နိဗ္ဗာန်တရားကို မသိမမြင်ကြလို့ ကမ္ဘာပေါင်းများစွာ သံသရာလည်ပတ် အချိန်တွေကုန်လွန် အရှုံးကြီး ဆုံးရှုံးခဲ့ရပါပြီ ဘုရား”
ခန္တီပရမံတပေါ တိတိက္ခာစတဲ့ ဂါထာသုံးပုဒ်ကို ရဟန်းရှင်လူတိုင်း လေ့လာလိုက်စား ကျင့်ကြံအားထုတ်မယ် ဆိုပါက အပါယ်တံခါးပိတ်ကာ နိဗ္ဗာန်တံခါး ပွင့်ဖွင့်ဝင်နိုင်တဲ့ သော့တံနဲ့ တူပါကြောင်း . . . . .
 
လျှောက်ထားပြီး အရှင်အဿဇိမထေရ်ကို “အရှင်ဘုရား တရားတော်ကို ဒီမှာ ရပ်ပါဦး။ ဆက်ပြီး မဟောကြားစေလိုပါ။ တပည့်တော်တို့ရဲ့ ဆရာဘုရား အခု ဘယ်အရပ်မှာ သီတင်းသုံးနေပါသလဲ” လို့ မေးရာ “ဒကာ မြတ်စွာဘုရား ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော် မူနေတယ်” ဖြေဆိုရာ “ဒါဆို အရှင်ဘုရား ရှေ့က သွားနှင့်ပါ၊ တပည့်တော်ရဲ့ သူငယ်ချင်းတစ်ယောက် ကျန်ရှိနေပါသေးတယ်။ အမြိုက်နိဗ္ဗာန်ကို လက်ဦးသိသူက ပြောကြစတမ်းဆိုပြီး ကတိက၀တ်ပြုထားလို့ သူ့ကိုပြေလည်အောင် ပြောဆိုပြီးမှ သူ့ကို ခေါ်ဆောင်ကာ လိုက်လာခဲ့ပါမယ် ဘုရား” လို့ လျှောက်တင်ကာ ခြေတော်ရင်း ၀ပ်စင်း ရှိခိုးပြီး ပရိဗိုဇ်ကျောင်း ပြန်လာခဲ့တယ်။

ကောလိတပရိဗိုဇ်ဟာ ကျောင်းအ၀င်ဝ ဥပတိဿပရိဗိုဇ်လာနေတာ မြင်လိုက်တော့ “ဒီကနေ့ သူငယ်ချင်းရဲ့မျက်နှာ အဆင်းတည်ငြိမ် ခန့်ညားလှချေပါလား။ မသေရာမှန် နိဗ္ဗာန်တရားကို ဧကန်ရခဲ့ပြီလား” လို့ ထင်ကြေးနဲ့ မေးလိုက်တဲ့အခါ “အေး...ဟုတ်စ၊ ငါ့မှာ မသေရာမှန် နိဗ္ဗာန်တရားကို ဧကန်ရခဲ့ပြီ” “ဒါဆို ဘယ်ပုံဘယ်နည်း ရခဲ့တာလဲ” ဒီအခါ ဥပတိဿက  အရှင်အဿဇိမထေရ်နဲ့ တွေ့ခဲ့ရပုံကို အကျယ်တ၀င့် ရှင်းပြပြီး ယေဓမ္မာ ဟေတုပ္ပဘ၀ါစတဲ့ ဂါထာကို ပြန်ဟောပြလို့ ဂါထာဆုံးတဲ့အခါ သူငယ်ချင်း ကောလိတဟာ သောတာပတ္တိဖိုလ်တည်ပြီး “အဆွေတော် ဥပတိဿ...  ငါတို့ဆရာဘုရား အခု ဘယ်အရပ်မှာ ရှိနေသလဲ” လို့ မေးတဲ့အခါ “ဘုရားမြတ်စွာ ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးနေကြောင်း ငါတို့ဆရာ အဿဇိ မထေရ်က မိန့်ဆိုပြောတယ်။ ဒီအခါ ကောလိတက စိတ်မြန်သူပီပီ “ဒါဆို ဘုရားထံ အခု သွားကြစို့။ ဘုရားရှင်ဟာ ငါတို့ရဲ့ ဆရာသခင် ကျေးဇူးရှင်ကြီး ဖြစ်ပါပေတယ်” ပြောဆိုလေတယ်။

