ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ (ဃ) ကို ပြင်ဆင်မည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ယခုကာလအတွင်း ခေတ္တဆိုင်းငံ့ထားသင့်ကြောင်းနှင့် မဖြစ်မနေဆောင်ရွက်မည်ဆိုပါက ဘဏ္ဍာငွေကျပ်သန်း ၄,၇၀၀ ကျော် ကုန်ကျမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်ထောင်စုလွှတ်တော်နာယကထံ ဇူလိုင် ၁၆ ရက်စွဲဖြင့် စာတစ်စောင်ပေးပို့ထားသည်။
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို အထွေထွေရွေးကောက်ပွဲနှင့် ပူးတွဲကျင်းပပေးရန် ပြည်ထောင်စုလွှတ်တော် နာယကက ပေးပို့ထားသည့် စာအပေါ် ရွေးကောက်ပွဲကော်မရှင်က အထက်ပါအတိုင်း ပြန်လည်အကြောင်း ကြားခြင်း ဖြစ်သည်။
အခြေခံဥပဒေပုဒ်မ ၅၉ (ဃ)ကို ပြင်ဆင်ပြဋ္ဌာန်းချက်သည် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များကိုလည်းကောင်း၊ လွှတ်တော်အသီးအသီး၏ လုပ်ငန်းဆောင်ရွက်ချက်များကို လည်းကောင်း၊ နိုင်ငံတော် လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် လည်းကောင်း ယခုလောလောဆယ် ကာလအတွင်း ပြောင်းလဲမှု၊ အကျိုးသက်ရောက်မှုများစွာ မရှိသေးသည်ကို လေ့လာတွေ့ရှိရသည်ဟု ကော်မရှင်၏ လွှတ်တော်နာယကထံ ပေးပို့သည့် စာတွင် ဖော်ပြထားသည်။
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ရွေးကောက်ပွဲနှင့်အတူ ပူးတွဲကျင်းပခြင်းဖြင့် အချိန်၊ လုပ်အားနှင့် ဘဏ္ဍာငွေ ကုန်ကျမှုများ သက်သာမှုရှိစေနိုင်သော်လည်း သီးခြားဆောင်ရွက်ရမည့်ကိစ္စဖြစ်ပြီး လိုအပ်သည့် အထောက်အကူပြုပစ္စည်းအတွက် နိုင်ငံတော်ဘဏ္ဍာငွေ ကျပ် ၄၇၂၉ ဒသမ ၀၄၃ သန်း အနည်းဆုံးကျခံ သုံးစွဲရမည်ဟု ယင်းစာတွင် ပါရှိသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပေးပို့ထားသော စာကို မနက်ဖြန် (ဇူလိုင်-၂၂)တွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ်များက ဆွေးနွေးမည်ဖြစ်ပြီး လွှတ်တော်၏ အဆုံးအဖြတ်ကို တစ်ပါတည်းရယူမည်ဖြစ်ကြောင်း ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နာယက သူရဦးရွှေမန်းက ပြောသည်
နိုင်ငံတော်သမ္မတအရည်အချင်းသတ်မှတ်ချက်တစ်ခုဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (ဃ) တွင် မူလပြဋ္ဌာန်းချက်ဖြစ်သည့် စစ်ရေးအမြင်နေရာတွင် ကာကွယ်ရေးအမြင်ဟူ၍ အစားထိုးပြင်ဆင်မှုကို အတည်ပြုနိုင်ရန် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်ရမည်ဖြစ်သည်။
7Day Daily
No comments:
Post a Comment