Friday, January 30, 2015

(၁၉) ကြိမ်မြောက် ရွှေကျင်နိကာယသံဃာ့အစည်းအဝေးက "အပြည်ပြည်ဆိုင်ရာ ရွှေကျင်နိကာယသာသနာပြုဌာန" ကို ရန်ကုန်မြို့၌တည်ထောင်ရန်အပါအ၀င် ဆုံးဖြတ်ချက်ငါးရပ်ချမှတ်


(၁၉)ကြိမ်မြောက် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးကို ဇန်န၀ါရီ ၂၇ ရက်မှ ဇန်န၀ါရီ ၂၉ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတဇေတ၀န်တောရ ဆေကိန္ဒာရာမကျောင်းတိုက်တွင်ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေးမှ ရွှေကျင်နိကာယသာသနာပြန့်ပွားရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် "အပြည်ပြည်ဆိုင်ရာ ရွှေကျင်နိကာယသာသနာပြုဌာန" ကို ရန်ကုန်မြို့၌တည်ထောင်ရန်အပါအ၀င် ဆုံးဖြတ်ချက်ငါးရပ်ချမှတ်ခဲ့ကြောင်း သိရသည်။
    
ကျန်ဆုံးဖြတ်ချက်များမှာ "အပြည်ပြည်ဆိုင်ရာ ရွှေကျင်နိကာယသာသနာပြုဌာန" တည်ထောင်ရန်ကိစ္စကိုဆောင်ရွက်ရန်အတွက် သီတဂူဆရာတော် အရှင်ဥာဏိဿရ၊  အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသနှင့် ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒတို့ကိုတာဝန်ပေးအပ်ရန်၊ "အပြည်ပြည်ဆိုင်ရာ ရွှေကျင်နိကာယသာသနာပြုဌာန" တည်ထောင်ရန်ကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းစီမံချက်ရေးဆွဲပြီး (၁၉) ကြိမ်မြောက် ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးကြီး၏ ဒုတိယအကြိမ် ရွှေကျင်နိကာယ ဂိုဏ်းလုံးဝန်ဆောင် နာယကအစည်းအဝေးသို့တင်ပြရန်၊ ခေတ်ပေါ်နည်းပညာသုံးပစ္စည်းများအသုံးပြုရေးနှင့်ပတ်သက်၍ ရွှေကျင်ဂိုဏ်းသံဃာတော်များလိုက်နာရန် ညွှန်ကြားချက်ကို ဗဟိုဌာနမှထုတ်ပြန်ရန်နှင့် အကြိမ် (၂၀) မြောက် ရွှေကျင်နိကာယသံဃာ့အစည်းအဝေးကြီးကို ၁၃၇၉ခု နှစ် (၂၀၁၈ ခုနှစ်)တွင် မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတဇေတ၀န်တောရ ဆေကိန္ဒာရာမကျောင်းတိုက်၌ကျင်းပရန်တို့ဖြစ်ကြောင်း သိရသည်။
    
(၁၉) ကြိမ်မြောက် ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးက ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ၀ိဇ္ဇောတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ၀ိဇ္ဇောတ၊ မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ မတ္တရာသူဌေးကျောင်းဆရာတော် ဘဒ္ဒန္တမာနိတသိရီဘိဝံသနှင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုး၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဥာဏိဿရ တို့ကို ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာနာယကတွဲဖက်သာသနာပိုင် ဆရာတော်သုံးပါးကိုခန့်အပ်ခဲ့သည်။
    
ထို့ပြင် အစည်းအဝေးကြီးက ရွှေကျင်နိကာယဂိုဏ်းလုံးဝန်ဆောင် နာယကအဖွဲ့အကျိုးတော်ဆောင်အဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ သီဟိုဠ်ပရိယတ္တိ ရွှေကျင်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒနသာရကိုခန့်အပ်ခြင်း၊ ရွှေကျင်နိကာယ ရတ္တညူ မဟာနာယက ဆရာတော် ၇၉ ပါးခန့်အပ်ခြင်း၊ ရွှေကျင်နိကာယဂိုဏ်းလုံးဝန်ဆောင်နာယက ဆရာတော်အပါး ၂၀၀ ခန့်အပ်ခြင်း၊ ရွှေကျင်နိကာယဂိုဏ်းလုံးဝန်ဆောင် နာယကအဖွဲ့၏အလုပ်အမှုဆောင်ဆရာတော် အပါး ၂၀ ခန့်အပ်ခြင်းတို့ကိုပြုလုပ်ခဲ့သည်။
    
(၁၉) ကြိမ်မြောက် ရွှေကျင်နိကာယသံဃာ့အစည်းအဝေးကြီးအပြီး ဇန်န၀ါရီ ၂၉ ရက် ညနေပိုင်းတွင် (၁၉) ကြိမ်မြောက် ရွှေကျင်နိကာယသံဃာ့အစည်းအဝေးကြီး၏ ပထမအကြိမ်  ဂိုဏ်းလုံးဝန်ဆောင်နာယကအဖွဲ့အစည်းအဝေးကို ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။ (၁၉) ကြိမ်မြောက် ရွှေကျင်နိကာယသံဃာ့အစည်းအဝေးကြီးဖြစ်မြောက်ရေးအတွက် ပစ္စည်းလေးပါးထောက်ပံ့ကူညီမှုပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ မိသားစုအပါအ၀င် သာသနာပြု ဒါယကာ ဒါယိကာမများအား ဆရာတော်ကြီးများက ဂုဏ်ပြုလွှာများချီးမြှင့်ခြင်းကို ဇန်န၀ါရီ ၂၉ ရက်ကကျင်းပသည့် သံဃာ့အစည်းအဝေး တတိယနေ့ မွန်းလွဲပိုင်းတွင်ပြုလုပ်ခဲ့သည်။
eleven media 

Thursday, January 29, 2015

သပိတ်မှောက်စစ်ကြောင်း ရပ်ဆိုင်းရေး ကျောင်းသားများ သဘောထားကွဲလွဲ

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး အစိုးရကိုယ်စားလှယ်များနှင့် သပိတ်မှောက်ကျောင်းသားခေါင်းဆောင်များ နေပြည်တော်တွင် ဇန်န၀ါရီလ ၂၈ ရက်နေ့က တွေ့ဆုံဆွေးနွေးပြီးနောက် ရန်ကုန်သို့ ချီတက်နေသော ကျောင်းသား သပိတ်မှောက်စစ်ကြောင်း ခေတ္တရပ်ဆိုင်းရေး ကျောင်းသားများအကြား သဘောထားကွဲလွဲနေကြောင်း သိရှိရသည်။
နေပြည်တော်တွင် ဇန်န၀ါရီလ ၂၈ ရက်နေ့ အစိုးရကိုယ်စားလှယ်များနှင့် သပိတ်မှောက်ကျောင်းသားကိုယ်စားလှယ် များ ပူးတွဲ ထုတ်ပြန်သော ကြေညာချက်တွင် ကျောင်းသားများ တောင်းဆိုထားသော အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ၄ ပွင့်ဆိုင်တွေ့ဆုံရေး ဖေဖော်ဝါရီလ ၁ ရက်နေ့ စတင်ရန် ၊ တွေ့ဆုံဆွေးနွေးစဉ်ကာလအတွင်း ကျောင်းသားသပိတ် ရပ်ဆိုင်း ထားရေး ဆိုသော အချက်ပါဝင်ကြောင်း၊ သို့ရာတွင် ကျောင်းသားသပိတ် ရပ်ဆိုင်းရေး နှင့်ပတ်သက်၍ ကျောင်း သား များအကြား သဘောထားကွဲလွဲနေကြောင်း သိရသည်။
“ကျနော်သိရသလောက် လမ်းကြောင်း၂ ခု ဖြစ်နေတယ်။ ညှိနှိုင်းရေးအဖွဲ့ နဲ့ တိုက်ပွဲဝင်မယ့် အဖွဲ့ရှိနေတယ်။ ကျနော် တို့ဘက်က ပြောနိုင်တာက အဲဒီ ညှိနှိုင်းရေးအဖွဲ့ နဲ့ တိုက်ပွဲအဖွဲ့တို့  အတတ်နိုင်ဆုံး ညှိနှိုင်းပြီး သွားမယ်လို့ ယုံကြည် ပါတယ်” ဟု ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုအောင်နေပိုင်က ပြောသည်။
အစိုးရ၊ လွှတ်တော် ၊ ကျောင်းသားများ၊ မြန်မာနိုင်ငံ ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး ကွန်ရက် (NNER) တို့ ပါဝင်သော ၄ ပွင့်ဆိုင်  တွေ့ဆုံဆွေးနွေးမှုစတင်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ တွင် ကျောင်းသားသပိတ်ရပ်နားရေး ကိစ္စ  ကျောင်းသား အဖွဲ့များအကြား သဘောထားကွဲလွဲနေပြီး ခိုင်မာသော ကတိပြု မရလျှင် သပိတ်မရပ်နားဆိုသော ကျောင်းသားအဖွဲ့များလည်းရှိနေကြောင်း သိရှိရသည်။
ယနေ့တွင် မန္တလေးမှ ရန်ကုန်ကို ချီတက်နေသည့် ပင်မ သပိတ်လမ်းကြောင်းသည် ပုပ္ပားမှ ကျောက်ပန်းတောင်းကို ရောက်ရှိ နေပြီး ကျောက်ပန်းတောင် မြို့တွင်းတွင် လှည့်လည်နေကြောင်း၊ ယင်းသပိတ်လမ်းကြောင်းကို ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုမင်းသွေးသစ်၊ ကိုနန္ဒာစစ်အောင်၊ ကိုအောင်မှိုင်းဆန်း၊ ကိုအောင်နေပိုင်၊ မဖြိုးဖြိုးအောင်တို့က ဦးဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီတွင် ကော်မတီဝင် ၁၅ ဦး ပါဝင်ပြီး ယမန်နေ့က အစိုးရနှင့် သွား ရောက် တွေ့ဆုံရာတွင် ကိုယ်စားလှယ်များအဖြစ် ကိုအောင်မှိုင်းဆန်း၊ ကိုနန္ဒာစစ်အောင်၊ မဖြိုးဖြိုးအောင်၊ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုနန်းလင်း၊ ကိုဝေမိုးနိုင်၊ ကိုပြည့်ဖြိုးကျော်၊ ကိုချစ်ဝင်းမောင်၊ ကိုသန့်ဇင်ထွန်း ၁၀ ဦးတို့က သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ဧရာဝတီ

မန္တလေးမြို့လယ် စက်သုံးဆီဆိုင် မီးလောင်

မန္တလေးမြို့လယ်တွင်  ဖွင့်လှစ်ထားသော စက်သုံးဆီဆိုင်တစ်ဆိုင်၌ ဆီလှယ်ရာမှတစ်ဆင့် မီးလောင်မှု  ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဇန်န၀ါရီ ၂၉ ရက် ညနေ ၄  နာရီ ၅၅ မိနစ်က မန္တလေး မြို့  မဟာအောင်မြေမြို့နယ်၊ မဟာအရှေ့ရပ်ကွက်၊ ၃၉ လမ်း၊  ၈၁ လမ်းနှင့် ၈၂ လမ်းကြားတွင် ဖွင့်လှစ်ထားသော စက်သုံးဆီဆိုင်တစ်ဆိုင်၌   မီးလောင်ခဲ့ခြင်း ဖြစ်သည်။ လိုက်ထရပ်ကားပေါ်ရှိ ဆီပီပါများမှ အောက်တိန်း ၉၂ ဓာတ်ဆီကို  တရုတ်နီ ၅၆ အင် ဂျင်စက်ဖြင့် ဆိုင်ရှိ ဆီကန်သို့ ဆီ ထည့်စဉ် အင်ဂျင်အိတ်ဇောမှ မီး ပွားထွက်ကျကာ မီးလောင်ကျွမ်း ခဲ့ကြောင်း မီးသတ်မှတ်တမ်းတွင် ဖော်ပြထားသည်။
မီးလောင်မှုကြောင့် အမျိုး သားတစ်ဦးမီးဟပ်ခံရပြီး မီးသတ် တပ်သားတစ်ဦး   ဦးခေါင်း ပေါက်ပြဲဒဏ်ရာရရှိခဲ့သည်ဟု သ တင်းရရှိသည်။ အဆိုပါမီးလောင် ကျွမ်းသည့် ဓာတ်ဆီဆိုင်သည် မြို့လယ်ကောင်တွင် တည်ရှိနေသဖြင့် ဆိုင်မဖွင့်လှစ်မီကတည်းက ဘေးပတ်ဝန်းကျင်၌  နေထိုင် သူများက ကန့်ကွက်ခဲ့ကြကြောင်း ဒေသခံများက ပြောကြားသည်။ မီးလောင်ကျွမ်းချိန် ၂၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး ဓာတ်ဆီ၊ ဒီဇယ်ဂါလန်၄၀၀ ကျော်နှင့်  အတွင်းပစ္စည်း များ မီးလောင်ဆုံးရှုံးခဲ့ကာ ကျပ် ၂၄ သိန်းဖိုးခန့်ဆုံးရှုံးခဲ့သည်ဟု မီး သတ်က ခန့်မှန်းတွက်ချက်ထား သည်။  ယင်းဖြစ်စဉ်အတွက် ဆိုင်မန်နေဂျာအား အမှုဖွင့်အ ရေးယူထားကြောင်း  သတင်းရရှိ သည်။
7Day

အမျိုးသား လွှတ်တော်၌ ကိုးကွယ်မှုဘာသာ ဆိုင်ရာ ဥပဒေကြမ်း အတည်မပြုရန် ကန့်ကွက်မှုများရှိ


