Tuesday, December 31, 2013

အတ္တ


အတ္တ

   -  မင်းလဲထမင်းစားတယ်
   -  ငါလဲထမင်းစားတယ်
   -  ကိုယ်စားတဲ့ထမင်းသာ
      ကြေညက်အောင်ဝါးပါ
   -  သူများထမင်းလုတ်
      ပုတ်မချနဲ့လေ….
                           
                                                          ရွှေတူးလေး

အပြစ်လား....?


အပြစ်လား ...?

 -နိုင်/ကျဉ်းတွေ လွှတ်ပေး
  ပေးပြန်တော့လဲ ကျန်သေးသတဲ့၊
  အင်း…သမ္မတဖြစ်ရတာ အပြစ်လား…?

 -နိုင်ငံရေးရေချိန်ကိုကြည့်ပြီး ပြောပြန်တော့
  အခုတစ်မျိုး တော်ကြာတစ်မျိုးတဲ့၊
  အင်း..ပါတီခေါင်းဆောင်ဖြစ်ရတာ အပြစ်လား…?

 -Good Government, Clean Government လုပ်ပြတော့
  အထက်ကကောင်းပေမဲ့ အောက်ကမပြောင်းသေးတဲ့၊
  အင်း..အစိုးရဖြစ်ရတာ အပြစ်လား… ?

 -ဥပဒေသစ်တွေ မြန်မြန်နဲ့မှန်မှန်ပြဌာန်းပေးနေတာတောင်၊
  မလိုအပ်ဘဲ အချိန်တွေဖြုန်းနေသတဲ့
  အင်း..လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရတာ အပြစ်လား..?

 -ဟိုခေါင်းဆောင်ပြောလဲ ခေါင်းငြိမ့်၊
  သည်ခေါင်းဆောင်ပြောလဲ ဟုတ်နိုးနိုး၊
  ဟိုလူသည်လူပြောသမျှ  ဟုတ်ကဲ့
  ပြန်မပြောနားမထောင် နေတာတောင်
  အင်း..ပြည်သူဖြစ်ရတာ အပြစ်လား…?
                                                                  
                                                          ရွှေတူးလေး
သူ့ကျွန်အဖြစ်.. တစ်ဖန်နွံနစ် ကျွန် မဖြစ်ချင်ပါ….
၂၀၁၄ ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့တွင် ကျရောက်မည့်
(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုလျက်..
 

 
       ပြည်ထောင်စု မြန်မာနိုင်ငံသည် ကမ္ဘာ့မြေပုံပေါ်၌ "မြန်မာ" မည်သော ပြည်တစ်ပြည်၊ မြန်မာမည်သော လူမျိုးတစ်မျိုး အဖြစ်ဖြင့် တစ်ထီးတစ်နန်း နေထိုင်ဖြစ်ပျက် လာခဲ့ရကြောင်းများကိုမူ မှန်နန်းရာဇ၀င်၊ ကုန်းဘောင်ရာဇ၀င်၊ ဦးကုလားရာဇ၀င်၊ မဟာရာဇ၀င်တော်ကြီး စသည့် ရာဇ၀င် စာအုပ်များက သက်သေထူနေမှာ ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ဘုန်းမီးနေလ တောက်ပပြီး အိမ်နီးချင်းနိုင်ငံများက လေးစားအားကျ ခဲ့ရသည်မှာ သမိုင်းမှာ အထင်အရှား ရှိခဲ့ပါသည်။
 
       မြန်မာနိုင်ငံသည် နိုင်ငံက သေးငယ်သည်။ တိုင်းရင်းသား လူမျိုးစုများသည်။ သယံဇာတ ပေါကြွယ်ဝ သည်။ ထိုသည်ကို အခွင့်ကောင်းယူကာ အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံကို ကျူးကျော်စစ် သုံးကြိမ်ဖြင့် သိမ်းယူခဲ့ကြပါသည်။ အင်္ဂလိပ် အရင်းရှင် နယ်ချဲ့သမားများသည် မြန်မာပြည်ကို ဖျားယောင်း လှည့်ပတ်ကာ သိမ်းယူခြင်း မပြုမီကပင် ဥရောပတိုက်ရှိ တိုင်းပြည်နိုင်ငံများမှ နိုင်ငံခြားသား အမြောက်အမြားသည် မြန်မာပြည် နယ်ပယ်အတွင်းသို့ တစ်ယောက်ပြီး တစ်ယောက် ၊ တစ်သုတ်ပြီး တစ်သုတ် ဆက်ကာဆင့်ကာ ချဉ်းနင်းဝင်ရောက် လာခဲ့ကြလေသည်။
 
