တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများက အစဉ်တစိုက် တောင်းဆိုနေ သော ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ်များကို သက်ဆိုင်ရာလွှတ်တော်က ရွေးချယ်ခွင့်ရရေးအတွက်
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ (ခ)နှင့် သက်ဆိုင်သော ပြင်ဆင်ချက်များကို ပြည်ထောင်စုလွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း မကျော်သဖြင့် မအောင်မြင်ကြောင်း လွှတ်တော်ကိုယ်စားလှယ် များက ပြောကြားသည်။
ပြည်နယ်နှင့် တိုင်းဝန်ကြီးချုပ်များကို သက်ဆိုင်ရာလွှတ်တော်က ရွေးချယ်ရေးဆိုင်ရာပုဒ်မ အပါအဝင် ပုဒ်မ ၆၂၊ ၆၃၊ ၆၄၊ ၁၁၅၊ ၁၄၇၊ ၂၃၂၊ ၂၃၄၊ ၂၄၉၊ ၂၆၁ စသည့် ပုဒ်မများသည် ပြင်ဆင်ရန် လုံလောက်သည့် ထောက်ခံမဲမရရှိခဲ့ခြင်း ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။
အခြေခံဥပဒေ ပြင်ဆင်ချက်မူကြမ်းတွင် တရားစီရင်ရေး (ဒုတိယ တရားလွှတ်တော်ချုပ်များ ခန့်အပ်ခြင်း) နှင့် ဥပဒေပြုရေးအပါအဝင် အုပ်ချုပ်ရေး (သမ္မတ၏ လုပ်ပိုင်ခွင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ ခန့်အပ်ခြင်း၊ ဒုတိယသမ္မတများ လုပ်ငန်းတာဝန်) ကဏ္ဍများကို ပြင်ဆင်သော ပုဒ်မပေါင်း ၆၀ ကို လွှတ်တော်ကိုယ်စားလှယ်များ၏ ၂၅ ရာခိုင်နှုန်းရရှိသော တပ်မတော်သား ကိုယ်စားလှယ် ထောက်ခံမှုမရှိခဲ့ကြောင်း ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။
သို့သော် ပြည်နယ်နှင့် တိုင်းဒေသကြီးများ ဥပဒေပြုခွင့်နှင့် သက်ဆိုင်သော ဇယား ၂ နှင့် ဇယား ၅ တွင် ဖြည့်စွက်ခြင်းများ ပြုလုပ်ခြင်းကို မဲခွဲရာတွင် ၇၆ ရာခိုင်နှုန်းမှ ၉၅ ဒသမ ၁၀ ရာခိုင်နှုန်းအထိ ရရှိခဲ့ပြီး ပြင်ဆင်ရန် အောင်မြင်ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။
အခြေခံဥပဒေပြင်ဆင်ရေးမူကြမ်းပါ ပုဒ်မ ၄၃၆ (ခ) နှင့် အကျုံးဝင်သော ပြင်ဆင်ချက်များတွင် နောက်ဆက်တွဲ ဇယားများဖြစ်သော ဇယား (၂) နှင့် (၅) ပါ ဖြည့်စွက်ခြင်းများကို တပ်မတော်သား ကိုယ်စားလှယ်များက ထောက်ခံမဲပေးခဲ့ပြီး ကျန်ပုဒ်မများကို ကန့်ကွက်ခဲ့သောကြောင့် အခြေခံဥပဒေ ပြင်ဆင်ရေး အောင်မြင်မှုမရှိခဲ့ကြောင်း ရွေးကောက်ခံကိုယ်စားလှယ်များက ပြောကြားသည်။
“ဒီပြင်ဆင်ချက်တွေမှာ ၇၅ ရာခိုင်နှုန်းမကျော်တဲ့အတွက် မူလအတိုင်းထားရှိရန် အတည်ပြုကြေညာပါ တယ်၊ တိုင်းရင်းသားအများပြည်သူတွေအတွက် ကြိုးစားရမှာက ကျွန်တော်တို့ တာဝန်ပါ၊ ကျွန်တော်တို့ အလုပ်ပါ၊ အောင်မြင်မှု ရမရကတော့ သိတဲ့အတိုင်းပါပဲ။ ဘာပဲဖြစ်ဖြစ် တိုင်းရင်းသား အများပြည်သူအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း က ပြောဆိုသည်။
ယင်းပုဒ်မ၊ ပုဒ်မခွဲများကို မဲဆန္ဒရယူရာတွင် အမြင့်ဆုံးမဲရလဒ် ၆၇ ဒသမ ၃၀ ရာခိုင်နှုန်း ရှိခဲ့သောကြောင့် အခြေခံဥပဒေပါ မူလပြဋ္ဌာန်းချက်အတိုင်းသာ ထားရှိရတော့မည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဆိုသည်။
ရခိုင်အမျိုးသားပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “ကျွန်တော်တို့ မဖြစ်စေချင်တဲ့ ရလဒ်ကို ရတာပေါ့၊ အဲဒီအတွက် စိတ်မကောင်းဘူး၊ ပြည်ထောင်စုလွှတ်တော်သည်လည်းပဲ ရိုင်းရိုင်းပြောရင်တော့ သူတောင်းစားအဆင့် ရောက်သွားတာပေါ့၊ ကျွန်တော်တို့က အလှူခံဖလားလေးမှာ ထည့်မှပဲရတဲ့ သဘောပဲ၊ ရိုင်းရိုင်းပြောတာပါ၊ ဒီအသုံးအနှုန်းက မသုံးနှုန်းသင့်ဘူး၊ အလှူရှင်က မစွန့်ကြဲသမျှ ဘယ်လောက်ပဲ အလှူခံခံ ကျွန်တော်တို့က အလှူခံရတဲ့ အဆင့်ပဲ ရှိတာပေါ့၊ အလှူရှင်ရဲ့ စွန့်ကျဲမှုအပေါ်မှာပဲ မူတည်တဲ့သဘောပါ” ဟု The Voice သို့ ပြောကြားသည်။
လက်ရှိပြင်ဆင်မှုတွင် တပ်မတော်မှ ထောက်ခံလိုက်သော ဇယား ၂ နှင့် ၅ ရလဒ်ကြောင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို အထောက်အကူပြုမည် မဟုတ်ကြောင်း ၎င်းကဆိုသည်။ယင်းအပြင် သမ္မတ၊ ဒုတိယသမ္မတများ၊ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများကို လွှတ်တော်ကိုယ်စားလှယ်များထဲမှ ရွေးချယ်ရန် ပြင်ဆင်ချက်မှာလည်း အောင်မြင်ခြင်း မရှိခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။
The Voice Weekly
No comments:
Post a Comment