မျိုးစောင့်ဥပဒေပါ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းသည် နိုင်ငံရေးအရ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကာလ အတွင်း ဘာသာရေးကို ခုတုံးလုပ် လှည့်ကွက်ပြုရန် ဖော်ဆောင်နေခြင်း ဖြစ်သည်ဟု ယူဆသဖြင့် လွှတ်တော်မှ အတည်ပြု မပေး ရန် တားမြစ်ကန့်ကွက်မှုများ ရှိနေကြောင်း သိရသည်။
ယခုကျင်းပနေသည့် အမျိုးသား လွှတ်တော်၌ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဆွေးနွေးနေစဉ် အမေရိကန် ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်နှင့် ပြည်တွင်း အမျိုးသမီး အဖွဲ့အစည်းများ၊ ချင်းအမျိုးသား ညီလာခံ ဘုံ သဘောတူညီချက် အကောင်အထည်ဖော်ရေး ကော်မတီတို့က လွှတ်တော်သို့ ကန့်ကွက်စာများ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်း ဥပဒေကြမ်း အပါအ၀င် မျိုးစောင့် ဥပဒေဟု ခေါ်ဆိုသည့် ဥပဒေကြမ်း လေးခုသည် လက်ရှိအချိန်တွင် လွှတ်တော်အတွင်း မဆွေးနွေးသင့်သေးကြောင်း၊ လွှတ်တော်မှအတည်ပြုလိုက်ပါက လွှတ်တော် သိက္ခာကျဆင်းနိုင်ကြောင်း၊ လွှတ်တော်၏ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်က သုံးသပ်ထားကြောင်း ထိုကော်မရှင် အဖွဲ့ဝင် ဦးသန်းလွင်က ဧရာဝတီကို ပြောသည်။
ကန့်ကွက်ကြသူ အားလုံးက ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းသည် လက်ရှိ မြန်မာနိုင်ငံတွင် ကျင့်သုံးနေ သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်များနှင့် ကိုက်ညီမှုမရှိခြင်း၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၈ ပါ အချက်များနှင့် ဆန့်ကျင်နေခြင်း၊ ဘာသာရေးအရ ရှုပ်ထွေးမှု ဖြစ်စေခြင်းတို့ကြောင့် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ပြောဆိုကြသည်။
အမျိုးသား လွှတ်တော်တွင် ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ကန့်ကွက်ခဲ့သူ တဦးဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က“မြန်မာနိုင်ငံက ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး စာတမ်းတွေနဲ့ အခြား လူ့အခွင့်အရေးဆိုင်ရာ စာတမ်းတွေကို တက်တက်ကြွကြွ လက်မှတ်ထိုးထားပေမယ့် ဒီဥပဒေ တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားတာက လက်မှတ်ထိုးထားတာတွေကို ဖောက်ဖျက်တာနဲ့ အတူတူပဲ”ဟု ပြောသည်။
ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေအပါအ၀င် မျိုးစောင့်ဥပဒေ ၄ ခုကိုရေးဆွဲပေးရန် ၂၀၁၃ ခုနှစ်အတွင်း သံဃာတော် များနှင့် ပြည်သူများက လက်မှတ် ၁၅ သိန်းကျော်ဖြင့် သမ္မတထံ တောင်းဆိုခဲ့ရာ၌ သမ္မတက တိုက်ရိုက် ညွှန်ကြားချက်ဖြင့် ကော်မရှင်ဖွဲ့၍ ရေးသားစေခဲ့ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်တွင် ဥပဒေ မူကြမ်းအဖြစ် ထွက်ရှိလာခြင်း ဖြစ်သည်။
ဥပဒေမူကြမ်းများ ထွက်ရှိစဉ်က အမျိုးသမီး အဖွဲ့များ အပါအ၀င် လူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့အစည်း ၉၀ ကျော်နှင့် ဗုဒ္ဒဘာသာ ၀င် မဟုတ်သည့် အခြားဘာသာဝင်များက ၎င်းတို့ကို ခွဲခြားဆက်ဆံခြင်း ဖြစ်သည့်အတွက် လက်မခံနိုင်ကြောင်း ကန့်ကွက် ခဲ့ကြသည်။
ထိုဥပဒေကို ထောက်ခံသူ အမျိုးသား လွှတ်တော်အမတ် ဦးခင်မောင်လတ် က“ဗုဒ္ဒဘာသာအတွက် ကိုယ့်စည်းရိုး ကိုယ်ကာတာပါ၊ တချို့ဘာသာတွေက ပြန့်ကားလာပြီး လွှမ်းမိုးတာ ရှိတယ်၊ တနိုင်ငံလုံး အခြားဘာသာ ကူးပြောင်းသွားကြတဲ့ နိုင်ငံတွေ ကမ္ဘာမှာ ရှိတယ်၊ ဒါတွေကို ဥပမာ ယူရမယ်၊ ဘယ်သူ့ကိုမှ ထိခိုက်တဲ့ ဥပဒေ မဟုတ်ပါဘူး”ဟု ၎င်း၏ အမြင်ကို ပြောဆိုသည်။
မျိုးစောင့်ဥပဒေကို ရေးဆွဲရန် လွှတ်တော်သို့ အဆိုတင်သွင်းခဲ့သူ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က မျိုးစောင့်ဥပဒေ ကန့်ကွက်သူများအား ပုဂ္ဂိုလ်ရေးအရ ပုတ်ခတ်သည့် စကားလုံးများကိုသုံးစွဲ၍ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောဆိုခဲ့သည်ဆိုပြီး လွှတ်တော် ဥက္ကဋ္ဌ ၏ သတိပေးခြင်း ခံခဲ့ရသည်။
ဒေါ်ခင်ဝိုင်းကြည်က“၂၀၁၅ အတွက် နိုင်ငံရေးကို ဘာသာရေးနဲ့ ခုတုံးလုပ်တယ်လို့ပြောတာက အင်မတန်သေးသိမ်ပြီး နိုင်ငံရေး ရေ ချိန်နိမ့်ပြီး ပညာမျက်စိ အမြင်မရှိတဲ့သူတွေရဲ့ စွပ်စွဲချက်လို့ပဲ ပြောချင်တယ်”ဟု ဇန်န၀ါရီ ၂၈ ရက်တွင် ပြုလုပ်သည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီ

Wednesday, January 28, 2015

အိမ်ဖြူတော်ထဲတွင် အိုဘားမား၏ခေါင်းကိုဖြတ်ပစ်မည်ဟု IS စစ်သွေးကြွများခြိမ်းခြောက်


အိမ်ဖြူတော်ထဲထိ အရောက်လာပြီး အမေရိကန်သမ္မတ အိုဘားမား၏ ဦးခေါင်းကို ဖြတ်ပစ်မည်ဟု အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့က ခြိမ်းခြောက် ပြောကြားလိုက်သည်။

၎င်းတို့၏ ရန်သူတော်ဖြစ်သည့် ကာ့ဒ်မျိုးနွယ်စု တိုက်ခိုက်ရေးသမားများအနက်မှ သုံ့ပန်းတစ်ဦးကို ခေါင်းဖြတ် ကွပ်မျက်ပြသည့် ဗီဒီယိုထဲတွင် မျက်နှာကို ဖုံးကွယ်ထားသည့် IS စစ်သွေးကြွ တစ်ဦးက အာရပ်ဘာသာဖြင့် ယင်းကဲ့သို့ ပြောဆိုသွားခြင်း ဖြစ်သည်။

အီရတ်နှင့် ဆီးရီးယားရှိ နယ်မြေ အများအပြားကို သိမ်းပိုက်ကာ နိုင်ငံတကာက အသိအမှတ် မပြုသည့် အစ္စလာမ်မစ် ကိုယ်ပိုင်နိုင်ငံတစ်ခု ထူထောင်ထားသည့် စစ်သွေးကြွများသည် ရန်သူများကို ခေါင်းဖြတ်ကွပ်မျက်မှုများအား ၎င်းတို့၏ အဓိက ဝါဒဖြန့် လက်နက်တစ်ခုသဖွယ် အသုံးချနေသည်။

Memir TVက ရှာဖွေ တွေ့ရှိခဲ့ပြီး အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုပေးထားသည့် အဆိုပါ ဗီဒီယိုထဲတွင် ကာ့ဒ်စစ်သား တစ်ဦးသည် လမ်းပေါ်တွင် ဒူးထောက်လျက်သား ရှိနေပြီး ၎င်းကို စစ်သွေးကြွ သုံးဦးက ဝန်းရံထားသည်။

စစ်သွေးကြွများအနက် ခေါင်းဆောင်ဖြစ်ဟန် တူသူက “အိုဘားမား၊ မင်းသိထားရမှာက ဒီကိစ္စတွေ အမေရိကန်မြေပေါ် ရောက်လာမယ်။ ပြီးတော့ မင်းရဲ့ခေါင်းကို အိမ်ဖြူတော်ထဲမှာတင် ငါတို့ ဖြတ်ပစ်မယ်”ဟု ဟိန်းဟောက် ပြောဆိုနေခဲ့ကြောင်း သိရသည်။ ထို့အပြင် ၎င်း၏ အမေရိကန်ကို မွတ်ဆလင် နယ်မြေတစ်ခုအဖြစ် ပြောင်းလဲပစ်မည်ဟုလည်း ဆိုသည်။

မျက်နှာဖုံးစွပ် စစ်သွေးကြွက ပြင်သစ်နှင့် ဘယ်လ်ဂျီယံ အစိုးရများကိုလည်း ခြိမ်းခြောက်ခဲ့ပြီး “မင်းတို့ဆီကို ကားဗုံးတွေ၊ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ငါတို့လာခဲ့မယ်။ ပြီးတော့ မင်းတို့ ခေါင်းတွေကို ဖြတ်ပစ်မယ်”ဟု ကြုံးဝါးနေခဲ့ပြီး နောက်ဆုံးတွင် ကာ့ဒ်စစ်သားအား ကွပ်မျက်ပစ်ခဲ့သည်ကို ဗီဒီယိုထဲတွင် တွေ့မြင်ရသည်။

အဖမ်းခံထားရသည့် အမျိုးသမီး အကြမ်းဖက်သမား တစ်ဦးကို လွှတ်မပေးပါက ၎င်းတို့လက်တွင် ရှိနေသည့် ဂျော်ဒန်လေတပ် ပိုင်းလော့တစ်ဦးနှင့် ဂျပန် ဓားစာခံ တစ်ဦးကို သုတ်သင်ပစ်မည်ဟု IS တပ်ဖွဲ့က ရာဇသံ ပေးပို့ပြီး နောက်ထပ် နာရီ အနည်းငယ်အတွင်း ယခုဗီဒီယို ထွက်ပေါ်လာခြင်း ဖြစ်သည်။

အစွန်းရောက် ဂျီဟတ်ဝါဒ လိုလားသည့် ဝက်ဘ်ဆိုက်တစ်ခုက ဂျပန်ဓားစာခံ ကန်ဂျီဂိုတိုသည် ဂျော်ဒန်ပိုင်းလော့ မူအတ်သ် အယ်လ်ကာဆီယက်စ်ဘာ၏ ဓာတ်ပုံကို ကိုင်ဆောင်ပြထားသည့် ပုံကို လွှင့်တင်ထားသည်။

IS တပ်ဖွဲ့သည် ဂျပန်ဓားစာခံ နှစ်ဦးအနက် တစ်ဦးကို သုတ်သင်ခဲ့ပြီဖြစ်ကြောင်း ကြေညာထားပြီး ဂိုတို လွတ်မြောက်ရေးအတွက် အစွမ်းကုန် ကြိုးစားနေဆဲဟု ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ယာဆူဟီဒီ ဆူဂါက ပြောကြားထားသည်။

_Ref: Dailymail

ပညာရေးဥပဒေ ပြင်ဆင်ရန် လေးပွင့်ဆိုင် ဆွေးနွေးပွဲ ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပမည်

အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် သပိတ်မှောက် ကျောင်းသားကိုယ်စားလှယ်များ နေပြည်တော်တွင် ယမန်နေ့က တွေ့ဆုံ ဆွေးနွေးမှုမှာ အဆင်ပြေခဲ့ပြီး အချက်လေးချက်ပါသော ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဆွေးနွေးပွဲအပြီး ထုတ်ပြန် သော ပူးတွဲကြေညာချက်တွင် ပထမအကြိမ် လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁ ရက်တွင် ပြုလုပ်ရန်၊ ကျောင်းသားကိုယ်စားလှယ်များ တင်ပြသော အချက် ၁၁ ချက်ကို ဆွေးနွေးညှိနှိုင်း အဖြေရှာရန်၊ ကျန်ရှိနေသည်များကိုလည်း ဆက်လက်ဆွေးနွေး အဖြေရှာရန်နှင့် ညှိနှိုင်းဆွေးနွေးမှုများ စတင်သည့်နေ့တွင် သပိတ်စခန်း ရပ်နားသွားမည်ဟူ၍ ဖြစ်သည်။
‘‘တွေ့ဆုံဆွေးနွေးမှု အခြေအနေအရ ပြောမယ်ဆိုရင်တော့ ကျွန်တော်တို့ အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ကော်မတီအ နေနဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်း ချက်ဖြစ်တဲ့ ၁၁ ချက်ကို ဒီမိုကရေ စီနည်းအရ ညှိနှိုင်းအဖြေရှာတဲ့ နည်းနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်’’ ဟု သပိတ်မှောက်ကျောင်းသားကိုယ်စားလှယ် ကိုနန္ဒစစ်အောင်က ပြောသည်။
ပညာရေးဝန်ကြီးဌာနရုံးတွင် နံနက် ၁၀ နာရီခွဲမှ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်အထိ ဆွေးနွေးခဲ့ ပြီး ကျောင်းသားများ တောင်းဆိုသည့် လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲကို လာမည့် ဖေဖော်ဝါ ရီ ၁ ရက်တွင် ကျင်းပရန် သမ္မတက ခွင့်ပြုပေးလိုက်ကြောင်း သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။
လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ စိန်ရတုခန်း မတွင် ပြုလုပ်သွားမည်ဖြစ်ပြီး အစိုးရအဖွဲ့ကိုယ်စားလှယ်၊ လွှတ်တော်ကိုယ်စားလှယ်၊ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီအဖွဲ့နှင့် NNER တို့ဖြင့်ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။
‘‘တွေ့ဆုံဆွေးနွေးပွဲ လမ်းကြောင်းပေါ်ကို ရောက်သွားပြီ ဖြစ်တဲ့အတွက် ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီအောင် ကျွန်တော်တို့ ဒါကို ဆက်ပြီး လုပ်သွားမှာဖြစ်ပါ တယ်။ တစ်ယောက်နဲ့ တစ်ယောက် အဓိပ္ပာယ်ကောက် လွဲနေတာဖြစ်တယ်။ ဒီဘက်ကလည်း လုပ်ပေးသင့်၊ လုပ်ပေးထိုက်တာတွေကို ဒီဘက်က အစိုးရအဖွဲ့ကလည်း လွှတ်တော်ကို ပို့ပြီးပါပြီ။ လွှတ်တော်ကလည်း သူတို့မသိတာတွေ ဒီဘက်ကို ပြန်မေးတယ်၊ ပြန်ပို့တယ်။ ဒါတွေကို ကျွန်တော်တို့က လုပ်ထားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အဲဒီလို လုပ်ထားတယ်ဆိုတာကို ကျောင်းသားတွေက မသိဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့က ဒါကို ကျောင်းသား တွေသိအောင်လို့ ဒီနေ့လည်း ဒါလေးတွေကို သူတို့ကို ကျွန်တော် ပြောပြပါတယ်။ ဒီမိုကရေစီကျင့်စဉ်ပဲဗျာ။ တူတာတွေ ပေါင်းလုပ်မယ်၊ မတူတာတွေကို ဆက်ဆွေး နွေးမယ်ဆိုတာပါပဲ’’ ဟု သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းက ပြောသည်။
ကျောင်းသူ၊ ကျောင်းသားများ ထိခိုက်မှုမရှိစေဘဲ အဆင်ပြေအောင် လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး  ပညာရေး ၀န်ကြီးဌာနအနေဖြင့်လည်း ကျောင်းသားများ၏ တောင်းဆိုချက် ၁၁ ချက်ကို ရထားပြီးဖြစ်၍ ယင်း ၁၁ ချက်အား ဆွေးနွေးသွားရန် စီစဉ်ထားပြီး ဖြစ်ကြောင်း ပညာရေး ဒုဝန်ကြီး ဦးသန့်ရှင်းက ပြောသည်။ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်သည်ကိုမူ မတွေ့ရှိရပေ။
သို့သော် ကျောင်းသားများ အနေဖြင့် သပိတ်စစ်ကြောင်းကို ဆက်လက်ချီတက်သွားမည်ဖြစ်ပြီး ဆွေးနွေးပွဲ ကျင်းပသည့်နေ့တွင် သပိတ်ခေတ္တရပ်နားမည်ဖြစ်ကာ ဆွေးနွေးချက်များ အောင်မြင်မှု မရှိပါက ဆက်လက်ချီတက်သွားမည်ဟု သိရသည်။
‘‘ပူးတွဲကြေညာချက်ထဲမှာပါတဲ့ သပိတ်လှုပ်ရှားမှုကို ရပ်နားမယ်ဆိုတာက ကျွန်တော်တို့ သပိတ်လှန်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ သပိတ်တိုက်ပွဲက မပြီးသေးဘူး။ သပိတ်ကို ခေတ္တနားတဲ့ သဘောသာဖြစ်တယ်။ အချက် ၁၁ ချက်ကို ဆက်လက်ဆွေးနွေးလို့မှ အစိုးရဘက်က ကျွန်တော်တို့ ကျေနပ်နိုင်တဲ့အတိုင်း အသာမရဘဲနဲ့ သူတို့ဘက်က တင်းခံတဲ့ အနေအထားရှိနေရင် ဒီသပိတ်က ဆက်ပြီး ရှိနေဦးမှာပါ’’ ဟု ကျောင်းသားကိုယ်စားလှယ် ကိုမှိုင်းဆန်းအောင်ကပြောသည်။
7Day

