နိုင်ငံတကာပညာရှင်များပါဝင်ဆွေးနွေးမည့် ဖက်ဒရယ်စနစ်ဆိုင်ရာဆွေးနွေးပွဲကို တောင်ကြီးမြို့တွင် ပထမဆုံးအကြိမ် ကျင်းပမည်ဟု သတင်းရရှိသည်။ဆွေးနွေးပွဲကို တောင်ကြီးမြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်းခန်းမတွင် ဇူလိုင် ၂၉ရက် မှ ၃၀ရက်အထိ နှစ်ရက်ကြာ ကျင်းပမည်ဖြစ်သည်။
ဖက်ဒရယ်စနစ်ဆိုင်ရာဆွေးနွေးပွဲတွင် နိုင်ငံတကာဖက်ဒရယ်စနစ်နှင့် ပတ်သက်ပြီး တတ်သိကျွမ်းကျင် သည့် နိုင်ငံတကာပညာရှင်များကဆွေးနွေးမည်ဖြစ်ပြီးမြန် မာဖက်ဒရယ်စနစ်နှင့်ပတ်သက်၍ ပြည်တွင်း ဖက်ဒရယ်အရေးကျွမ်းကျင်သူများက ဆွေးနွေးတင်ပြမည်ဟု ပွဲဖြစ်မြောက်ရေးတာဝန်ခံ ၈၈မျိုးဆက်(ရှမ်း ပြည်)မှ ဦးနေမျိုးကပြောသည်။
‘‘အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားအားလုံးကအစ ဖက်ဒရယ်ဆိုတာကိုပြောနေကြပြီ။ ဒီတော့ ဖက်ဒရယ်စနစ်ဆိုတာ ဘယ်လိုမျိုးဆိုတာ သိရှိဖို့အတွက် နိုင်ငံတကာ၊ ပြည်တွင်းပညာရှင်တွေက ဆွေးနွေး ပေးပြီးတော့ အားလုံးသိရှိစေဖို့ရည်ရွယ်ချက်နဲ့ ပွဲဖြစ်မြောက်အောင်စီစဉ် နေခြင်းဖြစ်တယ်’’ဟု ဦးနေမျိုးက ပြောသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ခြောက်ပွင့်ဆိုင်ဆွေးနွေးနိုင်ရန် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်အတွင်းရှိ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေမှုအသင်းအဖွဲ့များ အားလုံးကို ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ဖက်ဒရယ်စနစ်ဆိုင်ရာဆွေးနွေးပွဲ ဖြစ်မြောက်ရေးအဖွဲ့မှ သိရသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အခြေတည်နိုင်ခဲ့သည့် ပင်လုံသဘောတူညီချက်ဆိုင်ရာ ဖက်ဒရယ် အချက်အလက်များ၊ မဲ သဝေါညီလာခံဆိုင်ရာဖက်ဒရယ် အချက်အလက်များကိုလည်း အများသိရှိနိုင် အောင် ဖတ်ကြားမည်ဟု ဦးနေမျိုးက ဆိုသည်။
ဖက်ဒရယ်ဆိုင်ရာ ဆွေးနွေးပွဲပြီးစီးပါကလည်း ဖက်ဒရယ်စနစ်နှင့် ပတ်သက်ပြီးရှမ်းပြည်နယ် အစိုးရနှင့် ရှမ်းပြည်နယ်လွှတ်တော်တို့အား ဖက်ဒရယ်စနစ်ဆိုင်ရာ အကြံဉာဏ်ပေးနိုင်ရန် ချိတ်ဆက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲဖြစ်မြောက်ရေးအဖွဲ့မှ သတင်းရရှိသည်။
7Day Daily
No comments:
Post a Comment