ဥပတိဿနဲ့  ကောလိတဟာ တပည့်ပရိသတ် ၂၅၀ ကို ခေါ်ဆောင်ကာ သိဉ္စည်း ဆရာကြီးထံ သွားရောက်ပြီး သုံးကြိမ်တိုင်တိုင် ခေါ်ဆိုရာ နောက်ဆုံးမှာ “အမောင်တို့ ဒီလောကမှာ ပညာရှိ၊ ပညာမဲ့ ဘယ်သူက ပိုများသလဲ” လို့ ဆရာကြီးက မေးလိုက်ရာ “ဒီလောကမှာ ပညာမဲ့သူကများပြီး ပညာရှိသူက နည်းပါးပါကြောင်း” ဖြေလိုက်တော့ “ဒါဆို အမောင်တို့ ပညာရှိသူက ပညာရှိတဲ့ ရဟန်းဂေါတမထံ သွားလိမ့်မယ်။ ပညာမဲ့သူတွေက ပညာမဲ့တဲ့ ငါ့ထံ လာကြလိမ့်မယ်။ အမောင်တို့သာ သွားကြတော့၊ ငါ ဘယ်နည်းနဲ့မှ မလိုက်” လို့ ငြင်းဆိုလိုက်တာကြောင့် သူငယ်ချင်းနှစ်ယောက် တပည့် ၂၅၀ ကို ခေါ်ဆောင်ကာ ဝေဠုဝန်ကျောင်းသို့ လာခဲ့ကြတယ်။

ဒီအချိန် ဘုရားရှင်ဟာ ပရိသတ်အလယ် တင့်တယ်စွာ ထိုင်နေတော်မူပြီး တရားဟောနေရင်း ဥပတိဿနဲ့  ကောလိတ တပည့်တွေနဲ့အတူ ကျောင်းတော်သို့ ၀င်လာတာကို မြင်တော်မူလို့ ရဟန်းတော်တွေကို “ချစ်သား ရဟန်းတို့ ဟောဟိုမှာ ကောလိတနဲ့ ဥပတိဿ  သူငယ်ချင်းနှစ်ဦး ငါဘုရားထံ လာနေကြတယ်။ ဒီနှစ်ဦးဟာ ငါဘုရားရဲ့ လက်ဝဲရံ၊ လက်ယာရံ အဂ္ဂသာဝကအစုံ ဖြစ်ကြပေလိမ့်မယ်” လို့ မိန့်တော်မူတယ်။

သူငယ်ချင်းနှစ်ဦးသား တပည့် ၂၅၀ နဲ့အတူ ဘုရားထံ ချဉ်းကပ်လို့ ခြေတော်အစုံမှာ ညွတ်တွားရှိခိုးကာ “ဘုန်းတော်ကြီးမား မြတ်စွာဘုရား... တပည့်တော်များအား အရှင်ဘုရားထံမှာ ရှင်ရဟန်းအဖြစ် ရကြပါရစေ” လို့ တောင်းပန်လျှောက်ထားတဲ့အခါ ဘုရားရှင်က “ရဟန်းတို့ လာကြလော့။ သင် ချစ်သားတို့ တောင်းပန်အပ်တဲ့ ရှင်ရဟန်းအဖြစ် ခံယူကြလော့။ တရားတော်ကို ငါဘုရား ကောင်းစွာ ဟောကြားအပ်လေပြီ။ သင်ချစ်သားတို့ဟာ ၀ဋ်ဆင်းရဲရဲ့ အဆုံးကို ပြုဖို့သုံး ပါးသိက္ခာသာသနာဆိုတဲ့ မြတ်တဲ့အကျင့်ကို ကျင့်ကြံအားထုတ်ကြလော့” လို့ ရွှေလက်တော်ဆန့်တန်းပြီး ဧဟိဘိက္ခု ခေါ်တော်မူလိုက်တာနဲ့ တစ်ခဏချင်း သူငယ်ချင်းနှစ်ဦးနဲ့ တပည့်အားလုံး ပရိက္ခရာ ဆင်ယင်ပြီးသား ၀ါတော် ၆၀ ရ မထေရ်တွေလို ဘုရားရှင်ကို ရှိခိုးကြရင်း ရဟန်းပြုပြီး ဖြစ်ကြပါတယ်။

