Wednesday, July 22, 2015

ကသာခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် မီးရထားလမ်း၊ ကားလမ်းများ ပိတ်နေပြီး လူလေးဦးသေဆုံးကာ လူနေအိမ်များ မျောပါပျက်စီး


စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်တွင် ဇူလိုင် ၁၄ ရက်မှ စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူလေးဦးသေဆုံးကာ လူနေအိမ် ၁၄ လုံး မျောပါပျက်စီးခဲ့ကြောင်း သိရသည်။ မန္တလေး-မြစ်ကြီးနား မီးရထားခရီးစဉ်များ ခေတ္တရပ်နားထားရပြီး ရွှေဘို-မြစ်ကြီးနား ကားလမ်းပေါ်ရှိ
ကားလမ်းများ ရေကျော်ခြင်း၊ တံတားအချို့ ကျိုးကျပျက်စီးခြင်းများကြောင့် ခရီးသွားပြည်သူများ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ကသာခရိုင် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်အုန်းက “ကျွန်တော်တို့ ကသာခရိုင်အတွင်း ရေကြီးရေလျှံမှုများကြောင့် လူလေးဦးသေဆုံးပြီး ကောလင်းမြို့နယ်တွင် လူနေအိမ် ၁၀ လုံး၊ စပါးသိုလှောင်သည့်တဲပေါင်း ၂၈၃၇၅ တဲ ရှိပါတယ်။ လက်ရှိကောလင်းမှာ ရေဘေးကယ်ဆယ်ရေး စခန်းလေးခု ဖွင့်ထားပါတယ်။ အိမ်ထောင်စု ၇၃၆ စု၊ လူဦးရေ ၂၀၄၂ ဦးရှိပြီး လက်ရှိရေဘေး ကယ်ဆယ်ရေး ဆောင်ရွက်နေပါတယ်။ ကသာတစ်ခရိုင်လုံး ရေ၀င်ရောက်တဲ့ ကျေးရွာ ၈၂ ရွာ ရှိပါတယ်။ ပျက်စီးတာ မဟုတ်ပါဘူး။ ကောလင်းမှာ မိုးငါးရက်ရွာတာ စစ်ကိုင်းမြို့ရဲ့ မိုးတွင်းတစ်နှစ်လုံး ရွာတဲ့ မိုးရေချိန်ထက်ကို ပိုနေပါပြီ။ ဇူလိုင် ၂၀ ရက်အထိ ၃၃ ဒသမ ၇၅ လက်မ ရှိပါပြီ။ အခုဆိုရင် နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် လာရောက်ပြီး ကျပ်သိန်း ၂၀၀ ကျော်တန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်းတွေ ပေးအပ်သွားပါတယ်။ အခု ကျွန်တော်တို့ကောလင်းမှာ စာရင်းကောက်ဖို့ လုပ်နေပါတယ်။ လိုအပ်တဲ့ မျိုးစပါးတွေ ပစ္စည်းတွေ ထောက်ပံပေးနိုင်ဖို့ အတွက်ကို အမြန်ဆုံးရရှိဖို့ စာရင်းကောက်အဖွဲ့တွေနဲ့ ကွင်းဆင်းပြီး အမြန်ဆုံးဆောင်ရွက်သွားပါမယ်။ ကသာမြို့က ထောက်ပံ့ရေးအဖွဲ့တွေလည်း ကောလင်းကို ရောက်လာပါတယ်။ ကသာမြို့က လှူဒါန်းလိုက်တဲ့ ၆၂ သိန်းခန့် တန်ဖိုးရှိ ပစ္စည်းတွေ ယူလာပါတယ်။ နောက်ထပ်လည်း ထပ်လာဦးမှာပါ” ဟု ပြောကြားခဲ့သည်။

ကောလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်က “ကောလင်းမြို့ဟာ အနိမ့်ပိုင်းမှာရှိတယ် နှစ်တိုင်းရေ၀င်နေကြ၊ ဇူလိုင် ၁၈ ရက်မှာ မိုးအကြီးအကျယ် ရွာတယ်။ ၁၉ ရက်မှာ ရေ၀င်တယ်။ ကောလင်းမြို့ဟာ နွေဆိုရင် ရေရှားတယ်။ မီးဘေးစိုးရိမ်ရတယ်။ မိုးကျရင် ရေများတယ်။ မိုးရာသီမှာ ရေ၀င်တာ သူရဲ့ထုံးစံ ဖြစ်နေပြီ။ အခုလို မိုးရာသီမိုးရွာမှ မိုးရွာတဲ့ ရေလေးရမှ နွေဆိုရင် စိတ်ချရတာ။ ဒါက တစ်အချက်ပေါ့။ အခု ဒီကနေ့ ဇူလိုင် ၂၂ ရက်အထိ ကောလင်းမြို့ရဲ့ မိုးရေချိန်က ၃၄ လက်မကျော်သွားပြီ။ ယခင်နှစ်က အခုလို ဇူလိုင်လမှာ ၁၀ လက်မကျော်ပဲ ရွာတယ်။ အခုလောလောဆယ် ရွာပေါင်း ၁၁ ရွာမှာ ရေတွေရှိနေတယ်။ ဇူလိုင် ၁၉ ရက်မှာ ရေက ရုတ်တရက်မြင့်လာတယ်။ ဇူလိုင် ၁၇၊ ၁၈ ရက်မှာ ကျွန်တော်တို့ လိုအပ်တဲ့ NGO တွေ ရပ်မိရပ်ဖတွေနဲ့ ပေါင်းပြီးတော့ လူတွေကို ဆွဲတင်တယ်။ ဒါပေမဲ့ ရေက ၆ ပေ၊ ၈ ပေ တိုးတိုးလာတယ်။ ကျွန်တော်တို့က သွားခေါ်တယ်။ ဒေသခံတွေက ရေတက်နေကြဆိုတော့ သွားခေါ်လည်း မလိုက်ကြဘူး။ ဒါပေမဲ့ ကျွန်တော်ရသလောက် ခေါ်တယ်။ အခု ကျွန်တော့်ဆီမှာ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားတယ်။ တချို့ရွာတွေက ဘုန်းကြီးကျောင်းတွေမှာ သွားပြီးနေနေတာလည်း ရှိတယ်။ ကျွန်တော်တို့ကလည်း ဒီကနေပြီးတော့ ထမင်းထုပ်တွေ ပို့ပေးတယ်။ ကယ်ဆယ်ရေး ပစ္စည်းတွေ မနေ့က သမ္မတကြီးက လာပေးသွားတယ်။ တပ်ကလည်း ရဟတ်ယာဉ်နဲ့ နေ့တိုင်းနေ့တိုင်း ဆင်းပေးနေတယ်။ ၁၇ ရက်ကစပြီး ဒီမှာဆေးခန်းတွေ ဖွင့်ထားတယ်။ တပ်ကလည်း ဆေးခန်းဖွင့်ထားတယ်။ ပါရဂူတွေ ပါတယ်” ဟု ပြောကြားခဲ့သည်။

“လူဦးလေးဦး သေဆုံးပါတယ်။ တန့်ဆည်ကလူက ခရီးသွား ကားလမ်းအနိမ့်ပိုင်း ရေကျော်နေတယ်။ ဘေးကလူတွေက မကျော်နဲ့ ရေစီးသန်တယ်လို့ ပြောပေမယ့် သူကကျော်တယ်။ အဲဒီမှာ မျောပါသွားတယ်။ နောက် တစ်ယောက်က ဖိုးကျော်သူကလည်း ရေကြီးနေချိန် ကွန်ပစ်တာ မူးလည်းမူးနေတယ်။ ဟန်ချက်ပျက်ပြီး ရေထဲကျကာ ရေနဲ့မျောပါသွားတယ်။ နမခတိုင်းမှူး ဗိုလ်ချုပ်မင်းနောင်လည်း အခုဒီမှာ ရောက်နေတယ်။ ရေနစ်မြုပ်တဲ့ နေရာတွေကို သူစက်လှေတွေနဲ့ သွားတယ်။ အခုလည်း ရဟတ်ယာဉ်နဲ့ ချက်ချင်းပြန်လာပြီး ကယ်ဆယ်ရေးပစ္စည်းတွေ လာပို့ပါတယ်” ဟု ပြောကြားသည်။

