Wednesday, July 15, 2015

ဆင်းမ်ကတ်တစ်ခု၏ ပျမ်းမျှထုတ်လုပ်မှု ကုန်ကျစရိတ် ၂၅၀ ကျပ်ခန့်သာရှိ

မိုဘိုင်းဆင်းမ်ကတ်တစ်ခုသည် ပျမ်းမျှထုတ်လုပ်မှု ကုန်ကျစရိတ် ၂၅၀ ကျပ်နှင့် ငွေဖြည့်ကတ်တစ်ခုလျှင် ၅၀ ကျပ်သာကျသင့်ကြောင်း ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဇူလိုင်လ ဒုတိယအပတ်အတွင်း ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်တွင် ပြန်လည် ဖြေ ကြားခဲ့သည်။

အဆိုပါဆင်းမ်ကတ်နှင့် ငွေဖြည့်ကတ်တို့၏ ထုတ်လုပ်မှုကုန်ကျစရိတ်တို့ကို လှိုင်မြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာဝင်းမြင့်က မေးမြန်းခဲ့ရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်း က ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး၏ ဖြေကြားချက်အရ ဆင်းမ်ကတ်တစ်ခု၏ ပျမ်းမျှထုတ်လုပ်မှုကုန်ကျစရိတ်သည် ၂၅၀ ကျပ်သာ ဖြစ်သော်လည်း ဖြန့်ဖြူးမှုကုန်ကျစရိတ်၊ ကတ်အရည်အသွေးနှင့် မှတ်ဉာဏ်ပမာဏတို့အပေါ် မူတည်၍ ၈၅၀ ကျပ်မှ ၁,၂၅၀ ကျပ်ခန့်အထိလည်း ကုန်ကျနိုင်ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ငွေဖြည့်ကတ်တစ်ခု၏ ကုန်ကျစရိတ်မှာ ၅၀ ကျပ်သာ ဖြစ်သော်လည်း အရောင်းကော်မရှင်ခနှင့် ဖြန့်ဖြူးမှုကုန်ကျစရိတ်များ ပေါင်းလိုက်ပါက အနည်းဆုံး ၁၀၀ ကျပ်မှ ၂,၅၀၀ ကျပ်ခန့်အထိ ကုန်ကျနိုင် ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဂျပန်လုပ်ငန်းစုနှင့် ပူးပေါင်းခဲ့သည့် ၂၀၁၄ စက်တင်ဘာမှ ၂၀၁၅ ဇွန်လကုန်အထိ မိုဘိုင်းဆင်းမ်ကတ်ပေါင်း ၈ ဒသမ ၆ သန်းကျော် ရောင်းချပေးခဲ့ပြီး ရောင်းရငွေ ကျပ် ၉,၁၅၃,၆၀၉ သန်း ရရှိကာ ဖုန်းပြောဆိုခနှင့် အင်တာနက်သုံးစွဲခတို့အတွက် ငွေဖြည့်ကတ်ရောင်းချမှုမှ ကျပ် ၅၇၄,၉၆၇,၃၄၂ သန်း ရရှိခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး၏ ဖြေဆိုချက်တွင် ပါရှိသည်။

ပြည်ပအော်ပရေတာများဖြစ်သည့် အူရီးအူးနှင့် တယ်လီနောတို့တွင်လည်း ထုတ်လုပ်မှု ပျမ်းမျှကုန်ကျ စရိတ်မှာ မိုဘိုင်းဆင်းမ်ကတ်တစ်ခုလျှင် ၂၅၀ ကျပ်နှင့် ငွေဖြည့်ကတ်တစ်ခုလျှင် ၅၀ ကျပ်ခန့် ဖြစ်သော်လည်း ထုတ်လုပ်သည့်အရည်အသွေးနှင့် ဖြန့်ဖြူးသည့်ပုံစံတို့အပေါ်မူတည်၍ အနည်းငယ် အပြောင်းအလဲ ရှိနိုင်ကြောင်း သိရသည်။

7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