စစ်အကျဉ်းထောင်မှ အစောင့်တပ်ကြပ်ကြီးကိုသတ်၍ ထွက်ပြေးသူ အကျဉ်းသားရှစ်ဦးအနက် နှစ်ဦးအား ရွှေဘိုမြို့၌ ဖမ်းမိ

ဇန်နဝါရီ ၂၅ ရက်က မန္တလေးနန်းတွင်းရှိ စစ်အကျဉ်းထောင်မှ အစောင့်တပ်ကြပ်ကြီးကိုသတ်ကာ ထွက်ပြေးလွတ်မြောက်ခဲ့သော အကျဉ်းသားရှစ်ဦးအနက် နှစ်ဦးအား ဇန်နဝါ ရီ ၂၈ ရက် နံနက် ၁ဝ နာရီတွင် ရွှေဘိုမြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
၎င်းတို့နှစ်ဦးအား ရွှေဘိုမြို့အနောက်ဘက် မင်းကုန်းကျေးရွာအနီး ဘုရားကျောင်းဝင်းတစ်ခုတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရွှေဘိုမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားပြီး အသေးစိတ် သတင်းထုတ်ပြန်မှု မပြုလုပ်ဟု ၎င်းကဆိုသည်။
“ရဲတပ်ဖွဲ့မှာ သတင်းပေးတွေရှိတော့ ဖမ်းဆီးမှုမှာ ပူးပေါင်းပါဝင်ခဲ့တာမျိုးပဲ။ ဖမ်းဆီးရမိပြီးတဲ့နောက်မှာ အမှတ် (၄၂) တပ်ရင်းကို ခေါ်သွားတယ်လို့ သိရတယ်” ဟု ရွှေဘိုမြို့နယ်မှ တာဝန်ရှိသူတစ်ဦးက ဇန်န ဝါရီ ၂၈ ရက် ည ၈ နာရီခွဲခန့်တွင် ပြောကြားသည်။
ယင်းနှင့်ပတ်သက်၍ အမှတ် (၄၂) တပ်ရင်းသို့ ဆက်သွယ်မေးမြန်းရာ ၎င်းတို့တပ်၌ ဖမ်းဆီးချုပ်နှောင်ထားခြင်း မရှိကြောင်း ဒုတပ်ရင်းမှူးက ပြန်လည်ဖြေကြားခဲ့ပြီး မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို အတိအကျ မသိဟု ၎င်းကဆိုသည်။
ထွက်ပြေးလွတ်မြောက်ခဲ့သော အကျဉ်းသားရှစ်ဦးကို ဖမ်းဆီးရမိရန် ရွှေဘိုမြို့နယ်အတွင်းရှိ လမ်းအချို့တွင် ဇန်နဝါရီ ၂၇ ရက် ညပိုင်းက တပ်မတော်မှ စစ်ကားများဖြင့် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။
မန္တလေးနန်းတွင်းရှိ အမှတ် (၁) စစ် အကျဉ်းထောင်မှ တပ်သားအဆင့်ရှိ အကျဉ်းသားရှစ်ဦးက အစောင့်တပ်ကြပ်ကြီးကို သတ်ဖြတ်ကာ ထွက်ပြေးလွတ်မြောက်မှု ဇန်နဝါရီ ၂၅ ရက် နံနက် ၃ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့သည် အကျဉ်းထောင်ဖောက်၍ ကျုံးရေပြင်ကိုဖြတ်ကူးကာ နန်းမြို့ရိုးမြောက်ဘက် ၇၈ လမ်းအတိုင်း ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။
eleven media

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးပြီး ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်


နိုင်ငံတော်အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီမှ ကျောင်းသားကိုယ်စားလှယ်များသည် အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီခွဲက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်း အဝေး ခန်းမ၌ ပြုလုပ်ခဲ့ပြီး နှစ်ဘက်ဆွေးနွေးမှုအရ အစိုးရ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ မှ ကျောင်းသားကိုယ်စားလှယ်များက ပူးတွဲကြေညာချက် တစ်ရပ် ကို ထုတ်ပြန်ခဲ့သည်။
ယင်းပူးတွဲကြေညာချက်တွင် "(က) အစိုးရ၊ လွှတ်တော်၊ ကျောင်းသားနှင့် National Network for Education Reform (NNER) ကိုယ်စားလှယ်များ ပါဝင်သော ပထမအကြိမ် လေးပွင့်ဆိုင် ဆွေးနွေးပွဲကို ဖေဖော်ဝါရီ(၁)ရက်နေ့၌ ရန်ကုန်မြို့တွင် စတင်ရန်၊ (ခ) လေးပွင့်ဆိုင်ဆွေးနွေးပွဲ တွင် ကျောင်းသား ကိုယ်စားလှယ်များမှ တင်ပြသောအချက်(၁၁)ချက် ကို ဆွေးနွေးညှိနှိုင်း အဖြေရှာကြရန်၊ (ဂ) ကိုယ်စားလှယ်များအနေဖြင့် အပြု သဘောဆောင် ဆွေးနွေး ပြီး သဘောတူညီမှုများကို ညှိနှိုင်း ရယူရန်နှင့် ဆွေးနွေး ရန် ကျန်ရှိသည်များကို ဆက်လက်ဆွေးနွေး အဖြေရှာသွားရန်၊ (ဃ) ကျောင်းသား များအနေဖြင့် ညှိနှိုင်းဆွေးနွေးမှု များစတင်သည့်နေ့တွင် သပိတ်ရပ်နားသွားမည်" ဟူသည့် အချက်(၄)ချက် အား သဘောတူညီခဲ့ကြကြောင်း ဖော်ပြပါရှိသည်။

MRTV

အမျိုးသမီးများ သာမန်အချိန်ထက် စိတ်ခံစားမှု လွန်လွန်ကျူးကျူးဖြစ်ပေါ် ခြင်းသည် ဓမ္မတာလာခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေ


ရန်ကုန်၊ ဇန်နဝါရီ ၂၇-
အမျိုးသမီး များ သာမန်အချိန်ထက်အကြောင်း အရာတစ်ခုအပေါ်တွင် စိတ်ခံစားမှု လွန်လွန်ကျူးကျူးဖြစ်ပေါ်ခြင်းသည် ဓမ္မတာ လာခြင်းနှင့် တိုက်ရိုက် ဆက်စပ်နေကြောင်း သိရသည်။
အမျိုးသမီးအများစုသည် ဓမ္မ တာမလာမီနှင့် ဓမ္မတာလာချိန်အ တွင်း ကိုယ်ခန္ဓာပိုင်းဆိုင်ရာတင်း ကျပ်မှု၊ နာကျင်ကိုက်ခဲမှုများ အပြင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများနှင့် ပြင်းထန်သောစိတ်ခံစားမှုများဖြစ် ပေါ်ပြီး၊ စိတ်ထိန်းချုပ်ရခက်ခဲ တတ်ကြောင်း ဗဟို အမျိုးသမီးဆေး ရုံကြီး(ရန်ကုန်)မှသားဖွားမီးယပ် အထူးကုဆရာဝန်ကြီးဒေါက်တာစိုး လွင်က ပြောသည်။
''ကိုယ်တိုင်ကတော့ ဘယ်သု တေသနလုပ်နိုင်ပါ့မလဲ။ ဒါပေမဲ့ နိုင်ငံခြားတွေမှာ အကျဉ်းထောင် ထဲက အမျိုးသမီးတွေကို လိုက်လေ့ လာထားတာမှာတော့ အကျဉ်း ထောင်ထဲက အမျိုးသမီးအများစု ကရာသီမလာခင်နဲ့ ရာသီလာချိန် မှာ ခံစားရတဲ့ စိတ်ခံစားချက်တွေကို ထိန်းမရဘဲ မှုခင်းတွေဖြစ်ပြီးရောက် လာတာများတယ်လို့ဖတ်ရတယ်။
အဲဒီလိုအချိန်တွေမှာလူသတ်ချင် စိတ်တွေ၊ အကြမ်းဖက်ချင်စိတ်တွေ ပိုဖြစ်တတ်တယ်။ ရာခိုင်နှုန်းအရ အတိအကျမသိပေမယ့် အများဆုံး လို့တော့သိရတယ်''ဟုဒေါက်တာစိုး လွင်က ပြောသည်။
အမျိုးသမီးများဓမ္မတာလာခါ နီးအချိန်များတွင် ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ မောပန်းအား နည်းခြင်း၊ အဆစ်နာကြွက်သား နာ ခြင်း၊ ရင်သားများ နာကျင်ခြင်း၊ မူးဝေပျို့အန်ခြင်းနှင့် ကိုယ်ခန္ဓာ တင်းကျပ်နေခြင်းများအပြင်၊ စိတ် ပိုင်းဆိုင်ရာအရ တင်းကျပ်နေခြင်း၊ စိတ်တိုလွယ်ခြင်း၊ စိတ်ဓာတ်ကျ ခြင်း၊ ပူပန်စိတ်များခြင်း၊ ငိုချင်ခြင်း၊ ယုံကြည်ချက်ပျောက်ဆုံးခြင်း၊ အိပ် မပျော်ခြင်း၊ လိင်စိတ်နည်းခြင်း၊ စိတ် ကယောက်ကယက်ဖြစ်ခြင်း၊ အထီး ကျန်အဖော်မဲ့ခြင်း၊ အကြမ်းဖက်လူ သတ်ချင်ခြင်း တို့ ဖြစ်ပေါ်တတ်ပြီး ယင်းအချိန်အခါတွင် အထူးဂရုစိုက် နေထိုင်သင့်ကြောင်း သိရသည်။
''စိတ်တိုတာတွေ၊ လူတွေနဲ့ စကားပြောရတာ အဆင်မပြေတာ တွေ၊ အလိုလိုနေရင်း ငိုချင်တယ်။ကိုယ့်ကို လူတွေဂရုမစိုက် သလိုခံ စားရတာတွေတော့ကြုံဖူးတယ်။
ဒါ ပေမဲ့ နေမြဲတိုင်းနေနေတော့ ဒီဟာ နဲ့ဆိုင်တယ်လို့မသိဘူး။ တစ်ခါတလေ ဆိုဘာကို ကြောက်လို့ကြောက်နေ မှန်းမသိသလို မျိုးတောင်ဖြစ်တယ်'' ဟု အသက်နှစ်ဆယ်အရွယ် အမျိုး သမီးတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ခံစားနေရသော အမျိုးသမီးများအား နှစ်သိမ့်ဆွေး နွေးပေးခြင်း၊ အားပေးစကားပြော ခြင်း၊ဖိစီးမှုလျှော့ချခြင်း၊ ဖြေလျှော့
ခြင်း၊ ဗီတာမင်ဘီပါသောအစားအ သောက်တို့ကိုသောက်သုံးခြင်း၊ လေ့ ကျင့်ခန်းလုပ်ခြင်းနှင့် Eposoft ကဲ့သို့ ဆေးဝါးတစ်မျိုးမျိုး ကိုသောက် သုံးသင့်ကြောင်းဒေါက်တာစိုးလွင် က အကြံပေးပြောကြားလိုက်သည်။
''စိတ်ကို ဖြေလျှော့ပြီးတော့ နေသင့်တယ်။ ပြီးတော့ခေါင်းမလျှော် ရ၊ရေမချိုးရ၊ ဒါမျိုးတွေကိုလဲ ရှောင် နေကြတာတွေကလဲ မှားတယ်။ ရာ သီလာတဲ့အချိန်ဆိုရင် စိတ်တွေ တင်းကျပ်တတ်တာကြောင့် စိတ်လန်း ကိုယ်လန်းဖြစ်အောင် တစ်ကိုယ်ရေ သန့်ရှင်းဖို့ လိုတယ်။ တက်တက် ကြွကြွနေမြဲတိုင်းနေရမယ်'' ဟု ယင်း က ထပ်မံပြောသည်။
MMA
‪#‎Democracytoday‬

ကချင်ဆရာမနှစ်ဦးအသတ်ခံရမှုတွင်ဖေ့ဘွတ်တွင် ပထမဆုံးတင်တဲ့သူကို စစ်ဆေးနေ ဒီအန်အေစစ်ဆေးချက်ရပါကအဖြေထွက်ပြီ


ရှမ်းပြည်နယ်မြောက်ပိုင်း မူ ဆယ်ခရိုင်၊ နမ့်တောင်းမြို့နယ်၊ ကောင်းခါးကျေးရွာတွင် ဆရာမ နှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက် ပြီး ဆရာမတစ် ဦးနှင့် ရည်ငံနေသူလည်းဖြစ်၊ ဖေ့စ်ဘွတ်ခ်စာမျက် နှာပေါ်တွင် ဦးစွာတင်ခဲ့သူလည်း ဖြစ်သူကို စုံစမ်းစစ်ဆေးရေးအဖွဲ့ က စစ်ဆေးနေသည်ဟု သတင်း များထွက်ပေါ်လျက်ရှိသည်။

အဆိုပါဆရာမနှစ်ဦးမှာ KBC ကချင်နှစ်ခြင်း အသင်းတော်မှဒေသ တွင်း ပညာသင်ကြားပေးရန် အဆို ပါဒေသသို့ စေလွှတ်ထားသော ကချင် လူမျိုး ဆရာမများဖြစ်ပြီး ၄င်းတို့နှစ်ဦးမှာ ယခုလ ၁၉ ရက် နေ့ညက အသတ်ခံခဲ့ရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အမည် မဖော်လိုသူ ထိပ်တန်းအရာရှိတစ် ဦးက ”ဒီအန်အေ စစ်ဆေးချက်တွေ မကြာမီရောက်လာတော့မှာပါ။ ဒီ အချိန်ကျ ရင် တိကျတဲ့အဖြေပေး နိုင်ပါလိမ့်မယ်”ဟုပြောသည်။

