ယခုရက်ပိုင်းအတွင်း နီနီခင်ဇော်သီဆိုထားသည့် ‘မလိုချင်ဘူး.. စစ်’သီချင်းကို ပရိသတ် များကြိုက်နှစ်သက် အားပေးသောကြောင့် ယင်းသီချင်း ဖန်တီးရေးသားသည့် တေးရေးတစ်ယောက်အနေဖြင့် ပင်ပန်းရကျိုးနပ် သည်ဟု ခံစားရကြောင်း တေးရေး၊ တေးဆို ဝေလက ပြောသည်။
‘‘ဒီသီချင်းကိုရေးတာက ကျွန်တော်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကိုထက် ဆိုတဲ့သူငယ်ချင်းနဲ့ နှစ်ယောက်ပေါင်းပြီး ရေးထားတာ။ နီနီခင်ဇော်အတွက် ဘယ်လိုရေးရင်ကောင်းမလဲ။ အချစ်နဲ့စစ်၊ စစ်သားတစ်ယောက် ကိုမျှော်နေတဲ့ကောင်မလေးတစ်ယောက်အကြောင်း၊ နောက်ပြီး ငြိမ်းချမ်းရေး လည်းပါရမယ်။ စစ်ဆိုတာက ကမ္ဘာမှာလည်း ဘယ်သူမှဖြစ်ချင်မှာမဟုတ်ဘူး။ အဲဒါကို စဉ်းစားပြီး အပြုသဘောနဲ့ရေး ဖြစ်တာ’’ဟု ‘မလိုချင်ဘူး.. စစ်’သီချင်းဖန်တီးဖြစ်သည့်အကြောင်းကို ၎င်းက ပြောသည်။
‘မလိုချင်ဘူး ..စစ်’သီချင်းသည် ဇူလိုင် ၁၉ ရက်တွင် စတင်ဖြန့်ချိမည့် နီနီခင်ဇော်၏ တစ်ကိုယ်တော် အခွေမှ သီချင်းဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်းက ယင်းသီချင်းအမ်တီဗီကို အွန်လိုင်းတွင် အခမဲ့ ဖြန့်ချိပေးခဲ့ရာ ပရိသတ်အားပေး မှုရရှိခဲ့သည်။
‘‘ဒီသီချင်းလေးကို ပရိသတ်တွေကြိုက်ကြတယ်။ နီနီဆိုတာကလည်း ကောင်းတယ်။ တီးတာတွေလည်း ကောင်းတယ်။ ရိုက်တဲ့ရိုက်ကူးရေးကလည်း ကောင်းလို့အကုန်လက်ခံကြတာ။ ကျွန်တော်လည်း ဖေ့စ်ဘွတ်ခ်မှာတွေ့ ပါတယ်။ အဲဒီအတွက်လည်း ဝမ်းသာတယ်။ ကျွန်တော်တို့သူငယ်ချင်း နှစ်ယောက်ရေးပေးတဲ့ သီချင်းကို ကြိုက်ကြတဲ့အတွက် ပင်ပန်းရကျိုးလည်းနပ်ပါတယ်’’ဟု ဝေလက ပြောသည်။
‘မလိုချင်ဘူး.. စစ်’သီချင်း နှင့်ပတ်သက်၍ နီနီခင်ဇော်ကလည်း ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ‘မလိုချင်ဘူး.. စစ်’ သီချင်းကို အားပေးနားဆင်ပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ အခက်အခဲတွေကြားထဲက ကြိုးစားထားတာမို့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် ရသတစ်ခုရမယ်ဆို ပင်ပန်း ရကျိုးနပ်ပါပြီ’ ဟု ရေးသားထားသည်။
ထို့အပြင် ဇူလိုင် ၁၉ ရက်တွင် စတင်ဖြန့်ချိမည့် နီနီခင်ဇော်၏ ဒုတိယတစ်ကိုယ်တော်အခွေ ‘အနီရောင်’စီးရီး၏ အော်ဒီယိုစီဒီ ဝယ်ယူသူတိုင်းကို ‘မလိုချင်ဘူး.. စစ်’အမ်တီဗီကိုလက်ဆောင်ပေးမည်ဖြစ်သည်။
7Day Daily
No comments:
Post a Comment