တာချီလိတ်မြို့တွင် မိုးတွင်းကာလ၌ မယ်ဆိုင်ချောင်းရေလျှံကာ ရေကြီးနစ်မြုပ်မှုများရင် ဆိုင်နေရသော ကြောင့် ချောင်းအတွင်းရှိ ရေတားတမံသုံးခုကို တာချီလိတ်မြို့ အစိုးရဌာနများနှင့် အရပ်ဘက်အဖွဲ့များ ပူးပေါင်း
ကာ ဇူ လိုင် ၁၃ ရက် နံနက်တွင် မြေတူးယာဉ်များဖြင့် ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ခရိုင်ထွေ/အုပ်ရုံးတာဝန်ရှိသူတစ်ဦးက ပြောသည်။ ထိုသို့ ရှင်းလင်းလိုက်သောကြောင့် မယ်ဆိုင်မြို့ဘက်မှ လယ်မြေများ ရေအလုံအလောက်မရဟုဆိုကာ ထိုင်းလယ်သမား ၂၀၀ ခန့်က မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားကို မယ်ဆိုင်မြို့ဘက်မှ သော့ခတ်ပိတ်ဆို့လိုက်ခြင်းဖြစ်သည်ဟု သတင်းရရှိသည်။

မယ်ဆိုင်မြို့ဘက်မှ ထိုင်းလယ်သမားများက နံနက် ၉ နာရီ ခန့်မှစကာ ပိတ်ဆို့ဆန္ဒပြကြခြင်းဖြစ်ပြီး နှစ်နိုင်ငံ ဒေသအတွင်း အစိုးရတာဝန်ရှိသူများ အစည်းအဝေးပြုလုပ်ကာ ညှိနှိုင်းခဲ့၍ နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် လူစုခွဲသွားကြသည်ဟု တာချီလိတ်မြို့ခံကိုထွေးက ပြောသည်။ ၎င်းတို့လူစုခွဲသွားပြီးနောက် တံတားကို ပြန်ဖွင့်နိုင်ခဲ့သည်။
တာချီလိတ်ဒေသအတွင်း အစိုးရအဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းများက မယ်ဆိုင်ချောင်းတစ်လျှောက်ရှိ ပုန်းထွန်၊ ဆန်ဆိုင်းနှင့် ရန်အောင်မြေရပ်ကွက်အနီးရှိ ရေတားတမံသုံးခုကို ဖယ်ရှားခြင်းဖြစ်သည်။ သို့သော် ထိုင်းလယ်သမားများက ဆန္ဒထုတ်ဖော်နေကြသောကြောင့် လုပ်ငန်းရပ်တန့်လိုက်ရပြီး ရေတားတမံနှစ်ခု သာ ရှင်းလင်းနိုင်ခဲ့သည်ဟု တာချီလိတ်မြို့၊ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင့်ဆွေက ပြောသည်။
‘‘ကျွန်တော်တို့က နှစ်ဖက်အစည်းအဝေးထိုင်ပြီးမှ လုပ်တဲ့ကိစ္စလေ။ သူတို့ (ထိုင်းလယ်သ မားများ)က သူတို့ဆန္ဒကို ထုတ်ဖော်ပြောတာပေါ့။ ရေက တော်တော်သိသာတယ်။ နှစ်နေရာဖော်နိုင်တာ ခြောက်ပေ လောက်ကျတယ်။ ပုန်းထွန်အထက်တစ်နေရာတော့ ကျန်တယ်’’ဟု ဦးတင့် ဆွေက ပြောသည်။
မယ်ဆိုင်ချောင်းရေလျှံပါက တာချီလိတ်မြို့တွင် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ကာ ထိုင်းဘက်ခြမ်း မယ်ဆိုင်မြို့ တွင်မူ ရေကြီးခြင်းမရှိဘဲ မယ်ဆိုင်မြို့ဒေသအတွင်းရှိ လယ်မြေများမှာမူ လိုအပ်သောရေကို ရနေသည်။ ယခုကဲ့သို့ ရေတားတမံများကို ဖယ်လိုက်သောကြောင့် ချောင်းရေလျှံခြင်းမရှိတော့ဘဲ ထိုင်းလက်သမားများ အတွက် စိုက်ပျိုးရေးအခက်အခဲရင်ဆိုင်ရတော့မည် ဖြစ်သည်။
7Day Daily
No comments:
Post a Comment