ဘုရားရှင်က သင့်တော်တဲ့ တရားကို တိုးချဲ့ဟောကြားလေရာ အဂ္ဂသာဝက နှစ်ပါးကလွဲလို့ တပည့်ရဟန်း ၂၅၀ တို့ဟာ အရဟတ္တဖိုလ်ကို တစ်နေရာ၊ တစ်ထိုင်တည်း ရရှိသွားကြတယ်။ အရှင်မဟာမောဂ္ဂလာန်မှာ ရဟန်းဖြစ်ပြီး ခုနစ်ရက်မြောက်နေ့မှာ ကာလ၀ါလပုတ္တရွာငယ်ကို ဂေါစဂံပြုတောအုပ်ထဲ ရဟန်းတရား အားထုတ်တဲ့အခါ ပင်ပန်းနွမ်းနယ်လို့ စင်္ကြံအစွန်းမှ ငိုက်မျဉ်းနေချိန် ဘုရားရှင်က တရားပြ ထိတ်လန့်စေတော့မှ ထိနမိဒ္ဓပယ်ကာ ဘုရားရှင်နည်းပေးတဲ့ ဓာတ်ကမ္မဋ္ဌာန်း ကြားနာရှုမှတ်လိုက်ရာ အထက်မဂ်သုံးပါးပြီးစေကာ သာဝကဉာဏ် ရတော်မူပါတယ်။

အရှင်သာရိပုတ္တရာမှာလည်း လခွဲ ၁၅ ရက်လွန်တဲ့နေ့ (တပို့တွဲလပြည့်နေ့)မှာ ဘုရားရှင်နဲ့အတူ ဂိဇ္ဈကုဋ်တောင် သူကရခတလိုဏ် (၀က်တူးလိုဏ်)မှာနေစဉ် တူဖြစ်သူ ဒီဃနာပရိဗိုဇ်အား ဝေဒနာ ပရိဂ္ဂဟသုတ္တန်ခေါ်တဲ့ ဒီဃနခသုတ်ကို ဘုရားရှင် ဟောတဲ့အခါ သုတ္တန်ကို အစဉ်လျှောက်လို့ မိမိဉာဏ်ကို စေလွှတ် ဝေဒနာကမ္မဋ္ဌာန်း စီးဖြန်းတော်မူလို့ သာဝက ပါရမီဉာဏ် အထွတ်အထိပ်ပေါက် ရဟန္တာ ဖြစ်တော်မူပါတယ်။