လက်ရှိတွင် တပ်မတော်ဘက် မှ ၃ဝ ဦးနှင့် အရပ်သား ၁ဝ ဦးတို့ ၏ ဆံပင်နမူနာကို နိုင်ငံခြားပို့၍စစ်ဆေးနေကြောင်း ၄င်းကပြောပြီး အသေးစိတ် ကို မူမထုတ်ဖော်မ ပြောပေ။

”အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်တိုင်းမှူးကိုယ်တိုင်ကပါ အမှန် အတိုင်းဖြစ်ရမယ်လို့ ပြောပြီးသား
ဖြစ်တဲ့အတွက် တရားခံအမှန်ကို ဖော် ထုတ်ပေးနိုင်မှာပါ”ဟု ၄င်းက ဆိုသည်။

အသတ်ခံရသူ ဆရာမနှစ်ဦး မှာ မရန်လုရာနှင့်တန်ဘောင်ခေါန် နန်စင်တို့ဖြစ်ပြီး ၄င်းတို့နှင့်အတူ သက်သေခံပစ္စည်းများဖြစ်သည့် အရိုးအသွား ၈ လက်မခန့်ရှိ ဓား ဦးချွန်တစ်ချောင်း၊ အရှည်နှစ်ပေ လုံးပတ် ၁၁ လက်မခန့်ရှိ ထင်း ချောင်းတစ်ချောင်းတို့ကို တွေ့ရှိရ ကြောင်း(ကြူကုတ်)ပန်ဆိုင်း ရဲစခန်း က ပြောသည်။

အဆိုပါ လူသတ်မှုအပေါ် ဒေသခံများက မြန်မာ့တပ်မတော် တပ်မ ၈၈ လက်အောက် ခလရ ၂ဝ၂-၂ဝ၃ မှ တပ်သားများ မုဒိမ်း ကျင့်၍ သတ်ဖြတ်ခြင်းဖြစ်ကြောင်း စွပ်စွဲမှုများလည်း ရှိနေသည်။

ထိုအပေါ် မူဆယ်ခရိုင်ရဲမှူး ကြီးမင်းမင်းဦးက ”သတ်တဲ့သူက ဘယ်သူဘယ်ဝါဆိုတာကို မသိ သေးပါဘူး။ အဲဒီမှာရှိတဲ့ သင်းအုပ် ဆရာတော် ကိုလည်း ပြောလိုက်ပါ တယ်။ ထင်ကြေးနဲ့တော့ မပြောကြ ဖို့ ကျွန်တော်တို့က အမှန်တရား ဘက်ကပဲရပ်တည်ပေးမှာပါ”ဟု ပြောသည်။

ထို့ပြင် အဆိုပါဆရာမနှစ်ဦး ၏အလောင်းအား တာဝန်ကျရဲတပ် ဖွဲ့ ဝင်များ သွားရောက်စစ်ဆေး ရာတွင် လှုပ်ရှားမှုအဖွဲ့ တစ်ဖွဲ့က လည်း လာရောက်ကြည့်ကြောင်း ပန်ဆိုင်းရဲစခန်းမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။

”ကျွန်တော်တို့ အမှုသွားစစ် တော့ ဘယ်တပ်ကလဲတော့ မသိ ဘူး။ အင်အား ၁ဝ ယောက်လောက် ရှိတဲ့ လှုပ်ရှားမှုတပ်ကလည်း လာ ကြည့်ပြီး ပြန်ထွက်သွားတယ်” ဟု တာဝန်ကျရဲအရာရှိတစ်ဦးက ပြော သည်။

လက်ရှိတွင်(ကြူကုတ်)ပန် ဆိုင်းရဲစခန်းမှ အဆိုပါအမှုကို ပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ထားကြောင်း သိ ရသည်။

P-News

ကုလ၏ ငြိမ်းချမ်းရေးဆောင်ရွက်ချက်ကို ထောက်ခံပေးရန် ရွှေကျင်သာသနာပိုင် ဆရာတော်ကြီးအား ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် လျှောက်ထား


ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ မှ ဆောင်ရွက်နေသော ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးဆောင်ရွက်ချက်များအား ထောက်ခံပေးစေလိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်က ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီးအား လျှောက်ထားခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံတွင် ဒုတိယအင်အားအကြီးဆုံး သံဃာ့ဂိုဏ်းအဖွဲ့ အစည်းကြီးဖြစ်သည့် ရွှေကျင်နိကာယဂိုဏ်း၏(၁၉)ကြိမ်မြောက် ဂိုဏ်းလုံးကျွတ် သံဃာ့အစည်းအဝေးဖွင့်ပွဲအပြီးတွင် ဌာနေကိုယ်စားလှယ် Ms.Renata က ဆရာတော်ကြီးအား လျှောက်ထားခဲ့ခြင်းဖြစ်သည်။
‘‘တစ်ကမ္ဘာလုံး ငြိမ်းချမ်းဖို့ အတွက်၊ မြန်မာနိုင်ငံငြိမ်းချမ်းဖို့ အတွက် ဆရာတော်ဘုရားတို့ ဟောပြောမိန့်ကြားချက်တွေကို တပည့်တော်မတို့က ကျေးဇူးအထူးတင်ပါတယ်။ ကုလသမဂ္ဂက လုပ်ကိုင်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးကိစ္စတွေကိုလည်း ဆရာတော်တို့အနေနဲ့ ထောက်ခံပေးပါ’’ဟု ဌာနေကိုယ်စားလှယ်က လျှောက်ထားခဲ့သည်။
ယင်းသို့ လျှောက်ထားမှုအပေါ်  ၀ါဆိုဆရာတော်ကြီးက ထောက်ခံပါကြောင်း၊ ၀မ်းသာပါကြောင်း   ပြန်လည်မိန့်ကြားခဲ့သည်။

 ထို့ပြင် သီရိလင်္ကာနိုင်ငံ ရွှေကျင်ဂိုဏ်းကိုယ်စားပြုတက်ရောက်သော အဆိုပါ နိုင်ငံသားဆရာတော်က ကမ္ဘာပေါ်တွင် လူသားများ တိုးမြှင့်ခံစားလာရသော စိတ်ပိုင်းဆိုင်ရာ အားနည်းလာမှုအပေါ် လျော့ကျသက်သာစေရန် စိတ်စွမ်းအားကို တိုးမြှင့်ပေးနိုင်သည့် ၀ိပဿနာပြန့်ပွားရေးကိစ္စများကို ရွှေကျင်ဂိုဏ်းဝင်ဆရာတော်များ ဦးစားပေးဆောင်ရွက်စေလိုကြောင်း အစည်းအဝေးသို့ တင်ပြလျှောက်ထားခဲ့သည်။
ဇန်န၀ါရီ ၂၇ မှ ၂၉ ရက်အ ထိ သုံးရက်ကြာပြုလုပ်မည့် အဆိုပါ အစည်းအဝေးသို့ ပြည်တွင်း ပြည်ပမှ ရွှေကျင်ဂိုဏ်းဝင် ဆရာတော်  ၁,၀၀၀  ခန့် တက်ရောက်ခဲ့ကြပြီး    ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များ တင်ပြခြင်း၊ ရှင်းလင်းဆွေးနွေးခြင်း၊ သာသနာ တော်သန့်ရှင်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခြင်း အစရှိသည်များကို ဆောင်ရွက်ကြမည် ဖြစ်သည်။
ဖွင့်ပွဲ အခမ်းအနားသို့ ယခင်တပ်မတော်အစိုးရအကြီးအကဲ တာဝန်ထမ်းဆောင်ခဲ့သူများ၏  ဇနီးများ တက်ရောက်ခဲ့ပြီး ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး(ငြိမ်း)၏ဇနီး ဒေါ်မြမြစန်း၊ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး(ကွယ်လွန်)၏ဇနီး ဒေါ်ခင်သန်းနွဲ့၊ ဗိုလ်ချုပ်ကြီးစိုးဝင်း(ကွယ်လွန်)၏ဇနီး ဒေါ်သန်းသန်းနွဲ့၊ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်(ငြိမ်း)၏ဇနီး ဒေါက်တာဒေါ်တင်လင်းမြင့်တို့ တက်ရောက်ခဲ့ကြသည်။
ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နာယက ဦးတင်ဦးနှင့် လက်ရှိ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးဝင်းမြင့်နှင့် ဦးစိုးဝင်းတို့လည်း တက်ရောက် ခဲ့သည်။
7Day

ကျောင်းသားများ၏ တောင်းဆိုမှုများအား လိုက်လျောပေးမည်ဟုဆို

နေပြည်တော်- နေပြည်တော်ပညာရေးဝန်ကြီးဌာနတွင် ယနေ့ပြုလုပ်နေသည့် သပိတ်မှောက်ကျောင်းသား ကိုယ်စားလှယ်များနှင့် အစိုးရတာဝန်ရှိသူတို့တွေ့ဆုံရာတွင်  ကျောင်းသားများ၏ တောင်းဆိုမှုများအား အစိုးရဘက်မှ လိုက်လျောပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အစိုးရ၊ လွှတ်တော်၊ NNER နှင့် ကျောင်းသားသမဂ္ဂတို့ ပါဝင်သည့် လေးပွင့်ဆိုင်တွေ့ဆုံရေးကိုလည်း လိုက်လျောပေးမည်ဟု သိရပြီး၊ ကျောင်းသားများတောင်းဆိုသည့် အချက် ၁၁ ချက်ကိုမူ ဥပဒေကြောင်းများဖြစ်သည့်အတွက် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER)တို့နှင့် တွေ့ဆုံညှိနှိုင်း၍ပြင်ဆင်ရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲအား နံနက် ဆယ်နာရီ ၀န်းကျင်က စတင်ခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးပွဲစတင်ချိန်တွင် အထက်ပါ သဘောတူညီချက်များအား ဖတ်ပြခဲ့ခြင်းဖြစ်သည်ဟု 7Day သတင်းထောက်က သတင်းပေးပို့သည်။
ထို့နောက် ဆွေးနွေးပွဲအား တံခါးပိတ်၍ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ သပိတ်မှောက်ကျောင်းသားများဘက်မှ ကိုယ်စားလှယ်များဖြစ်သည့် ကိုနန္ဒစစ်အောင်၊ကိုဇေယျာလွင်၊ကိုအောင်မှိုင်းဆန်းတို့တက်ရောက်ပြီး တာဝန်ရှိသူများဘက်မှ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ပညာရေး ဒုဝန်ကြီး ဦးသန့်ရှင်း၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၊ဦးသိန်းဆွေနှင့် ပညာရေးဝန်ကြီးဌာန လက်အောက်မှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။
7Day

Tuesday, January 27, 2015

ပညာရေးဥပဒေပြင်ဆင်ရန် အစိုးရနှင့် သပိတ်မှောက်ကျောင်းသားခေါင်းဆောင်နှစ်ဦး ယနေ့ဆွေးနွေးမည်


သပိတ်မှောက်ကျောင်းသားများ ဇန်န၀ါရီ ၂၇ ရက်တွင် ချီတက်သည့် လမ်းကြောင်း
သပိတ်မှောက် ကျောင်းသားများနှင့် အစိုးရတာဝန်ရှိသူများကြား အမျိုးသားပညာ ရေးဥပဒေ ပြင်ဆင်ရန် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး သဘောတူလိုက်ပြီး ယနေ့ (ဇန်န၀ါရီ ၂၈ရက်)တွင် အစိုးရနှင့် သပိတ်မှောက်ကျောင်းသားနှစ်ဦး နေပြည်တော်၌တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။
သပိတ်မှောက်ကျောင်းသား ကိုယ်စားလှယ် နှစ်ဦးဖြစ်သည့် ကိုအောင်မှိုင်းဆန်းနှင့် ကိုနန္ဒာစစ် အောင်တို့နှစ်ဦးသည် ကျောင်း သားများကိုယ်စား နေပြည်တော် သို့ သွားရောက်ဆွေးနွေးမည် ဖြစ်သည်။
ယနေ့ပြုလုပ်သည့် နေပြည် တော်ဆွေးနွေးပွဲသည် အစိုးရ၊ လွှတ်တော်၊ ပညာရေးစနစ်ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER) နှင့် ကျောင်း သားသမဂ္ဂတို့ တွေ့ဆုံဆွေးနွေး ရန် အကြိုညှိနှိုင်းဆွေးနွေးပွဲဖြစ် သည်။
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်သော ကျောင်းသားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များ ထိပ်တိုက်တွေ့ဆုံမည့် အခြေအနေတွင် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ရောက်ရှိလာပြီး၊ ဥပဒေပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင် (အစိုးရ၊ လွှတ်တော်၊ NNER ၊ ကျောင်းသားသမဂ္ဂ)တွေ့ဆုံဆွေးနွေးအဖြေရှာရန် ကမ်းလှမ်းသည်။ အဆိုပါကမ်းလှမ်းချက်ကို သပိတ်မှောက်ကျောင်းသားခေါင်းဆောင်များက အတားအဆီးများ ဖယ်ရှားပေးလျှင် သဘောတူမည်ဟု ဆိုသောကြောင့်လုံခြုံရေး တပ်ဖွဲ့ဝင်များက အတားအဆီးများ ဖယ်ရှားပေးခဲ့ ၍ တောင်သာမြို့သို့ချောမောစွာ ချီတက်နိုင်ခဲ့သည်။  မြင်းခြံတက္က သိုလ်အတွင်းရှိ အလံတိုင်မှ အလံကိုဖြုတ်ချ၍ ကျောင်းသားသမဂ္ဂအလံ လွှင့် တင်ခဲ့သည့် အချိန်မှစ၍ အခြေအနေအနည်းငယ် တင်းမာလာပြီး သပိတ်မှောက်ကျောင်းသားများသည် ဇန်န၀ါရီ ၂၇ ရက် ည ၇ နာရီတွင် တောင်သာမြို့ထဲသို့ အောင်မြင်စွာ ၀င်ရောက်သွားနိုင်ခဲ့ပြီဖြစ်သည်။
7Day

လာမည့်ဘဏ္ဍာနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ လစာစရိတ်အတွက် ငွေကျပ်ဘီလီယံ နှစ်ထောင့်ကိုးရာလျာထား


