Wednesday, July 15, 2015

ပိုင်ဆိုင်မှု အငြင်းပွားနေသည့် သန္တာကျောက်တန်း တရုတ်အမည် ဖော်ပြထားမှုကို Google Map ပြန်လည်ပြင်ဆင်

ဖိလစ်ပိုင်နိုင်ငံသားအများစု၏ ကန့်ကွက်မှုကြောင့် တရုတ်အမည်ဖော်ပြထားသည့် ကမ်းလွန် သန္တာကျောက်တန်း တစ်ခု၏ အမည်ကို Google Mapတွင် ပြန်လည် ပြင်ဆင်ခဲ့ကြောင်း သိရှိရသည်။

ဖိလစ်ပိုင်နှင့် တရုတ်တို့ ပိုင်နက် အငြင်းပွားနေရာ ရေပြင်တွင်တည်ရှိသည့်အဆိုပါ သန္တာကျောက်တန်းကို Google၏ ကမ္ဘာလုံးဆိုင်ရာ မြေပုံစနစ်တွင် တရုတ်ကခေါ်ဝေါ်သည့် အမည်အတိုင်း ဇောင်ရှာကျွန်းစု အစိတ်အပိုင်းတစ်ခုအဖြစ် ဖော်ပြထားခဲ့သည်။

သို့သော်လည်း ယင်းကို ဖိလစ်ပိုင်ပြည်သူအများအပြားက ကန့်ကွက်ခဲ့သည့်နောက် နိုင်ငံတကာသုံး ဝေါဟာရအတိုင်း စခရာဘရော့ဂ်သောင်ကျွန်းအဖြစ် Google Mapတွင် ပြန်လည်ပြင်ဆင် ရေးသားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ သန္တာကျောက်တန်းတဝိုက်တွင် ငါးသယံဇာတပေါကြွယ်ဝစွာရှိနေရာ တရုတ်ရော၊ ဖိလစ်ပိုင်ကပါ ပိုင်ဆိုင်ခွင့်ရရန် လိုလားနေသည်။

ဖိလစ်ပိုင်က ရေပိုင်နက် အငြင်းပွားမှုအတွက် ကုလသမဂ္ဂက ကြားဝင်ဖြေရှင်းပေးရန် အဆိုတစ်ရပ် တင်သွင်းထားသော်လည်း တရုတ်အစိုးရက ယင်းစစ်ဆေးကြားနာမှုတွင် ပါဝင်ရန် ငြင်းဆိုထားသည်။

စခရာဘရော့ဂ်သောင်ကျွန်းကိစ္စနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ် အစောပိုင်းတွင် တရုတ်နှင့် ဖိလစ်ပိုင်တို့ ကြား ဆက်ဆံရေး စတင်တင်းမာလာခဲ့သည်။ ထိုစဉ်က နှစ်နိုင်ငံမှ ရေယာဉ်များ အဆိုပါ ဧရိယာတွင် ထိပ်တိုက်တွေ့ခဲ့ပြီး သီတင်းပတ် အတော်များများ ကြာသည်အထိ မည်သည့်ဘက်ကမျှ မဆုတ်ခွာဘဲ အားပြိုင်ခဲ့ကြသည်။

“ကျွန်ုပ်တို့ အနေနဲ့ ပထဝီဝင်ဆိုင်ရာ အမည်ပေးသတ်မှတ်ချက်တွေဟာ စိတ်လှုပ်ရှားမှု နက်နက်နဲနဲ ဖြစ်လာစေနိုင်တာကို နားလည်သဘောပေါက်ပါတယ်။ ဒါကြောင့်လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး သတိပြုမိလာချိန်မှာ မြန်မြန်ဆန်ဆန် အရေးယူပြီး အပြောင်းအလဲ လုပ်ခဲ့တာပါ”ဟု Google Mapမှ သန္တာကျောက်တန်းအမည် ပြောင်းလဲမှုနှင့်ပတ်သက်ပြီး Google၏ BBC၏ အီးမေးလ်ဖြင့် ဆက်သွယ် မေးမြန်းမှုကို ဖြေကြားခဲ့သည်။ 

တရုတ်သည် တောင်တရုတ်ပင်လယ်၏ ဧရိယာအားလုံးနီးပါးကို ၎င်းတို့၏ ပိုင်နက်နယ်မြေအဖြစ် သတ်မှတ် ကြေညာထားရာ စခရာဘရော့ဂ်သည်လည်း အစိတ်အပိုင်းတစ်ရပ်အဖြစ်ပါဝင်နေသည်။ အဆိုပါ သောင်ကျွန်းနေရာသည် ဖိလစ်ပိုင်ကမ်းခြေမှ မိုင် ၁၀၀ မျှ အကွာတွင်သာရှိသော်လည်း တရုတ်ကမ်းလွန်မှ မိုင် ၅၀၀ ထိ ကွာဝေးစွာ တည်ရှိနေကြောင်း သိရှိရသည်။

7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