မြတ်စွာဘုရားရှင် ဝေဒနာပရိဂ္ဂဟသုတ္တန်ကို နေမ၀င်မီ ပြီးဆုံးအောင် ဟောကာဂိဇ္ဈကုဋ်တောင်မှ ဆင်းခဲ့ပြီး ဝေဠုဝန်ကျောင်းတော်သို့ ၀င်ရောက်တော်မူတဲ့ အချိန်မှာ (၁) တပို့တွဲလပြည့်နေ့ ဖြစ်ခြင်း၊ (၂) ဘယ်သူတစ်ယောက်မှ ကြိုတင်ပင့်ဖိတ်မထားဘဲ မိမိတို့သဘော ဓမ္မတာအတိုင်း ရဟန်းပေါင်း ၁၂၅၀ (ဥရုဝေလ ကဿပညီနောင်ရဟန်း ၁၀၀၀ နဲ့ အဂ္ဂသာဝကကြီး နှစ်ပါးအဖွဲ့မှ ၂၅၀) တို့ စည်းဝေးမိခြင်း၊ (၃) ထို ၁၂၅၀ ရဟန်းတော်အားလုံး ဧဟိဘိက္ခုရဟန်းဖြစ်ခြင်း၊ (၄) ထိုရဟန်းအားလုံး ဆဠဘိည-အဘိညာဉ်ခြောက်ပါး ရရှိကြတဲ့ ရဟန္တာဖြစ်ခြင်း၊ ဒီအင်္ဂါလေးရပ်နဲ့ ပြည့်စုံတဲ့ သာဝကသန္နိပါတ (သာဝက အစည်းအဝေးကြီး) ပြုတော်မူပြီး အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန် မထေရ်ကြီးနှစ်ပါးကို အဂ္ဂသာဝက ရာထူးအပ်နှင်း ပေးသနားတော်မူတယ်။ ဒီတပို့တွဲလပြည့်နေ့ ညနေချမ်း အချိန်မှာပဲ ဘုရားရှင်တိုင်း မစွန့်ရာ သြ၀ါဒပါတိမောက် ဒေသနာတော်ကို ပြတော်မူပါတယ်။ ကျွန်ုပ်တို့ ကိုးကွယ်ရာ သုံးလောကထွတ်ထား ဂေါတမမြတ်ဘုရားမှာ အင်္ဂါလေးရပ်နဲ့ ပြည့်စုံတဲ့ သာဝက သံဃာ့အစည်းအဝေးကြီးမှာ ထူးထူးခြားခြား တစ်ကြိမ်တစ်ခါသာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီအစည်းအဝေးကြီးမှာ သြ၀ါဒပါတိမောက် ပထမဆုံး ပြတော်မူတယ်။ ထိန်းသိမ်းစောင့်ရှောက် လိုက်နာသူကို အပါယ်ဒုဂ္ဂတိဘေးစသည်မှ လွတ်မြောက်စေတတ်လို့ ဘုရားရှင်တို့ရဲ့ အကျဉ်းချုပ် အဆုံးအမ သြ၀ါဒနဲ့ ပညတ်တော်မူတဲ့ သိက္ခာပုဒ် ဥပဒေတွေကို ပါတိမောက်လို့ ခေါ်ပါတယ်။ ပါတိမောက်မှာ သြ၀ါဒပါတိမောက် အာဏာပါတိမောက်လို့ နှစ်မျိုးရှိတယ်။ သြ၀ါဒပါတိမောက်ကို ဘုရားရှင်တို့သာ ပြတော်မူကြတယ်။

သြ၀ါဒပါတိမောက် ဒေသနာကတော့ ခန္တီပရမံတပေါ တိတိက္ခာစတဲ့ ဂါထာသုံးပုဒ်ကို ရဟန်းရှင်လူတိုင်း လေ့လာလိုက်စား ကျင့်ကြံအားထုတ်မယ် ဆိုပါက အပါယ်တံခါးပိတ်ကာ နိဗ္ဗာန်တံခါး ပွင့်ဖွင့်ဝင်နိုင်တဲ့ သော့တံနဲ့ တူပါကြောင်း တပို့တွဲလပြည့် သြ၀ါဒပါတိမောက် ဒေသနာတော်နေ့ အမှတ်ရကြစေဖို့ ရေးသားလိုက်ရပေသတည်း...။
Writer: 
ပြည်ရွှေဘို ဆရာတော် (ရန်ကုန်)
-

လေးပွင့်ဆိုင်ဆွေးနွေးပွဲ တက်ရောက်ခဲ့၍ ဒေါက်တာသိန်းလွင်ကို ဒီချုပ်က စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်မည်ဟု ထုတ်ပြန်

