အီရန်နိုင်ငံရဲ့ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ထားမယ့် သမိုင်းဝင် သဘောတူညီချက်ကို ထောက်ခံ မယ်လို့ ဆော်ဒီအာရေးဗီးယားနိုင်ငံ ခေါင်းဆောင်တွေက သူ့ကို အာမခံချက်ပေးခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Ash Carter က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီး ကာတာကဆော်ဒီ ဘုရင် Salman၊ ကာကွယ်ရေးဝန်ကြီး Mohammed bin Salman တို့အပြင် တခြားအရာရှိတွေနဲ့ Jeddah မြို့မှာ တွေ့ဆုံအပြီး၊ အီရန်နဲ့ ရရှိခဲ့တဲ့ သဘောတူညီချက်ကို့ ဆော်ဒီခေါင်းဆောင်တွေ သဘောတူ လက်ခံကြောင်း သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။
အီရန်နဲ့ ရရှိခဲ့တဲ့ သဘောတူညီချက်ကို ထောက်ခံတယ်၊ ကန့်ကွက်တယ်ဆိုတာနဲ့ ပတ်သက်လို့ ဆော်ဒီ အစိုးရအရာရှိတွေက သဘောတူညီချက် ရပြီးကတည်းက အခုချိန်ထိ လူသိရှင်ကြား တစုံတရာ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနဲငယ်အတွင်း ထွက်ပေါ်လာတဲ့ သတင်းတွေမှာ ဒီသဘောတူညီချက်ကြောင့် အရှေ့အလယ်ပိုင်းမှာ ဒေသတွင်း ပြိုင်ဘက်ဖြစ်တဲ့ အီရန်ရဲ့အဆင့်ကို တိုးမြှင့် ပေးရာရောက်စေမှာနဲ့ လာမယ့် လအနည်းငယ်အတွင်း အီရန်အပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ ပြန်လည် ရုပ်သိမ်းပေးအပြီး၊ အီရန်အနေနဲ့ ငွေကြေးအင်အား တောင့်တင်းလာ မှာဖြစ်တာကြောင့် ဒေသတွင်း မတည်မငြိမ်မှုတိုးလာမှာကိုလည်း ဆော်ဒီအရာရှိတွေက စိုးရိမ်ကြတယ်လို့ ဖော်ပြထားပါတယ်။
သဘောတူညီမှုနဲ့ ပတ်သက်လို့ ဆော်ဒီဘက်က အဓိက စိုးရိမ်မကင်းဖြစ်မှုက အီရန်ဘက်က နျူကလီးယား လက်နက် ထုတ်လုပ်ခြင်း မရှိဘူးဆိုတာကို နိုင်ငံတကာ စစ်ဆေးရေးမှူးတွေက အတည်ပြုပေးနိုင်ရေးနဲ့ သဘောတူညီမှုကို ချိုးဖောက်ခဲ့ရင် အီရန်အပေါ် ပိတ်ဆို့မှုတွေကို ချက်ခြင်း ပြန်ချမှတ်နိုင်ရေး ဖြစ်တယ်လို့ ၀န်ကြီး ကာတာ က ပြောခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာ)
No comments:
Post a Comment