ကောလင်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုကြောင့် ကောလင်းမီးသတ်မှ ဒုတပ်ကြပ်ဝင်းချစ်ထူး (၂၃) ဘဦးသိန်းထွန်းဦးသည် ဇူလိုင် ၁၉ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန် ရေစီးဖြင့် မျောပါသွားသည့် ညောကိုင်းရွာ အရှေ့ဘက် ဒုံးဒုတ်ချောင်းတွင် ကားပေါ်သို့ ရေလျှံပြီး နစ်မြုပ်နေသည့်နေရာမှ ကိုက် ၁၀၀ ခန့်အကွာတွင် ရေနစ်မြုပ်သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း၊ ဇူလိုင် ၁၈ ရက် မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် ရေထဲမျောပါသွာခဲ့သည့် ဖိုးကျော် (၂၄) ဘ-ဦးသာဒင် ရှောက်ပင်ချုံရွာ ကျောက်တန်းအုပ်စုနေသူအား ဇူလိုင် ၁၉ ရက် ညနေ ၄ နာရီခွဲအချိန် ၎င်းနစ်မြုပ်သည့် နေရာတွင် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁၉ ရက် နံနက်၇ နာရီ အချိန်ခန့်တွင် ရေထဲမျောပါသွားခဲ့သည့် မောင်ငြိမ်း (၂၀) ဘဦးပန်ဌေး ပန်းတိမ်ကုန်းရွာ တန့်ဆည်မြို့နယ်နေသူအား ဇူလိုင် ၁၉ ရက်ညနေ ၄ နာရီအချိန် ၎င်းစတင်နစ်မြုပ်သည့် နေရာမှ အနောက်ဘက် တစ်ဖာလုံခန့်အကွာတွင် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ရကြောင်း၊ ဇူလိုင် ၁၉ ၇က်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့် မြင့်ဇော်ဦး (၃၂) ကြူတောရွာနေသူသည် ဈေးဝယ်သွားရင် ရေမျောပါသွားခြဲ့ပီး ၎င်းအား ဇူလိုင် ၂၁ ရက်တွင် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ရကြောင်း သိရသည်။

ကသာခရိုင်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံပြီး ကောလင်းမြို့နယ်တွင် လူလေးဦးသေဆုံးပြီး လူနေအိမ် ၁၀ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် အင်းတော်မြို့နယ် ပိန္နဲကုန်းရွာတွင် လူနေအိမ်လေးလုံး ပျက်စီးခဲ့ကြောင်း၊ ကသာခရိုင်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေ၀င်ရောက်သည့် ကျေးရွာ ၈၂ ရွာ အိမ်ခြေ ၁၁၀၈၄ အိမ်ထောင်စု ၁၁၂၈၄ လူဦးရေ ၅၁၀၃၅ ရှိပြီး ကသာခရိုင်အတွင်း ၂၀၁၅-၂၀၁၆ မိုးစပါးစိုက်ပျိုးပြီး ဧရိယာများ ရေကြီးရေနစ်မြုပ်မှု စာရင်းမှာ ကျေးရွာအုပ်စုပေါင်း ၁၀၀၊ တောင်သူပေါင်း ၁၀၁၇၂၊ ရေနစ်မြုပ်ဧရိယာ ၄၂၀၄၁၊ ထိခိုက်ဧက ၂၁ ဧက၊ ပျက်စီးဧက ၁၃ ဧကရှိကြောင်း ကသာခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ ဇူလိုင် ၂၀ ရက်အထိ ရောက်ရှိနေသော စာရင်းဇယားများအရ သိရသည်။

Writer: 
စိုးစံ (အင်းတော်)

Eleven

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