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင်တွေ့ဆုံမှုတွင် NNER ကိုယ်စားလှယ်အဖြစ် ပါဝင်ဆွေးနွေးနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အရန်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာသိန်းလွင်သည် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ကြိုတင်သဘောတူညီချက်မရရှိဘဲ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့်အတွက် ပါတီ စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်တစ်စောင် ထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂ ရက်က အဆိုပါကြေညာချက်မတိုင်မီ နာရီအနည်းငယ်ခြား၍ ဒီချုပ်က ဒေါက်တာသိန်းလွင်အား စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့ပြီး ထပ်မံထုတ်ပြန်ရာတွင် စည်းမျဉ်းစည်းကမ်းနှင့် အညီ ဆက်လက်ဆောင်ရွက်မည်ဟု ပါရှိခြင်းဖြစ်သည်။
ပထမ ကြေညာချက်တွင် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် အဆိုပါအစည်းအဝေးသို့ တက်ရောက်လျက်ရှိသော NNER (နိုင်ငံလုံးဆိုင်ရာပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက်) ၏ ကိုယ်စားလှယ် ဒေါက်တာ သိန်းလွင်သည်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် မဟုတ်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ အနေဖြင့် အဖွဲ့ချုပ်၏ စည်းမျဉ်းစည်းကမ်းများအရ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ကြိုတင်သဘောတူညီချက်မရှိဘဲ အခြားအဖွဲ့အစည်းတွင် ဦးဆောင်ပါဝင်ဆောင်ရွက်ခွင့်မရှိကြောင်း ဖော်ပြထားပြီး အဖွဲ့ချုပ်၏စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ခြင်းအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဟု ဒီချုပ်က  ကြေညာချက်အမှတ် ၈/ ၀၂/၂၀၁၅ ဖြင့် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ကြေညာချက်နှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏  ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းအား ဆက်သွယ်မေးမြန်းရာတွင် ‘‘ကျွန်တော်အဲဒီကြေညာချက်နဲ့ ပတ်သက်ပြီး ဖြေဖို့ အဆင်သင့်မဖြစ်သေးပါဘူး’’ဟု ပြန်လည်ဖြေကြားခဲ့သည်။
ဒီချုပ်က ဒုတိယအကြိမ်ထုတ်ပြန်ချက်တွင်မူ ဒေါက်တာသိန်းလွင်သည် ဒီချုပ်ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ပြီး ဒီချုပ်အဖွဲ့ဝင်များအနေဖြင့် အခြားအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အပ်နှင်းသော တာဝန်အရသာ ဆောင်ရွက်ခွင့်ရှိသည်။
ထို့ကြောင့် ဒီချုပ်က စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဟု ပြင်ဆင်ဖော်ပြထားသည်။
ဒီချုပ်၏ ပထမ ကြေညာချက်ထွက်ပေါ်လာပြီး နောက်ပိုင်းတွင် NNER မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ အိတ်ဖွင့်ပေးစာတစ်စောင်ကို ဖေဖော်ဝါရီ ၂ ရက်က ပေးပို့ကြောင်း ထုတ်ပြန်သည်။
အဆိုပါ အိတ်ဖွင့်ပေးစာတွင် ဒေါက်တာသိန်းလွင်သည် NLD ပါတီ၏ အဖွဲ့ဝင်ဖြစ်သော်လည်း NNER တွင် မိမိဆန္ဒအလျောက် ဦးဆောင်ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျောင်းသားများ၏ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု အရေးကြီးလှသော အချိန်တွင်မှ ကြေညာချက်ထုတ်ပြန်လိုက်ခြင်းအပေါ် နားမလည်နိုင်ဖြစ်သဖြင့်  ဖြေရှင်းပေးစေလိုကြောင်း တောင်းဆိုထားသည်။
‘‘NLD က သူတို့ NLD ကို ကိုယ်စားမပြုပါဘူးဆိုပြီးတော့ ပြောတယ်။ ပါတီစည်းကမ်းတွေကို မလိုက်နာပါဘူးလို့ ပြောတယ်။ ဒီစည်းကမ်း၊ မူဝါဒတွေက လက်ရှိ ဒီလေးပွင့်ဆိုင်ဆွေးနွေးပွဲကို သွားလိုက်တဲ့အပေါ်မှာ ဘာတွေများ NLD ကို ဆိုးကျိုးဖြစ်သွားစေလဲဆိုတာ မေးခွန်းပြန်မေးချင်ပါတယ်’’ဟု NNER အဖွဲ့ဝင် ဒေါ်သူသူမာကပြောသည်။
ထို့အတူ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရန် သပိတ်မှောက်ဆန္ဒပြနေသည့် ကျောင်းသားများကို  ဦးဆောင်နေသည့် ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထုတ်ပြန်ကြေညာချက်သည် လေးပွင့်ဆိုင်ညှိနှိုင်းဆွေးနွေးမှုကို နှောင့်နှေးစေသည့်သဘော သွယ်ဝိုက်သက်ရောက်စေသည့်အတွက် ကြေညာချက်ကို အချိန်ကိုက်မထုတ်ပြန်သင့်ကြောင်း သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
‘‘ဒီလို ထုတ်ပြန်ချက်ထုတ်လိုက်တဲ့အတွက် ဆွေးနွေးပွဲကို ထိခိုက်မှုမျိုးတော့မရှိပါဘူး။ ဒီမိုကရေစီပညာရေး လှုပ်ရှားမှုအပေါ်မှာတော့ ဒီလိုကြေညာချက်ထုတ်ပြန်ခြင်းမျိုးက အန္တရာယ်ရှိလာမှာကို စိတ်ပူမိတာတော့ အမှန်ပဲ’’ ဟု သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် မဖြိုးဖြိုးအောင်ကပြော သည်။
ဒေါက်တာသိန်းလွင်သည် NNER  စတင်ဖွဲ့စည်းသော ၂၀၁၃ဇန်န၀ါရီလကတည်းက ပါဝင်ခဲ့သူဖြစ်ကာ မြန်မာနိုင်ငံပညာရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများ လုပ်ဆောင်နေသူတစ်ဦးလည်းဖြစ်သည်။
7Day