 လာမည့်ဘဏ္ဍာ နှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ လစာ စရိတ်အတွက် ငွေကျပ်ဘီလီယံ ၂,၉၀၀ လျာထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ဇန်န၀ါရီ ၂၆  ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ တင်ပြလိုက်သည်။
ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ၂၀၁၅ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းရာတွင် ၂၀၁၅ - ၁၆ ဘဏ္ဍာနှစ်၌ နိုင်ငံဝန်ထမ်းများ၏ လစာစရိတ်အတွက် စုစုပေါင်းကျပ် ၂,၉၀၀ ဒသမ ၇၆၃ ဘီလီယံ လျာထားကြောင်း ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ၀န်ထမ်းများအား လစာတိုးပေးရန် တင်ပြထားပြီး လွှတ်တော်တွင် ဆွေးနွေးပြီးသည့်အခါ၌ တိုးပေးမည့်ပမာဏ ထွက်လာမည်ဟု ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ရပ်နားချိန်တွင် တိုးမြှင့်ပေးမည့် လစာပမာဏကို မီဒီယာများက မေးမြန်းရာ၌ ပြည်ထောင်စုဝန်ကြီးကပြောသည်။
‘‘လစာတိုးတာမဟုတ်ဘူးဗျာ။ ဒီနှစ်လစာနဲ့ စရိတ်တွေတွက်လိုက်တဲ့အခါမှာ အဲဒီလောက်ရှိမယ်ဆိုတာကို ပြောတာပါ’’ဟု အဆိုပါငွေကျပ် ၂,၉၀၀ ဘီလီယံတွင်  ၀န်ထမ်းများအား တိုးမြှင့်ပေးမည့် ပမာဏ ထည့်သွင်းထားခြင်း ရှိ၊ မရှိ မီဒီယာများက မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
လစာတိုးပေးမှုနှင့်အတူ ဖြစ်ပေါ်ကြုံတွေ့လာနိုင်သည့် အခက်အခဲများကို နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းအဖြေရှာဆောင်ရွက်ကြရမည်ဖြစ်ကြောင်းကိုလည်း ဘဏ္ဍာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည်။
လာမည့် ၂၀၁၅-၁၆ဘဏ္ဍာ နှစ်တွင်  နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများအပါအ၀င် ရဲတပ်ဖွဲ့ဝင်များ၏ လစာစရိတ်များတိုး မြှင့်သတ်မှတ်ပေးရေးကို အရေး ကြီးအဆိုအဖြစ် ပြီးခဲ့သည့်နိုဝင်ဘာက ကျင်းပသော ပြည်ထောင်စုလွှတ်တော်သို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တစ်ဦးက တင်သွင်းထားပြီး လွှတ်တော်ကလည်း အတည်ပြုပေးထားသည်။
7Day

တရားမ၀င် အမိုနီယမ်နိုက်ထရိတ်နှင့် အခြားပစ္စည်းများ သယ်ယူသည့် အရာရှိ၊ စစ်သည် အား အရေးယူ


နေပြည်တော် ဇန်နဝါရီ ၂၆

နောင်ချို အေးရှားဝေါလ်ဂိတ်တွင် ဇန်နဝါရီ ၂၃ ရက် ည ၉ နာရီခန့်က Mobile Team အဖွဲ့နှင့် လုံခြုံရေး ပူးပေါင်းအဖွဲ့တို့က သတင်းအရ မူဆယ်မှ လားရှိုးဘက်သို့ ထွက်ခွာလာ သောယာဉ်များကို ရှောင်တခင် စစ်ဆေးခဲ့ရာ ဗိုလ်ကြီးဟိန်းသီဟဇော် နှင့် တပ်ကြပ်ကြီးသူရအောင်တို့နှစ်ဦး လိုက်ပါလာသည့် ၂၂ ဘီးနောက်တွဲ ယာဉ် ၁၄ စီးနှင့် ၁၂ ဘီးယာဉ် သုံးစီး စုစုပေါင်း ၁၇ စီးပါ ယာဉ်တန်းအား တရားမဝင် သယ်ဆောင်လာသော အမိုနီယမ်နိုက်ထရိတ်နှင့် အခြား ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ သည်။

ဖြစ်စဉ်တွင် ဗိုလ်ကြီးဟိန်းသီဟ ဇော်နှင့် တပ်ကြပ်ကြီးသူရအောင် တို့သည် ၄င်းတို့အား တာဝန်ပေးစေ ခိုင်းထားခြင်းမပြုသော တပ်မတော် စက်မှုကုန်ကြမ်း(Optical Glass) တင်သွင်းသယ်ယူခွင့်MI Form အား မူဆယ်နယ်စပ်ဒေသ အောက်ခြေတွင် မသမာသော နည်းလမ်းအသုံးပြု၍ လုပ်ငန်းနှင့် ပတ်သက်မှုမရှိသော အမိုနီယမ်နိုက်ထရိတ် ၉၈၈၁ အိတ် နှင့် အခြားပစ္စည်းများအား တရား မဝင် သယ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပဏာမဖော်ထုတ်သိရှိရသဖြင့် ၄င်းတို့ နှစ်ဦးအား စစ်စည်းကမ်းနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
 (မြဝတီ)

The Mirror Daily

သပိတ်မှောက်ကျောင်းသားများ ရှေ့နောက် ပိတ်ဆို့ခံထားသည့် အခြေအနေတွင်ရှိနေ

မန္တလေး- မန္တလေးမှ ချီတက်လာသည့် သပိတ်မှောက်ကျောင်းသားများသည် ယနေ့ (ဇန်န၀ါရီ ၂၇
ရက်) နေ့လည် တစ်နာရီ သုံးဆယ်ဝန်းကျင်က မြင်းခြံ-တောင်သာလမ်းပေါ်တွင် ဆက်လက်ချီတက်နေကြပြီး ၎င်းတို့ ရောက်ရှိနေသည့် နေရာမှ နောက်ထပ် လေးမိုင်အကွာရှိ မြင်းခြံမြို့နှင့် တောင်သာကြားနေရာတွင် သံဆူးကြိုးများနှင့်အတူ ရဲအင်အားတစ်ရာဖြင့် ပိတ်ဆို့ထားသည့် ပထမဆုံးဂိတ်ကို ရောက်ရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ယနေ့ နံနက်ပိုင်းက သပိတ်မှောက်ကျောင်းသားများ ဖြတ်သန်းလာခဲ့သည့် မြင်းခြံအထွက်ဂိတ်ကိုလည်း ပိတ်ထားလိုက်ပြီဖြစ်ပြီး မည်သည့်ယာဉ်မျှ အဖြတ်သန်းမခံတော့သဖြင့် မြင်းခြံမြို့မှ သပိတ်မှောက်ကျောင်းသားများထံမည်သူမှသွားရောက်၍မရတော့ကြောင်း သိရသည်။
ထို့ကြောင့် သပိတ်မှောက် ကျောင်းသားများ၏ လက်ရှိအခြေအနေသည် အရှေ့အနောက်ပိတ်ဆို့ခံထားရသည့် အခြေအနေတွင်ရှိနေကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ် တွဲဖက် အတွင်းရေးမှူး ကိုမင်းသွေးသစ်က ယနေ့ နေ့လည် တစ်နာရီ သုံးဆယ်ဝန်းကျင် အချိန်က တယ်လီဖုန်းဖြင့်ဆက်သွယ်ပြောကြားသည်။
ရှေ့နောက် အပိတ်ခံရပါက ၎င်းတို့အနေဖြင့် ထိုင်သပိတ်ပြုလုပ်သွားမည်ဖြစ်ကြောင်း ကိုမင်းသွေးသစ်က ဆက်လက်ပြောကြားသည်။
လက်ရှိအချိန်တွင် သပိတ်မှောက်ကျောင်းသားဆန္ဒပြအင်အားတစ်ထောင်ကျော်ရှိနေပြီး၊ လူမှုရေးနှင့်နိုင်ငံရေးအဖွဲ့အစည်းများကလည်း လာရောက်ဝန်းရံပေးနေကြောင်း သိရသည်။
မြင်းခြံ-တောင်သာ လမ်းပေါ်တွင် ယခုကဲ့သို့ ရှေ့နောက်ပိတ်ဆို့ထားသည့် အခြေအနေဖြစ်နေသော်လည်း ၎င်းအနေဖြင့် ပိတ်ဆို့တားဆီးထားခြင်းမရှိဟု တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းကပြောသည်။
‘‘အခြားနည်းနဲ့ ပိတ်တာဆို့တာတော့ အဘတို့နဲ့ မဆိုင်ဘူးလေ။ အဘတို့ရဲ့ လုပ်ပိုင်ခွင့်လည်း မရှိပါဘူး။ အဘတို့မှာ ဘာအဖွဲ့မှလည်း မရှိပါဘူး၊ဘာအင်အားမှလည်း မရှိပါဘူး’’ဟု ဦးအောင်သောင်းက ယနေ့နံနက်ပိုင်းကပြောကြားသွားသည်။
သပိတ်မှောက် ကျောင်းသားများ ထံသို့ ရတနာပုံတက္ကသိုလ်၊ မန္တလာကောလိပ်၊ မန္တလေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (စစ်ကိုင်း) တို့မှ  ကျောင်းသား ၃၀ ကျော် သွားရောက်ပူးပေါင်းရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
အလားတူ မုံရွာတက္ကသိုလ်မှ ကျောင်းသားအချို့လည်း ထွက်လာပြီဖြစ်ပြီး၊ တက္ကသိုလ်ကျောင်းသားများအပြင် အခြေခံပညာကျောင်းမှ ကျောင်းသားအချို့လည်း ပါဝင်မည်ဖြစ်သည်ဟု နည်းပညာတက္ကသိုလ် (စစ်ကိုင်း)မှ ကျောင်းသားသမဂ္ဂ အဖွဲ့မှ ကိုဟန်ဇင်ထွန်းက ပြောသည်။
ဆန္ဒပြကျောင်းသားများအား မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မောင်သင်းနှင့်အဖွဲ့မှ လာရောက်တွေ့ဆုံပြီး ဇန်န၀ါရီလ (၂၈) ရက် နံနက်တွင် ပညာရေးဝန်ကြီးနှင့် တွေ့ဆုံညှိနှိုင်းပေးရန် စီစဉ်နေသည်ဟု သိရကြောင်း မြင်းခြံဒေသခံများ ကပြောသည်။ သို့သော် အခင်းဖြစ်ပွားရာနေရာထံ ဆက်သွယ်၍ မရသေးပါ။
7Day

သပိတ်မှောက်ကျောင်းသားများကို မြင်းခြံမြို့ရဲစခန်းတွင်အမှုဖွင့်

အမျိုးသားပညာရေးဥပဒေကို မန္တလေးမှ ရန်ကုန်ထိ ခရီးရှည်ချီတက်သပိတ်မှောက်သော ကျောင်းသားများ ဇန်နဝါရီ ၂၆ ရက်က မြင်းခြံမြို့တွင်း ဆန္ဒပြနေစဉ် (ဓာတ်ပုံ − ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ)
သပိတ်မှောက်ကျောင်းသားများက နိုင်ငံတော်အလံကို ဖြုတ်ချနေစဉ် (ဓာတ်ပုံ − MOI)
သပိတ်မှောက်ကျောင်းသားများက ကျောင်းသားသမဂ္ဂအလံကိုလွှင့်ထူပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ − MOI)
အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်သော ကျောင်းသားများ မြင်းခြံမြို့သို့ ရောက်ရှိစဉ် မြင်းခြံဒီဂရီကောလိပ်အတွင်းရှိ နိုင်ငံတော်အလံကို ဖြုတ်ချပြီး ကျောင်းသားသမဂ္ဂအလံ လွှင့်ထူခဲ့ခြင်းကြောင့် မြင်းခြံရဲစခန်းက နိုင်ငံတော်အလံဥပဒေ ပုဒ်မ ၁၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း နိုင်ငံပိုင် ရုပ်သံသတင်းမှ ထုတ်လွှင့်ကြေညာခဲ့သည်။
နိုင်ငံတော်အလံကိုဖယ်ရှား၍ ကျောင်းသားသမဂ္ဂအလံကို လွှင့်ထူခဲ့ခြင်းမှာ မှန်ကန်ပြီး အမှုဖွင့်ထားခြင်းကိုမူ မသိရှိသေးကြောင်း သပိတ်မှောက်ကျောင်းသားများကပြောသည်။ မြင်းခြံ ဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာကိုကိုမြင့်နှင့် ဆရာ၊ ဆရာမများက ကျောင်းတွင်းသို့ မ၀င်ရန် တားမြစ်ခဲ့သော်လည်း ကျောင်းသားများက အတင်းဝင်ရောက်၍ ကျောင်းအတွင်း စိုက်ထူထားသည့် နိုင်ငံတော်အလံကို ဖြုတ်ချကာ ကျောင်းသားသမဂ္ဂအလံကို လွှင့်ထူလိုက်ခြင်းကြောင့် မြင်းခြံရဲစခန်းက အမှုဖွင့် အရေးယူလိုက်ခြင်းဖြစ်ကြောင်း ယမန်နေ့ညက ထုတ်လွှင့်သော မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား သတင်းတွင်  ကြေညာခဲ့သည်။
အမှုဖွင့်ထားသည့် ကျောင်းသားအရေအတွက်နှင့် ပတ်သက်၍  မြင်းခြံရဲစခန်းသို့ ဇန်န၀ါရီ ၂၆ ည ၁၀ နာရီခန့်တွင်  ဆက်သွယ်မေးမြန်းရာ တာဝန်ကျရဲအရာရှိက ဖြေကြားခြင်းမရှိပေ။
ဇန်န၀ါရီ ၂၀ရက်မှစတင်ပြီး မန္တလေးမြို့မှ ထွက်ခွာလာသည့် ကျောင်းသားအဖွဲ့သည် ခုနစ်ရက်မြောက်နေ့တွင် ယခုကဲ့သို့ မြင်းခြံ မြို့တွင် အာဏာပိုင်များက စတင် အမှုဖွင့် အရေးယူခဲ့ခြင်း  ဖြစ်သည်။
ထို့အပြင် ကျောင်းသားများ တည်းခိုနေသည့် စွန်းလွန်းဂူကျောင်းသို့ မြင်းခြံရဲစခန်းမှ တာဝန်ရှိသူများက ယမန်နေ့(ဇန်န၀ါရီ ၂၆ ရက်)ည၌ သပိတ်မှောက်ကျောင်းသားများအား ၎င်းတို့အနေဖြင့် လုံခြုံရေးအရ တာဝန်ယူပေးနိုင်မည်မဟုတ်ကြောင်း လာရောက် ပြောဆိုသွားခဲ့သည်ဟု သပိတ်မှောက် ကျောင်းသားများကဆိုသည်။
‘‘မြင်းခြံမြို့ပတ်ဝန်းကျင်မှာ  မြင်းခြံရဲစခန်းက ရဲတွေကို တပ်လှန့်ထားတယ်။ ကြားတဲ့သတင်းက ည ၂နာရီထိုးမှာ တည်းနေတဲ့ စွန်းလွန်းဂူကျောင်းကို ၀င်စီးမယ်လို့ကြားထားတယ်’’ ဟု ဒီမိုကရေစီပညာရေးဦးဆောင်လှုပ်ရှားမှု ကော်မတီဝင် ကိုမင်းသွေးသစ်က  7Day Dailyမှ ည ၁၀ နာရီအချိန် ဆက်သွယ်မေးမြန်းမှုကိုဖြေကြားသည်။
မြင်းခြံစွန်းလွန်းဂူကျောင်းတွင် ဇန်န၀ါရီ ၂၆ရက်က သပိတ် မှောက် ကျောင်းသား  တစ်ရာကျော် တည်းခိုနေပြီး ဇန်န၀ါရီ ၂၆ ရက်  တစ်ရက်လုံး မြင်းခြံမြို့တွင်း လှည့်လည်သပိတ်မှောက်ပွဲ ဆင်နွှဲရာ ဒေသခံ ကျောင်းသားသုံးရာကျော်နှင့် မြို့ ခံတစ်ထောင်ကျော် ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။ သပိတ်မှောက်ကျောင်းသားများက အဖမ်းမခံရမချင်း ဆက်လက်ချီတက်မည်ဖြစ်ပြီး ရန်ကုန်တွင် သပိတ်စခန်းဖွင့်၍ တောင်းဆိုမှုများပြုလုပ်သွားမည်ဟု ကိုမင်းသွေးသစ်ကဆိုသည်။
‘‘အခုအချိန်ထိတော့ မြို့ထဲမှာ တည်တည်ငြိမ်ငြိမ်ပါပဲ။ စွန်းလွန်းဂူကျောင်းဘက်က ကျွန်တော်ပြန်လာတာ အားလုံးအေးဆေးပါပဲ’’ဟု မြင်းခြံဒေသခံတစ်ဦးက ည ၁၀ နာရီခွဲတွင် ပြောကြားသည်။
သပိတ်မှောက်ကျောင်းသား များကမူ စွန်းလွန်းဂူကျောင်းအနီး တစ်ဝိုက်တွင် မြို့ခံအချို့က လာရောက်စောင့်ကြည့်အားပေးနေပြီး ညလုံးပေါက်စောင့်ဆိုင်းပေးဖွယ်ရှိကြောင်း ကျောင်းသားများက ခန့်မှန်းပြောဆိုသည်။
အဆိုပါအဖွဲ့သည် ယခုညတွင် ဖမ်းဆီးခြင်းမခံရပါက ဇန်န၀ါရီ ၂၇ ရက်၌ မြင်းခြံမှ တောင်သာသို့ ဆက်လက်ထွက်ခွာမည် ဖြစ်ကြောင်း ၎င်းကပြောသည်။
အင်တာနက်လူမှုကွန်ရက် စာမျက်နှာများနှင့် ပြင်ပတွင် အဆိုပါကျောင်းသားအဖွဲ့ကို ရဲတပ်ဖွဲ့အပါအ၀င် ပြီးခဲ့သည့်အစိုးရလက်ထက်က စွမ်းအားရှင်ဟုလူသိများသည့် အမည်မသိလူတစ်စုကလည်း ပိတ်ဆို့အကြမ်းဖက်မည်ဟု သတင်းများလည်း ထွက်ပေါ် လျက်ရှိသည်။
သပိတ်မှောက်ကျောင်းသား  အဖွဲ့ကမူ တောင်သာမြို့သို့ ဆက်လက်ထွက်ခွာရာတွင် ပိတ်ဆို့တားဆီးမည့်သူများရှိသည့် အကြောင်းကို သတင်းသာရရှိထားပြီး တိတိကျကျမသိရှိသေးဟုဆိုသည်။
သိပိတ်မှောက်ကျောင်းသားများ၏ နောက်ဆုံးအခြေအနေကို ည ၁၂နာရီအထိ ဆက်သွယ်မေးမြန်းမှုများအရ ကျောင်းသားများမှာ ဇန်န၀ါရီ ၂၇ရက်တွင် တောင်သာမြို့သို့ ချီတက်မည့် လမ်းကြောင်းကို စုရုံးတိုင်ပင်ဆွေးနွေးလျက်ရှိပြီး မြို့၏အခြေအနေနှင့် ဘုန်းကြီးကျောင်းအနီးတစ်ဝိုက်တွင်လည်း တည်ငြိမ်နေဆဲဖြစ်ကြောင်း သပိတ်မှောက်ကျောင်းသားများနှင့် ဒေသခံများကပြောသည်။ ဇန်န၀ါရီ ၂၀ရက်မှစတင်ကာ မန္တလေးမြို့ အိမ်တော်ရာ ၁၄  ခန်းဇရပ်အနီးမှ စတင်ထွက်ခွာ လာသော ကျောင်းသားသပိတ်အဖွဲ့သည် ဇန်န၀ါရီ ၂၅ရက် ညနေ ၆ နာရီခန့်တွင် မြင်းခြံမြို့သို့ရောက်ရှိခဲ့သည်။
မြန်မာနိုင်ငံဒေသအနှံ့မှ ချီ တက်လာမည်ဖြစ်သောမြေလတ်ဒေသ ကျောင်းသားသပိတ် စစ်ကြောင်း၊ ဧရာဝတီ သပိတ်စစ်ကြောင်း၊ ထားဝယ် သပိတ်စစ်ကြောင်းတို့နှင့် ပူးပေါင်းကာ ရန်ကုန်မြို့၌ သပိတ်စခန်းဖွင့်မည်ဖြစ်ကြောင်း ကျောင်းသားသပိတ် ကော်မတီက ကြေညာထားသည်။
7Day

