ဇူလိုင်လ ၁၉ ရက်နေ့၊ အာဇာနည်နေ့က ကျွန်တော်တို့ ဒိုက်ဦးမြို့ အိမ်ခြေလေးဆယ်ရွာမှာ စာပေ ဟောပြောပွဲတစ်ခုလုပ်ခဲ့ပါတယ်။ စာပေဟောပြောပွဲကို NLD ပါတီက ဦးဆောင်လုပ်တာဖြစ်ပြီး ပဲခူးတိုင်း NLD ဥက္ကဌ သိန်းဒန်နဲ့ ပါတီဝင် ၂၀၀ အပါအဝင် တောင်သူအချို့ တက်ရောက်ခဲ့ကြပါတယ်။
စာပေဟောပြောပွဲတွင် ဆရာမောင်သာချိုနဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဆိုတဲ့ ကိုမင်းကိုနိုင် လာရောက် ဟောပြောခဲ့ပါတယ်။ ကိုမင်းကိုနိုင်ဟောပြောတဲ့အခါ နော်ဝေနိုင်ငံ၌ ကိုယ်ဝန်ဆောင်မိခင် တစ်ဦးလျှင် တစ်လ မြန်မာငွေ လေးသိန်းကျော်ရရှိကြောင်း၊ အမေရိကန်နိုင်ငံတွင် မူလတန်းပြဆရာမ တစ်ဦး၏ လစာမှာ စစ်ဗိုလ်၏လစာထက်များကြောင်း ပြောဆိုခဲ့ပါတယ်။
နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံဆိုတာ ဖွံ့ဖြိုးတိုးတက်မှုမတူပါဘူး။ နယ်မြေဒေသနဲ့ သမိုင်းနောက်ခံတွေ မတူပါဘူး။ ဒီလိုမတူတဲ့အချက်တွေကိုတော့ ထည့်သွင်းပြောဆိုခြင်းမရှိဘဲ မတူညီသေးတာတွေကိုဘဲ ပြောဆိုသွားတာပါ။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတာ ၅ နှစ်မပြည့်သေးပါဘူး။ မင်းကိုနိုင် ပြောသွားတဲ့ အမေရိကန်တို့ နော်ဝေတို့ဆိုတာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့တာ နှစ်ပေါင်းရာချီနေပါပြီ။ ၂၀၁၄ ခုနှစ်က စစ်တမ်းတစ်ခုမှာ နော်ဝေနိုင်ငံက ဒီမိုကရေစီစံနှုန်း အဆင့် ၁၊ အမေရိကန်နိုင်ငံက ဒီမိုကရေစီ စံနှုန်း အဆင့် ၁၉ ရှိပြီး မြန်မာနိုင်ငံက ဒီမိုကရေစီစံနှုန်း ၁၄၁ သာ ရှိပါသေးတယ်။ ဒါဟာ မနှိုင်းယှဉ်သင့်တဲ့ အရာလို့ထင်ပါတယ်။ အမေရိကန်သမ္မတ အိုဘားမားရဲ့ လစာနဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ လစာဆိုရင်လည်း မိုးနဲ့ မြေလောက် ကွာပါတယ်။ အိုဘားမားက တစ်လကို မြန်မာငွေ သိန်း ၄၀၀ အပြင် ကျည်ကာကားတွေ၊ Air Force One လေယာဉ်ကြီးတွေ နဲ့ တခြားခံစားခွင့်တွေ ရပါတယ်။ မြန်မာသမ္မတက အများပြည်သူ အသုံးပြုတဲ့ လေကြောင်းလိုင်းဘဲ စီးပါတယ်။ ဒီလို မတူညီတာတွေကို အတင်းအဓမ္မ ညှိလို့မရပါဘူး။
မြန်မာနိုင်ငံဟာ ၂၀၁၁ ခုနှစ်မှာမှ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို သွားနေတာ ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်တုန်းက တော်လှန်ရေးကောင်စီ အနေနဲ့တပ်မတော်က နိုင်ငံရဲ့ဦးဆောင်မှု၊ ၁၉၇၄ ခုနှစ်မှာ လမ်းစဉ်ပါတီအစိုးရ၊ ၁၉၈၈ ခုနှစ် အရေးအခင်းပြီးတဲ့နောက် တပ်မတော်အစိုးရက တာဝန်ယူခဲ့တာဖြစ်ပြီး ၂၀၁၁ ခုနှစ်ကျမှ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပါတီစုံဒီမိုကရေစီလမ်းကြောင်း သွားနေတာဖြစ်ပါတယ်။
၅ နှစ်သား ဒီမိုကရေစီသက်တမ်းတစ်ခုမှာ တခြားနိုင်ငံတွေနဲ့ ခြေရာတိုင်းလို့မရပါဘူး။ ကိုမင်းကိုနိုင် ဥပမာပေးတဲ့နိုင်ငံတွေက သူ့ဘာသူ သွားနေတာဖြစ်ပါတယ်။ ဘဝပေးအခြေအနေခြင်း မတူပါဘူး။ ဒါကို မသိနားမလည်တဲ့ ဘုမသိ ဘမသိ တောင်သူလယ်သမားတွေကို စိတ်ကူးယဉ်ဆန်ဆန် နှိုင်းယှဉ်ပြသွားတာ မကောင်းပါဘူး။
၈၈ ကျောင်းသားတွေရဲ့ မိသားစုနဲ့ ကျွန်တော့်မိသားစုနဲ့ မတူပါဘူး။ ခင်များတို့ ဒီလိုဆန့်ကျင်ဘက် လုပ်ပြခဲ့ရင် ထောက်ပံ့ကြေးတွေရပေမယ့် ကျွန်တော်တို့ရွာသားတော့ ကိုယ့်အသက်မွေးဝမ်းကြောင်း အလုပ် လိုက်လုပ်မှ ကိုယ့်ဘဝလှပမှာပါ။
.
ဒိုက်ဦးသား
Oppositeye myanmar
No comments:
Post a Comment