ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ၀င်ရောက်ရန် မရှိသော်လည်း ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၁ ခု၌ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် ရုတ်တရက် ရေကြီးရေလျှံခြင်းများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
အဆိုပါမုန်တိုင်းငယ်သည် မောင်တောမြို့၏ အနောက်မြောက်ဘက် ၁၄ မိုင်ခန့်နှင့် စစ်တွေမြို့၏ အနောက်မြောက်ဘက်မိုင် ၁၉၀ ခန့်အကွာတွင် ပင်လယ်ပြင်ကိုဗဟိုပြုနေပြီး မုန်တိုင်းငယ်၏ လက်ရှိအခြေ အနေမှာ အ၀ါရောင်အဆင့်တွင်ရှိကာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိကြောင်း မိုးဇလက ဇူလိုင် ၂၇ ရက်၌ သတင်းထုတ်ပြန်သည်။
အဆိုပါမုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာကာ မြန်မာနိုင်ငံသို့ ၀င်ရောက်ရန် မရှိသော်လည်း ယင်းအရှိန်ကြောင့် မြန်မာနိုင်ငံပြည်နယ်နှင့် တိုင်းဒေသကြီးအတော်များများတွင် မိုးကြီးနိုင်ပြီး ကမ်းရိုးတန်း ဒေသများ၌ လေပြင်းအန္တရာယ် ကျရောက်နိုင်သည်ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။
ယင်းမုန်တိုင်းငယ်မှာ တစ်နေ့ချင်းပိုမိုအားကောင်းလာကာ ဆိုင်ကလုန်း မုန်တိုင်းအဖြစ် ဇူလိုင် ၃၁ ရက်တွင် အိန္ဒိယနိုင်ငံ ကမ်းခြေသို့ ၀င်ရောက်ဖွယ်ရှိသည်ဟု ဦးထွန်းလွင်က ခန့်မှန်းထား သည်။
အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူး တိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်း၊ ချင်း၊ ရခိုင်၊ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေ ရာအနှံ့အပြားမိုးရွာပြီး ဒေသအ လိုက် နေရာကွက်၍ မိုးကြီးနိုင်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် ရုတ်တရက်ရေကြီးခြင်းများ ဖြစ်ပေါ်လာနိုင် သည်ဟု မိုးဇလက သတင်းထုတ်ပြန်ထားသည်။
မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်၍ လှိုင်းကြီး နိုင်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီမိုင် ၄၀ မှ ၄၅ မိုင် အတွင်း တိုက်ခတ်နိုင်သောကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများကို ကြိုတင်သတိပြုရန် မိုးဇလက သတိပေးထား သည်။
ရခိုင်၊ ချင်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် မိုးကောင်းနေပြီး ချောင်းနှင့် မြစ်များရေမြင့်တက် လာနေသောကြောင့် ရေဘေးအတွက် စိုးရိမ်နေရကြောင်း ဒေသခံများက ပြောကြားသည်။
7Day Daily
No comments:
Post a Comment