Tuesday, July 14, 2015

ယူရိုဇုန် ချေးငွေ ထပ်ယူမှုအတွက် နိုင်ငံရေး အင်အားစုများ၏ ကန့်ကွက်မှုနှင့် ဂရိဝန်ကြီးချုပ် တွေ့ကြုံရဖွယ်ရှိ

ယူရိုဇုန်အဖွဲ့ထံမှ တတိယအသုတ် ထောက်ပံ့ချေးငွေရယူမည့်အစီအစဉ်အတွက် ဂရိဝန်ကြီးချုပ် အလက်ဆီဆီပရက်စ်အနေဖြင့် နိုင်ငံရေးအင်အားစုများ၏ ဝန်းရံအားပေးမှုကိုရရှိရန် ခက်ခက်ခဲခဲ ကြိုးပမ်း ရဖွယ်ရှိနေကြောင်း သိရသည်။

ဆီပရက်စ်၏ လက်ဝဲယိမ်းအစိုးရသည် ယူရိုဇုန်ထံမှ နောက်ထပ်ချေးငွေရယူခြင်း ပြုသင့်၊ မပြုသင့် ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲတစ်ရပ်ကျင်းပခဲ့ရာ ပြည်သူအများစုက ကန့်ကွက်မဲပေးခဲ့ကြသည်။ ထိုသို့သော အခြေ အနေကြောင့် ဂရိသည် ယူရိုငွေကြေးကိုအသုံးပြုနေသည့် နိုင်ငံများအဖွဲ့ ယူရိုဇုန်မှ နုတ်ထွက်ရန် အကြောင်းဖန်လာခဲ့သည်။

အကယ်၍ ဂရိသာ ယူရိုဇုန်မှ နုတ်ထွက်ပါက ၎င်း၏ မြီရှင်နိုင်ငံများ ကြွေးဆုံးမည် ဖြစ်သလို ယူရိုငွေကြေး တန်ဖိုးသည်လည်း မမျှော်မှန်းနိုင်လောက်အောင် ကျဆင်းသွားဖွယ် ရှိနေသည်။ ထို့အတူ ဂရိ၏ စီးပွားရေး အခြေခံ တစ်ခုလုံးလည်း ယိမ်းယိုင် ပြိုကျသွားမည့် အလားအလာသို့ ဦးတည်လျက် ရှိသည်။ ထိုသို့သော အခြေအနေများကြောင့် ယူရိုဇုန် ခေါင်းဆောင်များက ဂရိအစိုးရနှင့် အကြိတ်အနယ် ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။ ဇူလိုင် ၁၂ ရက်တွင် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့၌ ညလုံးပေါက် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ဂရိက တတိယအသုတ်အဖြစ် ထောက်ပံ့ချေးငွေ ရယူရန် အပြီးသတ် သဘောတူညီခဲ့ သည်။

ထို့ကြောင့် လတ်တလောတင်ရှိနေသည့် ဂရိ၏ကြွေးမြီ ယူရို ၃၂၃ ဘီလီယံမှာ နောက်ထပ် တိုးပွား လာတော့မည် ဖြစ်သည်။ ဂရိကို ငွေချေးပေးမည့် နိုင်ငံများကလည်း ပိုမိုကျပ်တည်းသည့် တောင်းဆိုမှုများ ပြုလုပ်ပြီး ဂရိစီးပွားရေးကို နာလန်ထူနိုင်အောင် ကြိုးစားရန် စီစဉ်နေသည်။ ယခုဆွေးနွေးမှု ရလဒ်အရ ဂရိသည် ၃ နှစ်တာ ကာလအတွင်း ထောက်ပံ့ချေးငွေ ယူရို ၈၆ ဘီလီယံ ရရှိသွားမည်ဖြစ်ပြီး နိုင်ငံစီးပွားရေး တစ်ကျော့ပြန် ဦးမော့လာအောင် အစိုးရက အစွမ်းကုန် ကြိုးပမ်းရမည် ဖြစ်သည်။

ဆီပရက်စ် အနေဖြင့် အဆိုပါ သဘောတူညီချက်ကို ရရှိခဲ့သော်လည်း နိုင်ငံရေး အင်အားစုများ၏ ပူးပေါင်း ထောက်ခံမှုကိုရရှိရန်မူ ကြိုးစား ဆွဲဆောင်ရဖွယ် ရှိနေသည်။ ဆီပရက်စ်၏ ပါတီရော၊ အတိုက်အခံများကပါ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှ မဲဆန္ဒအတိုင်း နောက်ထပ် ချေးငွေမယူတော့ရန် လိုလားနေကြသည်။ လတ်တလောတွင် ဆီပရက်စ် ဂရိသို့ ပြန်ရောက်လာပြီးနောက် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းအချို့က ၂၄နာရီ ဆန္ဒပြရန် အစီစအဉ်များ ပြုလုပ်နေကြောင်း သိရသည်။

ဆီပရက်စ်သည် ကြွေးမြီဆပ်ရန်အတွက် ဂရိအစိုးရအနေဖြင့် ပြည်သူ့ဝန်ဆောင်မှု ကဏ္ဍများတွင် အလွန်အမင်း ခြိုးခြံနေရမှုကို ရပ်တန့်ပစ်မည်ဆိုသော ကြွေးကြော်မှုဖြင့် ဇန်နဝါရီ ရွေးကောက်ပွဲတွင် အနိုင်ရလာခြင်း ဖြစ်သည်။ ဂရိအစိုးရသည် ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ ထောက်ပံ့ချေးငွေ နှစ်ကြိမ် ရယူထားပြီး ယင်း၏ တန်ဖိုးသည် စုစုပေါင်း ယူရို ၂၄၀ ဘီလီယံထိ ရှိနေသည်။

ဆီပရက်စ် အနေဖြင့် လတ်တလောတွင် ၎င်းကို ထောက်ခံနေသူများ၏ ယုံကြည်မှုကိုပင် ဆက်လက် ထိန်းသိမ်းထားနိုင်ရန် ရုန်းကန်ရဖွယ် ရှိနေသည်။ သို့သော်လည်း ချေးငွေများ အလျင်အမြန် ရရှိပြီး ပိတ်ထားသည့် ဂရိဘဏ်များ ပြန်လည် ဖွင့်လှစ်နိုင်ချိန်တွင်မူ နိုင်ငံ၏ စီးပွားရေး ယန္တရား တစ်ကျော့ပြန် လည်ပတ်လာပြီး ဝန်ကြီးချုပ်အတွက် အတန်ငယ် အသက်ရှူ ချောင်လာဖွယ် ရှိကြောင်းလည်း သိရှိရသည်။
7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