Wednesday, July 15, 2015

ရွေးကောက်ပွဲတွင် ထားဝယ်တိုင်းရင်းသားများပါတီ မဲဆန္ဒနယ် ၂၀ ၌ ၀င်ရောက်ယှဉ်ပြိုင်မည်

နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ ထားဝယ်တိုင်းရင်းသားများပါတီသည် တနင်္သာရီတိုင်းဒေသကြီးအတွင်း မဲဆန္ဒနယ် ၂၀ တွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ထားဝယ်အခြေစိုက် တိုင်းဒေသကြီးကိုယ်စားပြု တိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် ထားဝယ်တိုင်းရင်းသား များပါတီသည် ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးအတွင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ငါးနေရာ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ငါးနေရာနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၁၀ နေရာ တို့တွင် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။

ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်းနှင့် ကော့သောင်းမြို့နယ်တို့ကို ရွေးချယ်ထားကြောင်း ၂၀၁၃ ဒီဇင်ဘာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ပါတီမှတ်ပုံတင်အမှတ်(၇၀)ဖြင့် ခွင့်ပြုချက်ရရှိထားသော ထားဝယ်တိုင်းရင်းသားများပါတီ ကပြောသည်။

‘‘ရွေးကောက်ပွဲမှာ အနိုင်အရှုံးထက် အကောင်းဆုံးအတိုက်အခံပါတီတစ်ခုအနေနဲ့ ရပ်တည်သွားမယ်။ ဒါပေမဲ့ အခုရွေးချယ်ထားတဲ့နေရာတွေမှာ နိုင်အောင်ယှဉ်ပြိုင်သွားမယ်’’ဟုပါတီဥက္ကဋ္ဌဦးအေးမင်းက ပြောသည်။

ယှဉ်ပြိုင်မည့်နေရာများနှင့် ကိုယ်စားလှယ်လောင်းများကို ဇူလိုင် ၁၃ ရက်က ပြုလုပ်ခဲ့သည့် ပါတီဗဟို ကော်မတီ အရေးပေါ်အစည်းအဝေးအတွင်း ရွေးချယ်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်သောပါတီဥက္ကဋ္ဌ ကဆိုသည်။

ထားဝယ်တိုင်းရင်းသားပါတီသည် ဇူလိုင်လလယ်ထိ တိုင်းဒေသကြီးအတွင်း ပါတီဗဟိုရုံးအပြင် မြို့နယ် ရုံးသုံးရုံးနှင့် ရပ်ကျေးရုံး ၁၀ ရုံးကို ဖွင့်လှစ်နိုင်ခဲ့ပြီး ပါတီဝင်အင်အား ၄,၀၀၀ ကျော်ရှိကြောင်း သတင်းရရှိ သည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၁၀နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒ နယ် ၁၂ နေရာ၊တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ၂၀နေရာနှင့် တိုင်းရင်းသားကိုယ်စားလှယ်နေရာ များရှိမည်ဖြစ်ပြီး လာမည့်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ၊ NLD ပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီနှင့် အခြားပါတီများ၊ မွန်နှင့် ကရင်တိုင်းရင်းသားဆိုင်ရာပါတီများ ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်နေသည်။

7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