အစ္စလာမ်မစ်နိုင်ငံတော် အိုင်အက်စ်အဖွဲ့ကို တိုက်ခိုက်နေသည့် ဆီးရီးယားနိုင်ငံ၏ ကာ့ဒ်လူမျိုးများအား ကူညီခဲ့သော ပထမဆုံးနိုင်ငံခြားအမျိုးသမီးဖြစ်သည့် ကနေဒါ-အစ္စရေးနိုင်ငံသူသည် ရှေ့တန်းစစ်မျက်နှာမှ ထွက်ခွာလာကာ အစ္စရေးနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်။
၎င်းနှင့် မကြာခဏ အဆက်အသွယ်မရ ဖြစ်နေသည့် ဖမ်းဆီးခံလိုက်ရပြီဆိုသော ကောလာဟလသတင်း များ ရှစ်လကြာ ထွက်ပေါ်ခဲ့ပြီးနောက် အစ္စရေးမီဒီယာများက ဂီးလ်ရိုဆန်ဘာ့ဂ် အစ္စရေးနိုင်ငံသို့ ဇူလိုင် ၁၂ ရက်တွင် ပြန်ရောက်လာကြောင်း ဖော်ပြသည်။သို့သော် ၎င်းသည် ခွင့်ပြုချက်မရှိဘဲ ခရီးသွားလာခဲ့၍ တရားစွဲဆိုရေး စဉ်းစားမှုနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။
ယင်းကဲ့သို့ ပြန်လာရခြင်းအကြောင်းရင်းများအနက် တစ်ခုမှာ စစ်ပွဲဇုန်များတွင် အီရန်နိုင်ငံ၏ သြဇာလွှမ်းမိုး မှု ပျံ့နှံ့လာသောကြောင့်ဖြစ်ကြောင်း ဂီးလ်ရိုဆန် ဘာ့ဂ်က ပြောသည်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုးများ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရသည့် သင်ခန်းစာများကြောင့် ကာ့ဒ်လူမျိုးများကို ကာကွယ်ရန် ကူညီခဲ့ခြင်းဖြစ်ပြီး အိုင်အက်စ်အဖွဲ့၏ ထိုးစစ်ဆင်မှုများကြောင့် အန္တရာယ် ကျရောက်နေသော အရှေ့အလယ်ပိုင်းဒေသရှိ လူနည်းစုများကို ကာကွယ်ပေးခြင်းဖြစ်သည်ဟု အစ္စရေးစစ် တပ်တွင် မိမိဆန္ဒအလျောက် တာဝန်ထမ်းဆောင်ခဲ့သည့် ဂီးလ်ရိုဆန်ဘာ့ဂ် (၃၁)နှစ်က ပြော သည်။
ရိုဆန်ဘာ့ဂ်သည် အီရတ်နိုင်ငံရှိ ခရစ်ယာန်လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သော Dwekh Nawsha အဖွဲ့သို့ မပြောင်းမီ ဆီးရီးယားနိုင်ငံတွင် ကာ့ဒ်လူမျိုးများ ၏ YPG ပြောက်ကျားများနှင့်အတူ မြေပြင်သို့ စတင်ထွက် ခဲ့သည်။
ယင်းနှစ်နိုင်ငံလုံးသည် အစ္စရေးနိုင်ငံနှင့် တရားဝင်စစ်ခင်းနေကြပြီး အစ္စရေးက ၎င်းတို့နိုင်ငံသားများကို ယင်းနိုင်ငံများသို့ ခရီး သွားလာခွင့် တားမြစ်ထားသည်။
အီရတ်ရှိ အိုင်အက်စ်စစ်သွေးကြွများကို တိုက်ရန် တပ်ဖွဲ့ ၀င်များစေလွှတ်နေသည့် ဒေသတွင်းအင်အား ကြီးနိုင်ငံများတွင် အီရန်နိုင်ငံ ပါဝင်နေသည်။ရိုဆန်ဘာ့ဂ်၏မွေးရပ်နိုင်ငံ ကနေဒါကလည်း ၎င်းကို ဆီးရီးယားမှ ထွက်ခွာသွားရန် တိုက်တွန်းခဲ့သည်။၎င်းသည် ကနေဒါမှ အစ္စရေးသို့ တစ်ဦးတည်း ပြောင်းရွှေ့ နေထိုင်ခဲ့သူဖြစ်သည်။
7Day Daily
No comments:
Post a Comment