သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် သရက်ပင်ဆိပ်ကျေးရွာဝန်းကျင်တွင် မိုးများအဆက်မပြတ် ရွာသွန်းခဲ့ခြင်း ကြောင့် ဒေသရှိလယ်မြေဧက ၃၀၀ ကျော် ရေနစ်မြုပ်နေပြီး ပြည် - ရန်ကုန်ကားလမ်းမကြီးလည်း ရေကြီး ရေလျှံနေကြောင်း ဒေသခံများထံမှ သိရသည်။
‘‘မိုးအဆက်မပြတ်ရွာနေတာ ငါးရက်လောက်ရှိပြီ။ ဒီအနီးတစ်ဝိုက်က ရွာတွေက လယ်တွေရေနစ်တာဧက ၃၀၀ ကျော်လောက်ရှိမယ်။ ကားလမ်းမကြီးလည်း မနက်အစောပိုင်းကတည်းက ရေကြီးရေလျှံဖြစ်နေတာ အခုထိ မကျသေးဘူး’’ ဟုသရက်ပင်ဆိပ်ကျေးရွာဒေသခံ ဦးအိစံက ပြောသည်။
အုတ်ဖိုမြို့နယ် သရက်ပင်ဆိပ်ချောင်း ရေကြီးရေလျှံမှုကြောင့် အနီးဝန်းကျင်ရှိ သရက်ပင်ဆိပ်၊ ချောင်းနား တန်း၊ ဥသျှစ်ကုန်းအစရှိသည့် ကျေးရွာများမှ လယ်မြေဧကများ ရေနစ်မြုပ်ရခြင်းဖြစ်ကြောင်း၊ ဇူလိုင် ၂၈ ရက် နေ့လယ်ပိုင်းအထိ မိုးများအဆက်မပြတ် ရွာသွန်းနေကြောင်း ဒေသခံများက ပြောသည်။
‘‘မိုးစပါးတွေက စိုက်ထားတာ သိပ်မကြာသေးဘူး။ တစ် ရက်၊ နှစ်ရက်လောက်အတွင်း ရေကျသွားရင် ကိစ္စမရှိပေမယ့် တစ်ပတ်လောက် ရေမကျရင်ပျက်စီးကုန်မှာပါ’’ဟု သရက်ပင်ဆိပ်ကျေးရွာနေ ဦးကျော်ဝင်း က ပြောသည်။
ဇူလိုင် ၂၈ ရက် နံနက်မှစတင်ကာ အုတ်ဖိုမြို့ သရက်ပင်ဆိပ်ကျေးရွာအနီး ရန်ကုန်-ပြည်ကားလမ်းမကြီး ပေါ်တွင် ရေကျော်ခဲ့ခြင်းကြောင့် ခရီးသွားယာဉ်များ နာရီဝက်ခန့်ကြာပိတ်မိခဲ့ပြီး တာဝန်ရှိသူများက ခရီး သွားများအား အကူအညီများပေးနေကြောင်း သိရသည်။
‘‘လမ်းမပေါ် ရေကျော်စီးနေတာ ရေစီးသန်တယ်။ ကားလေး တချို့က ရပ်ထားကြတယ်။ ကားကြီးတွေ တောင် မနည်းဖြတ်ရတယ်။ ကြန့်ကြာမှုရှိတာပေါ့။ လမ်းသွားလမ်းလာတချို့ကို တာဝန်ရှိသူတွေလာပြီး ကူညီပေးနေ ရတယ်’’ဟု ပေါင်းတည်မြို့မှ သာယာဝတီမြို့သို့ မော်တော်ယာဉ်ဖြင့် ခရီးသွားသူ ကိုချစ်ကို က ဇူလိုင် ၂၈ ရက် နေ့လယ်တွင် ပြောသည်။
7Day Daily
No comments:
Post a Comment