ကျောင်းသားများစည်းကမ်းမဲ့လွန်း၍လေးပွင့်ဆိုင်ဆွေးနွေးပွဲပျက်


နေပြည်တော်၊ 

ပညာရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သော ပညာရေးဥပဒေပြင်ဆင်ရေး ဆိုင်ရာ လေးပွင့်ဆိုင်
ဆွေးနွေးပွဲတွင် ကျောင်းသားများဘက်က စည်းကမ်းမဲ့ ပြုမူခဲ့၍ ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နောက်ပိုင်းသို့ ရွှေ့ဆိုင်းလိုက်ကြောင်း သတင်း ရရှိသည်။

“မနက်ကတည်းက ဖြစ်နေတာ။ အစိုးရက NNER ကိုယ်စားလှယ် ၁၅ ဦး၊ ကျောင်းသား ကိုယ်စားလှယ် ၁၅ ဦး အစည်းအဝေး ခန်းမထဲ ၀င်ခွင့်ပေးတယ်။ ကျောင်းသားတွေက ပျဉ်းမနား ဗကသ အပါအ၀င် လူပေါင်း ၁၀၀ ကျော် ၀င်ခွင့်တောင်းတယ်။ နောက် ကျောင်းသားတွေနဲ့ ပါလာတဲ့ မီဒီယာတွေကို ၀င်ခွင့်ပေးဖို့ တောင်းတယ်။ အစိုးရက ပြန်ပြောတာကတော့ မီဒီယာတွေက စိစစ်ပြီး ၀င်ခွင့် ကဒ်ပြားတွေ ထုတ်ပေးထားလို့ အစည်းအဝေးခန်းထဲတောင် ရောက်နေပြီ ဆိုပြီး ပြန်ရှင်းတယ်။ အဲဒါကတော့ အမှန်ပါပဲ။ ကျွန်တော်တို့ အထဲ ရောက်နေပြီ။ ကျောင်းသားတွေ ခေါ်လာတဲ့ မီဒီယာသမား ဆိုတာတွေ ကျွန်တော်တို့တော့ မသိဘူး” ဟု သတင်းသွားယူခဲ့သည့် သတင်းထောက်တစ်ဦးက ပြောသည်။