Monday, January 26, 2015

တည်ငြိမ်အေးချမ်း၍ ဖြေလျှော့မှုကောင်းပါက ကမ္ဘာလှည့်ခရီးသွားငါးသန်းထိ ၀င်နိုင်ဟု သမ္မတပြော

ဖြေလျှော့မှုများ နှင့် တိုင်းပြည်တည်ငြိမ်အေးချမ်း မှုအခြေ အနေ ပိုကောင်းလာပါက ယခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံ ခြားသား ဧည့်သည်ဝင်ရောက်မှု သည် မူလက ခန့်မှန်းထားသော ၄ ဒသမ ၅ သန်းထက်ပို၍ ငါးသန်းအထိ တိုးတက်လာနိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောသည်။
နိုင်ငံတော်သမ္မတဦးသိန်း စိန်သည် ဇန်န၀ါရီ ၂၆ ရက်က နေပြည်တော်၌ ပြုလုပ်သော ၂၀၁၅ အာဆီယံခရီးသွားလုပ်ငန်း ဖိုရမ်ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။
၂၀၁၄ အတွင်း နိုင်ငံတော်၏ ခရီးသွားလုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်းတို့မှာ အောင်အောင်မြင်မြင်နှင့် တိုးတက်လာခဲ့သည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
‘‘အခုနှစ်မှာ ၅၁ ရာခိုင်နှုန်း တိုးတက်လာတယ်။ ဒီနှုန်းအတိုင်း ဆိုရင် လာမယ့်နှစ်မှာ ၄ ဒသမ ၅ သန်းလောက်ဖြစ်မယ်။ ဖြေလျှော့ မှုတွေ ပိုကောင်းလာမယ်။ တည် ငြိမ်အေးချမ်းမှုတွေ ပိုကောင်းလာ မယ်ဆိုရင်တော့ ခုနစ်သန်း၊ ရှစ် သန်း၊ ၁၀ သန်းအထိ တစ်မုဟုတ်ချင်းတက်လာနိုင်တယ်’’ ဟု ပြည် ထောင်စုဝန်ကြီး ဦးဌေးအောင်က လည်း သုံးသပ်ပြောသည်။
၂၀၁၄ နှစ်ကုန်တွင် မြန်မာ နိုင်ငံသို့ နိုင်ငံခြားသား ခရီးသည် ၀င်ရောက်မှုမှာ ၃ ဒသမ ၀၈ သန်း ရှိခဲ့ပြီး ၂၀၁၃ ထက် ၁ သန်းခန့် ပိုမိုများပြားခဲ့သည်။
‘‘မြန်မာက မြို့ပြနိုင်ငံ မ ဟုတ်ဘူး။ ပြီးတော့ ကုန်းပိတ် နိုင်ငံလည်းမဟုတ်တာကြောင့် ဒီ တိုးတက်မှုက ရလာမှာပဲ’’ ဟု ဦး ဌေးအောင်က ဆက်ပြောသည်။
၂၀၁၅ သည် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကာလ ဖြစ်သော်လည်း ခရီးသည်ဝင်ရောက်မှုကို ထိခိုက်နိုင်ခြင်း မရှိသော်လည်း အဆိုပါ ခန့်မှန်းနှုန်းအတိုင်း ၀င်ရောက်ရန် နိုင်ငံ၏ မူဝါဒများ ပြောင်းလဲမှုအပေါ်သာ မူတည် ကြောင်း ခရီးသွားလုပ်ငန်းရှင် တစ်ဦးက ပြောသည်။
7Day

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လပိုင်းအတွင်း အသက် (၆၀) ပြည့်မည်

 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၁၅ ပထမ ခြောက်လအတွင်း အသက် (၆၀) ပြည့်မည်ဖြစ်ကြောင်း မြန်မာ့တပ်မတော်အရာရှိကြီးများ၊ တပ်မတော်နှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။

နိုင်ငံ့ဝန်ထမ်း ဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် အသက် (၆၀)ပြည့်ပါက ပင်စင်ယူရမည် ဖြစ်သည်။
မကြာသေးမီ ရက်ပိုင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် CNA သတင်းဌာနတို့ အင်တာဗျူးတွင် ‘‘ကျွန်တော်တို့ စစ်မှုထမ်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေအရ အသက် (၆၀)ပြည့်ရင် အငြိမ်းစားယူပါတယ်။ အဲဒီတော့ ကျွန်တော် အသက် (၆၀)မပြည့်ခင် ဒီကိစ္စတွေ ပြီးမယ်၊ မပြီးဘူးဆိုတာတော့ အခြေအနေအများကြီးအပေါ် မူတည်နေတယ်။ ကျွန်တော်ပင်စင် မယူခင် Cease Fire လက်မှတ်မထိုးရသေးလို့ ကျွန်တော်ပင်စင်မယူဘူးလို့ သွားလုပ်လို့မရဘူး။ ဥပဒေအတိုင်းပဲ သွားရမယ်။ ဥပဒေက ခွင့်ပြုတဲ့ အတိုင်းပဲ သွားရမယ်’’ဟု ဖြေကြားခဲ့သည်။
တပ်မတော်၏ လုပ်ထုံးလုပ်နည်းများအရ အငြိမ်းစားယူမည် ဆိုပါက တစ်နှစ်ကြိုတင် အသိပေးရပြီး အငြိမ်းစားမယူမီ ခြောက်လအတွင်း လုပ်ငန်းတာဝန်များလွှဲပြောင်းခြင်းနှင့် ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်ရသည်။
သို့သော် တပ်မတော်အရန်အင်အားဥပဒေအရ တစ်နှစ် ဆက်လက်တာဝန်ထမ်းဆောင်နိုင်ပြီး ဒုဗိုလ်ချုပ်ကြီး ဝေလွင်နှင့် ဒုဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့မှာ အသက် (၆၀) ပြည့်သွားပြီဖြစ်သော်လည်း  တပ်မတော် အရန်အင်အားဥပဒေအရ ဆက်လက်တာဝန်ထမ်းဆောင်နေခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာပြီးနောက်ပိုင်း နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးချုပ် ဇော်ဝင်းအား ၂၀၁၃ တွင် အသက် (၆၀) ပြည့်သဖြင့် တပ်မတော်မှ ပင်စင်ပေးသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်တက္ကသိုလ်အပတ်စဉ် (၁၉)ဆင်း ထားဝယ်ဇာတိဖြစ်ပြီး ဇနီးမှာ ရခိုင်တိုင်းရင်းသူဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အငြိမ်းစားယူသွားပါက ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာနိုင်မည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။
7Day

အက်စ်ဘီနှင့် စသုံးလုံးကို သမ္မတရုံးလက်အောက်ရွှေ့မည်

 ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင်ရှိသော သတင်းတပ်ဖွဲ့(SB)နှင့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့(စစစ)တို့ကို သမ္မတရုံးလက်အောက်သို့ ပြောင်းရွှေ့၍ အဖွဲ့နာမည်နှင့် ယူနီဖောင်းများပါ ပြောင်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်ငံတော်သမ္မတရုံးလက်အောက်တွင် Office of Security  andInformationဌာန ဖွင့်လှစ်ပြီးနောက် လက်ရှိပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ သတင်းတပ်ဖွဲ့(SB)နှင့် စသုံးလုံးတပ်ဖွဲ့ဝင်များကို မကြာမီ ပြောင်းလဲဖွဲ့စည်းမည်ဟု သတင်းရရှိသည်။
‘‘ဒီဘတ်ဂျက်မတိုင်ခင်ဖြစ်မယ်လို့တော့ကြားတယ်။ ယူနီဖောင်းရော အခေါ်အဝေါ်ပါ ပြောင်းသွားမယ်’’ဟု ရန်ကုန်မြို့ အခြေစိုက် သတင်းတပ်ဖွဲ့မှ အရာရှိတစ်ဦးကပြောသည်။
‘‘ထူးဆန်းတာက စရဖ မပါဘူး။ NIBကို ပြန်ဖွဲ့မယ်ပြောပြီး အဲဒါမလုပ်ဘဲနဲ့ ဒီလိုလုပ်တာထူးခြားတယ်။ သမ္မတရုံးနဲ့ စစ်တပ်သတင်း မဖလှယ်ချင်တဲ့သဘော ရောက်နေတယ်’’ဟု ABSDFဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်က  သုံးသပ်သည်။
လက်ရှိပြည်ထဲရေးဝန်ကြီး လက်အောက်တွင် အလုပ်လုပနေရသော သတင်းတပ်ဖွဲ့(SB) နှင့် စသုံးလုံးအဖွဲ့များသည် လုံခြုံ ရေးကိစ္စအပြင် တရားစွဲခြင်း၊ ဖမ်းဆီးခြင်းလုပ်ငန်းများပါ လုပ်ကိုင်ရသဖြင့် လုပ်ရကိုင်ရအဆင်မပြေကြောင်း သတင်းတပ်ဖွဲ့မှ အရာရှိ တစ်ဦးကဆိုသည်။
‘‘အခုလည်း အဆင်ပြေကြတာမှ မဟုတ်တာ။ လစာနဲ့ Facility ပိုင်းပေါ် မူတည်တာပဲ။ လုံ ခြုံရေးကိစ္စပဲလုပ်ရရင် ပိုအဆင်ပြေတယ်’’ဟု ရန်ကုန်အခြေစိုက် SBတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။
တပ်မတော်အစိုးရလက်ထက်တွင် လုံခြုံရေးလုပ်ငန်းများအား တပ်မတော်ထောက်လှမ်းရေးအဖွဲ့က အဓိကလုပ်ကိုင်ပြီး တပ်မတော်ထောက်လှမ်းရေးအဖွဲ့ ဖျက်သိမ်းပြီးနောက် သတင်းတပ်ဖွဲ့က ဆောင်ရွက်လာသည်။ စသုံးလုံးအဖွဲ့အနေဖြင့် စီးပွားရေးနှင့် ပတ်သက်သောအမှုမျာကိုသာ ကိုင်တွယ်ရသည်။
7Day

မန္တလေးနန်းတွင်းရှိ တပ်ထောင်တွင် တာဝန်ကျတပ်ကြပ်ကို သတ်ဖြတ်ပြီး အကျဉ်းသားများ ထွက်ပြေး


မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ထောင်တွင် တာဝန်ကျတပ်ကြပ်ကို သတ်ဖြတ်ပြီး အကျဉ်းသားများ ထွက်ပြေးလွတ်မြောက်သွားမှု ဇန်န၀ါရီ ၂၄ ရက်ညက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဇန်န၀ါရီ ၂၅ ရက် နံနက် ၂ နာရီခန့်တွင် တပ်ထောင်မှ တာဝန်ကျတပ်ကြပ်တစ်ဦးကို သတ်ကာ အကျဉ်းသား ရှစ်ဦးခန့် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သူများကပြောသည်။ စားဖိုဆောင်တွင် တာဝန်ကျသည့် အကျဉ်းသားများက တပ်ကြပ်ကိုသတ်ကာ ထွက်ပြေးသွားခြင်းဖြစ်ပြီး နံနက်မှသာ သိရှိခဲ့ရသည်ဟုလည်း တပ်နှင့် နီးစပ်သူများကပြောသည်။
မန္တလေးနန်းတွင်းရှိ တပ်ထောင်မှာ မြနန်းစံကျော်ရွှေနန်းတော်အဆောင်များ၏  နောက်ဘက်ခြမ်းတွင် တည်ရှိပြီး စစ်ပြေး နှင့် တပ်မတော်အကျဉ်းသားများ ထားရှိခြင်းဖြစ်သည်ဟု ဆိုသည်။ ဖြစ်စဉ်အသေးစိတ်နှင့် ထွက်ပြေးလွတ်မြောက်သွားသည့် အကျဉ်းသားအရေအတွက် အတိအကျကို မသိရှိရသေးပေ။
 ဖြစ်ပွားမှု  အသေးစိတ်ကိုသိရှိနိုင်ရန် မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ သွားရောက်စုံစမ်းခဲ့သော်လည်း တပ်မတော်တာဝန်ရှိသူများကို တွေ့ဆုံမေးမြန်း၍ မရခဲ့ပေ။
အခင်းဖြစ်ပွားခဲ့သည်ဟု သတင်းများကြားသိနေရသော်လည်း ရဲတပ်ဖွဲ့သို့ တစ်စုံတစ်ရာ အသိပေးအကြောင်းကြားမှု၊ အမှုဖွင့်တိုင်ကြားမှုမရှိသေးကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။

မင်းတုန်းမင်းနှင့် သီပေါမင်းထီးနန်းစိုးစံခဲ့ရာ မန္တလေးနန်းတော်မှာ အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို သိမ်းပြီးချိန် ၁၈၈၅ မှ စတင်ကာ အင်္ဂလိပ်တို့က တပ်မတော်ဌာနချုပ်အဖြစ် အသုံးပြုခြင်းခံခဲ့ရသည်။  လက်ရှိတွင် မန္တလေးနန်းတွင်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အဖြစ် အခြေစိုက်အသုံးပြုလျက်ရှိသည်။
7Day

နိုင်ငံ့ဝန်ထမ်းများအတွက်တိုးမြှင့်လာစာပမာဏတွက်ချက်နေ


လွှတ်တော်ကိုယ်စား လှယ်များ၏ လစာငွေ ကျပ် ၁၀ သိန်း သတ်မှတ်ခြင်းကို အတည်ပြုပြီးသော်လည်း နိုင်ငံ့ဝန်ထမ်းများ၏ လစာတိုးမြှင့်နိုင်မည့် ပမာဏကို မူ အတည်မပြုနိုင်သေးဘဲ တွက် ချက်နေဆဲဖြစ်ကြောင်း သတင်း ရရှိသည်။ 


၂၀၁၅-၁၆ ဘဏ္ဍာနှစ်အ တွက် နိုင်ငံတော်၏ အမျိုးသားစီမံ ကိန်းများကို ဇန်န၀ါရီ ၂၆ ရက် တွင်မှ ပြည်ထောင်စုအစိုးရအဖွဲ့ က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည်ဖြစ်ပြီး အဆိုပါ စီမံ ကိန်းများကို လွှတ်တော်က စိစစ် ဖြတ်တောက်ပြီးသည့်အချိန်မှ သာ တိုးမြှင့်ပေးနိုင်မည့်ပမာဏကို တွက်ချက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ 

‘‘အခုချိန်မှာ တွက်နေရတဲ့ အချိန်ပါ။ ဘယ်လောက်တိုးမလဲ ဆိုတာ မသိနိုင်သေးပါဘူး’’ဟု စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုး တက်မှုကော်မတီ ဥက္ကဋ္ဌ ဦးစိုးသာ က ပြောသည်။ 

‘‘စီမံကိန်းတွေကို စိစစ်ပြီးမှ မလိုတာကို ဖြတ်တောက်ပြီး နောက်ထပ်တင်မယ့် အခွန်အ ကောက်ဥပဒေကို စစ်ရမယ်။ ဒီက ဘယ်လောက်ရမလဲဆိုတာတွေ ကို ယှဉ်တွက်ပြီးမှ ဘယ်လောက်ပေးနိုင်မယ်ဆိုတာ သိပါမယ်’’ဟု ဥပဒေကြမ်းပူးပေါင်းကော်မတီ ဒုဥက္ကဋ္ဌ ဦးခင်မောင်ရီက ပြော သည်။ 

အစိုးရအဖွဲ့က လွှတ်တော် ကိုယ်စားလှယ်များ ကြိုတင်လေ့ လာနိုင်ရန် ဖြန့်ဝေထားသည့် စီမံ ကိန်းများ စာရင်းတွင် နိုင်ငံ့ဝန် ထမ်းများအား လစာတိုးမြှင့်ပေး မည်ကို ဖော်ပြထားခြင်းမရှိသေး ဘဲ အဆိုပါပမာဏများသည် ပြည် ထောင်စုဝန်ကြီးဌာနများ၏ ရသုံး မှန်ခြေငွေစာရင်း၏ သာမန်အ သုံးစရိတ် ခေါင်းစဉ်အောက်၌သာ ပါရှိလာမည်ဟု ပြည်သူ့ငွေ စာရင်းပူးပေါင်းကော်မတီအဖွဲ့ ၀င် ဒေါ်တင်နွယ်ဦးက ပြောသည်။ 

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက နိုင်ငံ့ဝန် ထမ်းများ၏ လစာကို အနိမ့်ဆုံး ကျပ်တစ်သိန်းနှစ်သောင်းထိ တိုး မြှင့်ပေးရန် ပြည်ထောင်စုအစိုးရ အဖွဲ့နှင့် ဆွေးနွေးထားရာ ယခုတိုးမြှင့်မည့် ပမာဏသည်လည်း အနိမ့်ဆုံးလစာ ကျပ် တစ်သိန်း ခန့်ဖြစ်နိုင်သည်ဟု ဥပဒေကြမ်းပူး ပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောသည်။ 

လွှတ်တော်က ၀န်ထမ်းများ အား လစာတိုးပေးရန် ၂၀၁၃ ကတည်းကပင် ပြည်ထောင်စု အစိုးရကို တောင်းဆိုခဲ့ခြင်း ဖြစ် ပြီး အစိုးရအဖွဲ့က ဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် ဆက်လက် တောင်းဆိုသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးဝင်းဦးက ပြောသည်။ 

‘‘လွှတ်တော်ကိုယ်စားလှယ် တွေ လစာတိုးဖို့ကိုပဲ လွှတ်တော် က လုပ်တာမဟုတ်ပါဘူး။ ၀န် ထမ်းတွေအားလုံးလစာတိုးဖို့ကို တောင်းဆိုထားတာပါ။ အစိုးရက မလုပ်ပေးတဲ့အတွက် လွှတ်တော် က လုပ်နိုင်တဲ့ ကိုယ်စားလှယ်တွေ နဲ့ တိုင်းဦးစီးအဖွဲ့တွေရဲ့ လစာကို တိုးပေးခဲ့တယ်။ ၀န်ထမ်းတွေ လစာတိုးတာကိုတော့ အစိုးရက လုပ်ပေးမှပဲ ရမှာပါ’’ဟု ဦးဝင်းဦး က ပြောသည်။ 

နိုင်ငံ့ဝန်ထမ်းများ အခြေ ခံလစာ တိုးမြှင့်ပေးရန် ပြည် ထောင်စုလွှတ်တော်က ပြည်ထောင်စုအစိုးရကို တိုက်တွန်းခဲ့ပြီး အစိုးရအနေဖြင့် တွက်ချက်နေဆဲ ဖြစ် သည်ဟုသာ ပြန်ကြားထားခဲ့သော်လည်း လစာတိုးမည်ဆိုသော သတင်းကြောင့် ပြင်ပကုန်ဈေးနှုန်းများက တက်နေပြီ ဖြစ်သည်။ 
opposite eye

Sunday, January 25, 2015

တရုတ်နိုင်ငံသားများ တရားမ၀င်ဆေးခန်းဖွင့်လှစ်ခဲ့သည့် တော်ဝင်နှင်းဆီပုဂ္ဂလိကဆေးရုံကို ပိတ်သိမ်းရန်ညွှန်ကြား


တရုတ်နိုင်ငံသားများ တရားမ၀င်ဆေးခန်းဖွင့်လှစ်မှုဖြင့် အမှုဖွင့်ခံထားရသည့် မန္တလေးမြို့ တော်ဝင်နှင်းဆီပုဂ္ဂလိကဆေး ရုံကို ကျန်းမာရေးဝန်ကြီးဌာနက ပိတ်သိမ်းရန် ညွှန်ကြားလိုက် ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ 

ချမ်းအေးသာစံမြို့နယ် ဘူ တာကြီးအနီးရှိ တော်ဝင်နှင်းဆီ ဆေးရုံ သုံးလွှာတွင် တရုတ်နိုင်ငံ သားများက Health News ဆေး ခန်းကို တရားမ၀င်ဖွင့်လှစ်ကာ ဆေးဝါးကုသခဲ့မှုနှင့် ပတ်သက်၍ ဆေးရုံပိုင်ရှင်နှင့် တရုတ်နိုင်ငံသားများကို အမှုဖွင့်ခဲ့ပြီးနောက် ရက် ၂၀ ခန့်အကြာတွင် တော်ဝင်နှင်း ဆီဆေးရုံကို စတင်ပိတ်သိမ်း လိုက်သည်ဟု ဆိုသည်။ လက်ရှိတွင် ဆေးရုံဆိုင်းဘုတ်များကို ဖြုတ်သိမ်းထားသည်။ 

‘‘လောလောဆယ် ဆေးရုံက တော့ သူတို့အပေါ်က ညွှန်ကြား ချက်အရ ဆေးရုံက ပိတ်ထား တယ်။ ဘယ်နေ့ကစပိတ်တယ်ဆို တာတော့ အတိအကျတော့ မသိ တော့ဘူးဗျ။ ကျန်းမာရေးက လုပ်တာဆိုတော့လေ။ ဆေးရုံကို ပိတ်တော့ပိတ်ထားတယ်’’ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး စိန် ထွန်းက ပြောသည်။ 

တော်ဝင်နှင်းဆီဆေးရုံပိုင် ရှင်မှာ နာမည်ကျော်စီးပွားရေး လုပ်ငန်းရှင် ဂရိတ်ဝေါဦးတင် မောင်ဖြစ်သည်။ တော်ဝင်နှင်းဆီ ဆေးရုံ သုံးလွှာတွင် Health News ဆေးခန်းဖွင့်လှစ်ကုသမှုနှင့် ပတ် သက်၍ သက်ဆိုင်ရာ၏ ခွင့်ပြု ချက်မရှိဘဲ ဆရာဝန်၊ သူနာပြုများအဖြစ် ဆေးဝါးကုသခဲ့သည့် တရုတ်နိုင်ငံသား ခြောက်ဦးနှင့် ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းလိုင်စင်လွှဲ ပြောင်းငှားရမ်းခဲ့သည့် ဆေးရုံပိုင် ရှင် ဦးတင်မောင်နှင့် ဒေါ်နန်းလှ စိန်တို့ကို ဇန်န၀ါရီ ၁ ရက်မှစတင် ကာ မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် အမှတ် (၈) ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန် ထားသည်။ 

သို့သော် ရက် ၂၀ ကျော် ကြာချိန်အထိ အမှုဖွင့်ခံရသူများ တိမ်းရှောင်နေသဖြင့် တရားစွဲဆို နိုင်ခြင်းမရှိသေးဘဲ အမှုတည် ဆောက်ဆဲအဆင့်သာရှိသေး သည်ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တရုတ်နိုင်ငံသားများမှာ စတင်အ မှုဖွင့်စဉ်ကတည်းက
မြန်မာနိုင်ငံမှပြန်လည်ထွက်ခွာသွားခဲ့ကြပြီး ဆေးရုံပိုင်ရှင်များမှာလည်း စင်ကာပူသို့ သွားရောက်
aဆးဝါးကုသမှု ခံယူနေသည့်အတွက် တရားစွဲဆို စစ်ဆေးနိုင်ခြင်းမရှိသေးဘဲ ဖြစ် နေသည်ဟု ဆိုသည်။ 

လက်ရှိအချိန်တွင် တော်ဝင် နှင်းဆီဆေးရုံပိုင်ရှင် ဦးတင်မောင် က ပြည်ထဲရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ရဲစခန်းသို့ အသ နားခံစာတင်ပြထားပြီး ၎င်း၏ ဆေး ရုံတွင် ဆေးခန်းဖွင့်ခွင့်ပြုခဲ့ခြင်းမှာ သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်နှင့်အညီ ဆေးခန်းဖွင့်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း တင်ပြထားသည်ဟု ဒု-ရဲမှူးကြီး စိန်ထွန်းက ပြောသည်။ 

အသနားခံတင်ပြရာတွင် ပါ ၀င်သော အထောက်အထားများ မှန်ကန်ပါက ဆေးရုံပိုင်ရှင်မှာ တရားစွဲဆိုခံရမှုမှ ကင်းလွတ်မည်ဖြစ်ပြီး တရုတ်နိုင်ငံသားများသာ ဆက်လက်တရားစွဲဆိုစစ်ဆေးခံရဖွယ် ရှိသည်ဟု ၎င်းက ဆိုသည်။ တရားမ၀င်ဆေးခန်းဖွင့်ပြီး ရှောင်တိမ်း နေသူများကို စစ်ဆေးနိုင်ရန် လိုအပ်လျှင် နိုင်ငံတကာမှုခင်းရဲ တပ်ဖွဲ့ (Inter-Pol)၏ အကူအညီရယူသွားမည်ဟု ဒုရဲမှူးကြီးက ပြောထားသည်။ 

တော်ဝင်နှင်းဆီဆေးရုံ သုံး လွှာတွင် Health News ဆေးခန်း ဖွင့်လှစ်ကုသခဲ့သည့် တရုတ်နိုင်ငံ သားများနှင့် ဆေးရုံတာဝန်ရှိသူ တို့ကို ဆေးကုသရာ၌ ညစ် ညမ်းသော စာရွက်စာတမ်းများ နှင့် ညစ်ညမ်းရုပ်ပုံများဖြန့်ချိဝေငှ ခြင်း၊ ပုဂ္ဂလိကဆေးရုံလုပ်ငန်း လိုင်စင်မရှိဘဲ လုပ်ကိုင်ခြင်း၊ မြန် မာနိုင်ငံဆေးကောင်စီမှ ထုတ်ပေး သော ဆေးကုသခွင့်လိုင်စင်မရှိဘဲ ကုသခြင်း၊ သက်ဆိုင်ရာအဖွဲ့များ ၏ တရားဝင်ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းလိုင်စင် လွှဲပြောင်းငှားရမ်း ခြင်း၊ ဗီဇာစည်းကမ်းဖောက်ဖျက်ခြင်းစသည်တို့အတွက် ပြစ်မှုပုဒ်မ ၂၉၂ (က)၊ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဥပဒေပုဒ်မ ၃၃/၃၅၊ မြန်မာနိုင်ငံဆေးကောင်စီ ဥပဒေပုဒ်မ ၄၁/၄၂၊ လ.၀.က အက်ဥပဒေ ၁၃ (၁)တို့ဖြင့် ချမ်း အေးသာစံမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။ 
7Day

