စင်္ကာပူကို အနိုင်ယူပြီး မြန်မာ ယူ-၁၆ အာဆီယံချန်ပီယံရှစ် တာထွက်ကောင်း
မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းသည် ၂၀၁၅ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ (AFF U-16 Championship 2015)အုပ်စု (ခ) အဖွင့်ပွဲအဖြစ် ဇူလိုင်လ (၂၈) ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ (၃) နာရီ (ဒေသစံတော်ချိန် ညနေ (၃း၃၀) ) နာရီတွင် ကမ္ဘောဒီယားနိုင်ငံ၊ ဖနွမ်ပင်မြို့တော်၊ အိုလံပစ် အားကစားကွင်းကြီး ၌ စင်္ကာပူ ယူ-၁၆ အသင်းနှင့် ယှဉ်ပြိုင်ကစားရာ (၃) ဂိုး (၁) ဂိုးဖြင့် အနိုင်ရယူပြီး AFF U-16 Championship တာထွက်ကောင်းခဲ့ပြီ ဖြစ်သည်။
အဆိုပါပွဲတွင် မြန်မာအသင်းမှာ မိမိတို့ထက် အရပ်အမောင်းအနည်းငယ် သာလွန်သည့် စင်္ကာပူ အသင်းကို တစ်ချက်ထိ အမြန်ပေးပုံစံ အဓိကအားပြုပြီး ကစားသွားခဲ့သည်။ ပထမပိုင်း တစ်ပိုင်းလုံးနီးပါး မြန်မာအသင်း တောက်လျှောက်ဖိကစားခဲ့ပြီး အဖွင့်ဂိုးကို ပွဲချိန် (၁၂) မိနစ်တွင် နံပါတ် (၁၀) ဟိန်းထက်အောင် (၁၈) ကိုက်စည်းအတွင်း စင်္ကာပူနောက်တန်း လူများကြားမှ အပိုင်ကန်သွင်းယူခဲ့သည်။ စင်္ကာပူ အသင်းကလည်း ပြန်လည်ထိုးဖောက်ကစားခဲ့ရာ ပွဲချိန် (၃၄) မိနစ်တွင် ပြစ်ဒဏ်ဘောမှ တဆင့် ချေပဂိုးသွင်းယူနိုင်ခဲ့သည်။ မြန်မာအသင်းအတွက် ဒုတိယဂိုးကို ပွဲချိန် (၃၉) မိနစ်တွင် နံပါတ် (၁၂) ၀င်းနိုင်ထွန်း မှ ခြောက်ကိုက်စည်း အတွင်း အပိုင်ခေါင်းတိုက် သွင်းယူခဲ့သည်။
ဒုတိယပိုင်းမှာ စင်္ကာပူအသင်း လူစားလဲမှုတွေ ပြုလုပ်ပြီး ပိုမိုတိုက်စစ်ဆင်ကစားခဲ့ရာ မြန်မာအသင်း နောက်တန်းနှင့် ဂိုးသမား အကောင်းမွန်ဆုံးခုခံဖျက်ထုတ်မှု တွေ ပြုလုပ်ခဲ့ရသည်။ မြန်မာအသင်း ကလည်း တဖန် ပြန်လည်ဖိကစားခဲ့ရာ ပွဲချိန် (၆၂) မိနစ်တွင် နံပါတ် (၁၁) ထက်ဖြိုးဝေ မှ တတိယဂိုး သွင်းယူ ခဲ့သည်။ လက်ကျန်ပွဲချိန်များတွင် မြန်မာအသင်းအကောင်းမွန်ဆုံး ထိန်းချုပ်ကစားသွားခဲ့ပြီး စင်္ကာပူအသင်း ချေပဂိုးများ ပြန်လည် မသွင်းယူနိုင်တော့သဖြင့် ပွဲအပြီးတွင် မြန်မာ ယူ-၁၆ အသင်း က စင်္ကာပူ ယူ-၁၆ အသင်းကို (၃) ဂိုး (၁) ဂိုးဖြင့် အနိုင်ရရှိ ခဲ့သည်။ မြန်မာ ယူ-၁၆ အသင်းသည် လာမည့် သြဂုတ်လ (၁) ရက်နေ့တွင် ဖိလစ်ပိုင် ယူ-၁၆ အသင်းနှင့် အုပ်စု (ခ) ဒုတိယမြောက်ပွဲ ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။
၂၀၁၅ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ ပွဲစဉ်များအား ကမ္ဘောဒီးယား ပြည်တွင်း ရုပ်သံလိုင်း တစ်လိုင်းဖြစ်သည့် BTV မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ပြီး အောက်ဖော်ပြပါ link မှတဆင့် online live streaming ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။
Group (B)
Singapore U-16 (1-3) Myanmar U-16 (FT).
Hein Htet Aung (12 min)
Win Naing Tun (39 min)
Htet Phyoe Wai (62 min)
Myanmar Football Federation
No comments:
Post a Comment