“ပထမတော့ ၁၅ ဦး၊ ကျောင်းသားတွေ တောင်းဆိုလို့ နောက်ထပ် ၅ ဦး ထပ်မံ ခွင့်ပြုပေးမယ်။ ကျန်တဲ့သူတွေကတော့ ဆွေးနွေးတာ သိအောင် ပရိုဂျက်တာနဲ့ ထိုးပေမယ် လို့ ညှိတယ်။ ဒါပေမယ့် ကျောင်းသားတွေက အကုန်လုံး ၀င်ခွင့် မရရင် ဆွေးနွေးပွဲ မတက်ဘူး ဆိုပြီး တောင်းဆိုတယ်။ ကျွန်တော်တို့ သေသေချာချာ ပြင်ဆင်ထားပါတယ်။ လေးပွင့်ဆိုင် ပုံစံ စားပွဲတွေ ပြင်ထားပါတယ်။ မီဒီယာတွေ ၀င်ခွင့် မပေးဘူး ဆိုတာ မဟုတ်ပါဘူး။ သူတို့အဖွဲ့နဲ့ ပါလာတဲ့ မီဒီယာဆိုတာက ဘယ်လိုလဲတော့ မသိဘူး။ ရုံးထဲမှာ မီဒီယာတွေ ရောက်နေပြီးသားပါ” ဟု ပညာရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ပြောတယ်။ မောင်ကျောင်းသားတွေ အချိန် မရှိဘူး။ ဒို့လည်း လွှတ်တော်ကိစ္စတွေ ရှိတယ်။ တွေ့ဆုံဆွေးနွေးတယ် ဆိုတာ ဒီလိုပဲ ကိုယ်စားလှယ်အရေးအတွက် ကန့်သတ်ပြီး ဆွေးနွေးကြရတာပဲ။ အဓိက မကျတဲ့သူတွေ အကုန်လုံးတော့ ၀င်လို့ ဘယ်ရမလဲ။ အစည်းအဝေးခန်းမရဲ့ အနေအထားလည်း ရှိသေးတယ် လို့ ပြောတယ်။ ဒါပေမယ့် ကျောင်းသားတွေက လက်မခံဘူး။ အကုန်လုံး အစည်းအဝေးခန်းထဲ မ၀င်ရရင် မတက်ဘူး ဆိုပြီး ပြောတယ်။ နောက်ဆုံးတော့ သမ္မတကြီးဆီက သဘောထား လာတယ်။ ၁၂ ရက်နောက်ပိုင်းကို ရွှေ့လိုက်တယ်ပေါ။ ပြီးတော့ ကျောင်းသားတွေအနေနဲ့ ဘယ်ကျောင်းသားထုကို ကိုယ်စားပြုတယ်၊ ဘယ်သူတွေရဲ့ ကိုယ်စားလှယ်ဖြစ်တယ် ဆိုတာ အထောက်အထား ယူခဲ့ဖို့ ၀န်ကြီး ဦးအောင်မင်းက ပြောခဲ့ပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

ကျောင်းသားများနှင့် အတူ လိုက်ပါလာသူများမှာ လူပေါင်း ၁၀၀ ကျော်ရှိပြီး ပျဉ်းမနား ဗကသ ဟု ပြောသည့် အဖွဲ့တစ်ခုတည်းပင်လျှင် ၅၀ ကျော် ရှိကြောင်း သတင်းရရှိသည်။
oppsiteeye

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