Friday, January 23, 2015

သမ္မတ ကမ်းလှမ်းတဲ့ ပြည်ထောင်စုနေ့ တနိုင်ငံလုံး အပစ်ရပ်ရေး မသေချာ

လာမယ့် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုဖို့ သမ္မတ ဦးသိန်းစိန် ကမ်လှမ်း ထားချက်က မဖြစ်နိုင်တော့ကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပတဲ့ ဆွေးနွေးပွဲ အပြီးမှာ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြော ဆိုလိုက်ပါတယ်။
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် အကြိုဆွေးနွေးပွဲ အဖြစ် ဇန်န၀ါရီ ၂၀ ရက်က တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) နဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန(MPC) တို့ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ နှစ်ဘက်ကိုယ်စားလှယ်တွေ ဆွေးနွေးညှိနှိုင်း အပြီးမှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
NCCT ဒု ဥက္ကဋ္ဌ ဗိုလ်ချုပ် ဂွန်မော်က“NCCT တခုလုံး အနေနဲ့ ပြောမယ်ဆိုရင် အခု ဇန်နဝါရီ ကုန်ခါနီးမှာတောင်မှ အစည်းအဝေး တွေ မဖြစ်နိုင်တာ။ ဖေဖော်ဝါရီ ၁၂ ရက် ဆိုတာ မမီနိုင်ပါဘူး။ ကျနော်တို့ လူထုကို လိမ်လို့ မရပါဘူး။ မျှော်လင့်ချက် ပေးလို့ မရပါဘူး။ ၁၂ ရက်နေ့ လက်မှတ်ထိုးဖို့ ဆိုတာ အခု အခြေအနေ အတိုင်းဆိုရင် မဖြစ်နိုင်ပါဘူး”လို့ ပြောပါတယ်။
NCCT နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) တို့ အကြား ညှိနှိုင်းဖို့ကျန်နေတဲ့ အချက်တွေကို အရင် ဖြေရှင်းရမယ့် “၇”  ကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ဖို့ ညှိနှိုင်းမှုတွေ မပြီးပြတ်သေးတဲ့ အတွက် ပြည်ထောင်စုနေ့ မှာ ပြုလုပ်လိုတဲ့ အစီအစဉ်ဟာ မဖြစ်နိုင်တော့တာပဲ ဖြစ်တယ်လို့ သိရပါတယ်။
“ဒီအတိုင်း ဆိုရင်တော့ မဖြစ်နိုင်ပါဘူး။ ကျနော်တို့ “၇” ကြိမ် မြောက် အစည်းအဝေးတွေ မကျင်းပနိုင်ဘဲနဲ့တော့ နောက်တဆင့်ကို သွား ဖို့ မလွယ်သေးပါဘူး”လို့ ဗိုလ်ချုပ် ဂွန်မော်က ဆွေးနွေးပွဲ အပြီးမှာ သတင်းထောက်တွေကို ပြောဆိုပါတယ်။
အစိုးရနဲ့ NCCT တို့ အကြား ပြီးခဲ့တဲ့ ဆွေးနွေးပွဲတွေမှာ လမ်းပြမြေပုံ အပါအဝင် ညှိနှိုင်းရ ခက်ခဲနေတဲ့ အချက်တချို့ ဆွေးနွေးဖို့ ကျန် ရှိနေတဲ့အပြင် “၇” ကြိမ်မြောက် ဆွေးနွေးပွဲကို ဘယ်လို ပုံစံသွားမလဲ၊ ဘယ်နေ့ ဆွေးနွေးမလဲ ဆိုတာတွေကို မသတ်မှတ်နိုင်သေး တဲ့ အခြေအနေမှာပဲ ရှိနေသေးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေမှု ရပ်တန့်ဖို့၊ ကချင် လွတ်လပ်ရေး အဖွဲ့(KIO) ဗိုလ်သင်တန်းကျောင်း ပစ်ခတ်ခတ်ခံရမှုစတဲ့ အချက်တွေလည်း အစပိုင်း ဆွေးနွေးရမယ့် အချက်တွေမှာ ပါဝင်နေတယ်လို့ သိရပါတယ်။
နေပြည်တော်မှာ ဇန်နဝါရီလ ၅ ရက်က သမ္မတ ဦးသိန်းစိန်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်မှာ သမ္မတ ဦးသိန်းစိန်က ဖေဖော်ဝါရီလ ၁၂ ရက်မှာ ကျရောက်တဲ့ “၆၈” နှစ်မြောက် ပြည်ထောင်စုနေ့မှာ အပစ်အခတ် ရပ်စဲ မယ် ဆိုရင် အင်မတန် သင့်လျော်ကြောင်း ပြောဆိုကမ်းလှမ်းခဲ့ပါတယ်။
ပြည်ထောင်စုနေ့မှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရေး အတွက် ကရင်အမျိုးသား အစည်းအရုံး (KNU) က သမ္မတ ဦးသိန်းစိန်ထံ စတင် အကြံပြုခဲ့တာ ဖြစ်ကြောင်း MPC ရဲ့ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက ပြောဆိုပါတယ်။
“အလုပ်အဖွဲ့ဖြစ်တဲ့ အတွက် အခုအချိန်ထိတော့ ဖေဖော်ဝါရီ ၁၂ ရက် ဆိုတာကိုတော့ Target (ပစ်မှတ်) ထားတာကိုတော့ ပြောင်း တာ မရှိသေးဘူး။ ဒါပေမယ့် ညှိနှိုင်းစရာ အချက်တွေ ရှိတယ်လို့တော့ ပြောလို့ရတယ်”လို့ ဦးလှမောင်ရွှေက ဆွေးနွေးပွဲ အပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။
NCCT နဲ့ MPC တို့ ဆွေးနွေးပွဲ အပြီး လာမယ့် ပြည်ထောင်စုနေ့မှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အစိုးရတို့ အကြား အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရေး အခြေအနေ ရှိမရှိကိုတော့ MPC ဘက်က ရေရေရာရာ ထုတ်ဖော် ပြောဆိုသွားတာ မရှိပါဘူး။
NCCT ခေါင်းဆောင်တွေက တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး၊ ခိုင်မာတဲ့ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး အတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ အကြား ရှုပ်ထွေးလာနိုင်တဲ့ အချက်တွေကို အရင်ဆုံး ဖြေရှင်းဖို့ လိုအပ်တယ်လို့ ထောက်ပြပြောဆို သွားပါတယ်။
ဧရာဝတီ

စက်သုံးဆီဈေးနှုန်းများ တစ်ဂါလန်လျှင် ကျပ်တစ်ထောင်မှ ထောင့်ငါးရာအထိ ဈေးကျ

ကမ္ဘာ့ရေနံဈေး ကျဆင်းမှုကြောင့် ပြည်တွင်းရှိ စက်သုံးဆီဈေးနှုန်းများလည်း ကျ ဆင်းစေရန် ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့သဖြင့် ယခုဓာတ်ဆီ၊ ဒီဇယ်တစ်ဂါလန်လျှင် ကျပ်တစ်ထောင်မှ တစ်ထောင့်ငါးရာအထိ ဈေးလျော့သွားပြီဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။
ရေနံဈေးများ ကျဆင်းနေသော်လည်း ပြည်တွင်းရှိ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များတွင် ဈေးနှုန်းလျှော့ချမှုမရှိခြင်းအပေါ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်တင်နွယ်ဦးက မေးမြန်းရာ အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့သည်။‘‘စက်သုံးဆီက အရေးကြီးပါတယ်။ သူက ဈေးတက်နေရင် တခြားအရာတွေပါ လိုက်တက်ပါ တယ်။ အခုကမ္ဘာမှာ ဈေးကျပေ မယ့် ဒီနိုင်ငံမှာ ဈေးမကျသေးပါ ဘူး။ ဓာတ်ဆီဈေးနှုန်း ကျဖို့က အရေးကြီးပါတယ်။ ဒါနဲ့ ပတ်သက် ပြီး လိုအပ်ရင် ၀န်ကြီးဌာနအနေနဲ့ လည်း လွတ်လပ်တဲ့ ကော်မတီ တစ်ရပ်ဖွဲ့စည်းပြီး ကုမ္ပဏီတွေနဲ့ ညှိနှိုင်းဆောင်ရွက်သင့်ပါတယ်’’ ဟု ဒေါ်တင်နွယ်ဦးက ပြောသည်။
 ရေနံစိမ်း တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၄ ဒေါ်လာခန့်သာရှိပြီး ရေနံဈေးများ ကျဆင်းလာသည့် အဓိကအကြောင်းရင်းမှာ ဥရောပနိုင်ငံများ၏ စီးပွားရေးကျဆင်းလာမှုနှင့် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှေးကွေးလာခြင်းတို့ကြောင့် ၀ယ်လိုအားနည်းသည့်အတွက် ဈေးနှုန်းကျဆင်းရခြင်းဖြစ်ကြောင်း ဒုဝန်ကြီးက ဆိုသည်။ထိုသို့ ရေနံဈေးနှုန်းကျဆင်း မှု၏ နောက်ဆက်တွဲအဖြစ် မြန် မာ့သဘာဝဓာတ်ငွေ့မှ ရရှိသော ၀င်ငွေလည်း လျော့ကျလာနိုင်ပြီး ဓာတ်ငွေ့တူးဖော်သည့် လုပ် ငန်းများတွင် လာရောက်ရင်းနှီး မြှုပ်နှံမှု အနည်းငယ်နှေးကွေး သွားနိုင်ကြောင်း ၎င်းက ဆိုသည်။
ဒုဝန်ကြီးအနေဖြင့် စက်သုံး ဆီဈေးနှုန်းများ ကျဆင်းပြီဟု ပြောကြားသော်လည်း လက်တွေ့တွင် အနည်းငယ်သာကျဆင်းကာ တစ်ဂါလန်လျှင် ၂၀၀ ကျပ်မှ ၅၀၀ အထိခန့်သာ ကျဆင်းလျက်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့က ပြောသည်။
7Day

Thursday, January 22, 2015

ဈေးကွက်ပြိုင်ဆိုင်မှုကိုလိုလားကြောင်း Telenor မှပြောကြား


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အခြားသောဆက်သွယ်ရေး အော်ပရေတာများကို အကြပ်အတည်း မဖြစ်စေရန် ၎င်းတို့၏ ဝန်ဆောင်မှု ဈေးနှုန်းများကို မြှင့်တင်ထားခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း Telenor ၏ CEO ဖြစ် Mr. Petter Furberg က ပြိုင်ဆိုင်မှုကိုသာ လိုလားကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။


“ခေါ်ဆိုခကို ၂၅ ကျပ်အနေနဲ့ စတင်ခဲ့တယ်။ ဒါဟာ ဈေးကွက်ထဲမှာ အပေါဆုံးပဲ။ မကြောက်ဘူး။ MPT နဲ့ ဘာသဘောတူညီမှုမှလည်း မရှိဘူး။ MPT အနေနဲ့ ဈေးနှုန်းကို ဒီထက်လျှော့ချသွားမယ်ဆိုရင် ပြိုင်ဆိုင်သွားဖို့ ရှိတယ်။ ပြိုင်ဆိုင်မှုကို လိုလားပါတယ်””ဟု Petter က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဆွေသဟာဝန်ဆောင်မှု အသုံးပြုသူများအတွက် တစ်မိနစ်လျှင် ၃၅ ကျပ် သတ်မှတ်ခဲ့ရခြင်းနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် အခြားသော အော်ပရေတာများ အကြပ်အတည်းဖြစ်၍ ပြိုင်ဆိုင်မှုဈေးကွက် ပျက်ပြားသွားမည်ကို စိုးရိမ်သည့်အတွက် သီးခြား အစီအစဉ်တစ်ခုကို သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်းက ပြောဆိုထားသည်။

အော်ပရေတာများအကြား ပြိုင်ဆိုင်မှုနှင့် ပတ်သက်၍ ကြီးမားသော သဘောတူညီမှု တစ်စုံတစ်ရာ ရှိသည့်အတွက် ဈေးကွက်ကို ၉၀ ရာခိုင်နှုန်း ရရှိထားသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဈေးနှုန်းကို သီးခြားမြှင့်တင်ထားခြင်း ဖြစ်သည်ဟု လေ့လာသူမျာက သုံးသပ်ထားသော်လည်း Mr.Petter Furberg ၏ အဆိုအရ ၎င်းတို့သည် ပြိုင်ဆိုင်မှုနှင့် ပတ်သက်၍ လွတ်လပ်စွာ ဆောင်ရွက်နေကြောင်း သိရသည်။

ဈေးကွက်၏ ပြိုင်ဆိုင်မှုအရ မိုဘိုင်းဖုန်းခေါ်ဆိုခကို Ooredoo နှင့် Telenor တို့က တစ်မိနစ်လျှင် ၂၅ ကျပ်သို့ သတ်မှတ်ခဲ့ပြီး မြန်နှုန်းမြင့် အင်တာနက်စနစ်အတွက် 1 MB လျှင် ၁၀ ကျပ်အဖြစ်သို့ သတ်မှတ်ခဲ့သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဆွေသဟာ အမည်ဖြင့် ဈေးကွက်ပြိုင်ဆိုင်မှုကို ပြုလုပ်လာခဲ့သော်လည်း မိုဘိုင်းဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် ၃၅ ကျပ်နှင့် အင်တာနက် အသုံးပြုမှုအတွက် 1 MB လျှင် ၁၅ ကျပ် သတ်မှတ်ခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်းထားသည့် ဂျပန်ဆက်သွယ်ရေးကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် မစ္စတာနာဂရှီးမားက ၎င်းတို့ကို အမြတ်ရရှိဖို့အတွက် လုပ်ကိုင်နေသည်ဟု မထင်စေလိုကြောင်း၊ ယနေ့အချိန်သည် ပိုမိုကောင်းမွန်သော ကွန်ရက်နှင့် ဝန်ဆောင်မှုတို့ကို ပြုလုပ်နေသည့်အချိန် ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောဆိုခဲ့သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလ စာရင်းဇယားများအရ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူဦးရေ ၁၁ သန်းရှိပြီး Ooredoo ၏ မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူမှာ ၁.၆ သန်းရှိသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဈေးကွက်၏ ၉၀ ရာခိုင်နှုန်းကို လက်ရှိအချိန်၌ ပိုင်ဆိုင်ထားပြီး Telenor ၏ မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူ လူဦးရေသည် စက်တင်ဘာလ၌ ၂ သိန်း ၅ သောင်းကျော် ရှိသည်ဟု သိရသည်။


အင်တာနက် ဂျာနယ်

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