မြန်မာ-ထိုင်း နှစ်နိုင်ငံကြား ဗီဇာမလိုဘဲ ၁၄ ရက်ကြာ သွားလာနိုင်ရန် နှစ်နိုင်ငံသဘော တူညီမှုရရှိပြီဖြစ်ပြီး သြဂုတ်လ ကုန်တွင် ဗီဇာကင်းလွတ်ခွင့် စတင်အသက်ဝင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဗီဇာကင်းလွတ်ခွင့် နှစ်နိုင်ငံသဘောတူညီချက် နားလည်မှု စာချွန်လွှာ (MoU)ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင် ၂၈ ရက် ၌ နှစ်ဖက်နိုင်ငံခြားရေးဝန်ကြီးအဆင့် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန ကောင်စစ်ရေးရာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဦးက ပြောသည်။
‘‘ထိုင်းဘက်က လေဆိပ်ဝင်ပေါက်တွေမှာ ပထမအဆင့်လက် မှတ်ရေးထိုးချင်တယ်လို့ ကမ်းလှမ်းလာပါ တယ်။ ဒီဘက်လ၀က ကလည်း ကန့်ကွက်မှုမရှိတာကြောင့် လက်မှတ်ရေးထိုး သဘောတူလိုက်တာပါ’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။
MoU လုပ်ငန်းသဘောအရ လက်မှတ်ထိုးပြီး တစ်လအကြာတွင် ဗီဇာကင်းလွတ်ခွင့်နှင့် အသက်ဝင်မည် ဖြစ်ကြောင်း ဦးစိန်ဦးက ပြောသည်။
ယခုကဲ့သို့ ဗီဇာကင်းလွတ်ခွင့်ကို အာဆီယံနိုင်ငံများအကြား သဘောတူညီမှုအဖြစ် လုပ်ဆောင်နေပြီး အဆိုပါ အစီအစဉ်အတွက် လွန်ခဲ့သည့် ၂ နှစ်က စတင်လုပ်ဆောင်လာခြင်းဖြစ်သည်။ မြန်မာဘက်က နယ်စပ်ဝင်ပေါက် လေးခုတွင်ပါ ဗီဇာကင်းလွတ်ခွင့် တောင်းဆိုထားသော်လည်း ထိုင်းဘက်မှ လေဆိပ်ဝင် ပေါက် ၂၃ခုသာ ပထမအဆင့်အနေဖြင့် လက်မှတ်ရေးထိုးလိုကြောင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကမ်းလှမ်းလာခဲ့သည်ဟု၎င်းက ဆက်လက်ပြောကြားသည်။
ထိုင်းအစိုးရက နှစ်နိုင်ငံကြား ဗီဇာမလိုဘဲ သီတင်းနှစ်ပတ်ကြာ သွားလာနိုင်သည်ဟု ဇူလိုင် ၂၁ ရက်တွင် ၀န်ကြီးအစည်းအဝေး၌ ဆုံးဖြတ်ခဲ့သည်ဟု ထိုင်းအစိုးရက ၀က်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ဗီဇာကင်း လွတ်ခွင့်နှင့်ပတ်သက်၍ သံတမန်နှင့် အစိုးရလုပ်ငန်းများအတွက် နိုင်ငံပေါင်း ၁၇ နိုင်ငံကို ခွင့်ပြု ထားသည်။ သာမန်ပြည်သူများမှာ အာဆီယံကိုးနိုင်ငံအနက် စင်ကာပူနှင့် ထိုင်းမှလွဲ၍ ကျန်ခုနစ် နိုင်ငံသို့ ဗီဇာမလိုဘဲ အပြန်အလှန်သွားလာခွင့် ရရှိထားပြီးဖြစ် သည်။
7Day Daily
No comments:
Post a Comment