       ဥရောပတိုက်မှ နိုင်ငံခြားသားများသည် မြန်မာပြည်တွင်းသို့ စတင်ဝင်ရောက်လာကြသော အချိန်အခါက မြန်မာပြည်သည် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေကာ အသိအမြင်အားဖြင့်လည်း ကျဉ်းမြောင်းကြသေးလျက် အိပ်မောကြ နေဆဲပင် ရှိသေးသည်။ ထိုအချိန်အခါက ဥရောပတိုက်ရှိ မြောက်မြားစွာသော တိုင်းပြည်နိုင်ငံများသည် အဘက်ဘက်မှ တိုးတက်ထွန်းကားလာပြီး လူဦးရေလည်း သိပ်သည်းများပြား လာခဲ့ကြပြီဖြစ်သည်။ စီးပွားကုန်သွယ်ရေးအားဖြင့် ကုန်ထုတ်လုပ်မှု အင်အားသည် တစ်ဟုန်ထိုး တိုးတက်လာခဲ့ရာ မိမိတို့ တိုင်းပြည် နိုင်ငံတွင်းတွင် သုံးစွဲရောင်းချခြင်းဖြင့် အမြတ်အစွန်းများစွာ ရရှိလာခဲ့ကြပါသည်။ ရရှိလာသည့် အမြတ်အစွန်း ငွေကြေးပမာဏများသည် လူကိုယစ်မူး လာစေကာ မိမိကုန်ပစ္စည်းများ ပိုမိုတွင်ကျယ်စွာ ရောင်းချလာနိုင်ရန်အတွက် နယ်ပယ်ချဲ့ထွင် လာခဲ့ကြသည်။ နယ်မြေအကွက်သစ်များ ရှာဖွေဖို့ အခါအခွင့်ကြုံဆုံ လာရသဖြင့် နယ်ချဲ့စနစ်ကို စတင်ကူးပြောင်း လာခဲ့တော့သည်။ ဥရောပတိုက်သားများသည် ကမ္ဘာ့မြေပြင် ရေပြင် လေပြင်စခန်းများကို နည်းအမျိုးမျိုးတို့ဖြင့် နယ်မြေချဲ့ထွင်လာခဲ့ကြပြီး အရှေ့ဘက် အာရှတစ်လွှားသို့ ကူးသန်းရောင်းဝယ်လိုခြင်း အရင်းခံဖြင့် စတင်ကျူးကျော် လာခဲ့ကြပါသည်။
 
       ဥရောပတိုက်သားများသည် မြန်မာနိုင်ငံသို့ မြန်မာသက္ကရာဇ် (၇၉၆)ခုနှစ် အင်္ဂလိပ်သက္ကရာဇ် (၁၄၃၅)ခုနှစ်၊ နှစ်ကြိမ်မြောက် အင်းဝကောင်းစားစဉ်အချိန် မိုးညှင်းမင်းတရား လက်ထက်တွင် ဥရောပတိုက် ဂရိပြည်နယ်မှ ဗင်းနစ်မြို့သားကုန်သည် နီတီလိုစီတွန်တီ ဆိုသူသည် တနင်္သာရီ၊ ရခိုင်၊ ဧရာဝတီတို့ကို ဖြတ်ကျော်ကာ အင်းဝနေပြည်တော် သို့ဆိုက်ရောက်လာခဲ့လေသည်။ မြန်မာသက္ကရာဇ် (၈၃၀)ပြည့်နှစ်၊ အင်္ဂလိပ်သက္ကရာဇ် (၁၄၇၀)ပြည့်နှစ် ပဲခူးဟံသာဝတီတွင် ဘုရင်မကြီး ရှင်စောပု ရန်ကုန်မှာ နန်းစိုက်၍ သမက်တော် ဓမ္မစေတီမင်းက ပဲခူးဟံသာဝတီကို အုပ်ချုပ်စိုးစံလျက်ရှိ နေကြစဉ် ဥရောပတိုက်သား ရုရှပြည်မှ ကုန်သည် နီတီကင်သည် ပဲခူးဟံသာဝတီသို့ ရောက်ရှိလာပြီး ကုန်ကူးသန်း ရောင်းဝယ်ခြင်း ပြုလုပ်ကာ မြန်မာပြည်မှာ နေထိုင်သွားလေသည်။ မြန်မာသက္ကရာဇ် (၈၅၆)ခုနှစ်၊ အင်္ဂလိပ်သက္ကရာဇ် (၁၄၉၆)ခုနှစ် ပဲခူး ဟံသာဝတီတွင် ဓမ္မစေတီ၏ သားတော် ဗညားရံ မင်းလုပ်၍ အုပ်စိုးနေစဉ် ဥရောပတိုက်၊ အီတလီပြည်မှ အီတာလျံလူမျိုး ကုန်သည် ဟိုက်ယာရိုနီသည် ပဲခူး ဟံသာဝတီသို့ ရောက်ရှိလာကာ ကုန်ကူးသန်း ရောင်းဝယ်မှုဖြင့် နေထိုင်သွားလေသည်။
       မြန်မာသက္ကရာဇ် (၈၅၉)ခုနှစ်၊ အင်္ဂလိပ်သက္ကရာဇ် (၁၄၉၈)ခုနှစ် ဟံသာဝတီတွင် ဗညားရံ ဆက်လက်အုပ်ချုပ်နေသော လက်ထက်မှာပင် ဥရောပတိုက် ပေါ်တူဂီပြည်မှ ပေါ်တူဂီလူမျိုး ဗာစကိုဒါဂါးမား ဆိုသူသည် ပဲခူး ဟံသာတီသို့ပင် ထပ်မံရောက်ရှိကာ ထိုသူသည် ကုန်ကူးသန်း ရောင်းဝယ်ရေးတွင် သာမက မြန်မာဘုရင်များ၏ မြို့ရေးရွာရေး ပြည်တွင်းရေး စသည်များကို ၀င်ရောက်စွက်ဖက် လာခဲ့သည်။ မြန်မာသက္ကရာဇ် (၈၆၆)ခုနှစ်၊ အင်္ဂလိပ်သက္ကရာဇ် (၁၅၀၅)ခုနှစ်၊ ပဲခူး ဟံသာဝတီတွင် ဗညားရံမင်း ဆက်လက်အုပ်ချုပ် မင်းလုပ်နေစဉ်မှာပင် အီတလီပြည်မှ အီတာလျံလူမျိုး လူဒိုဝီတိုဒီဝါသီမာ ဆိုသူသည် ပဲခူး ဟံသာဝတီသို့ ဆက်လက်ရောက်ရှိလာပြီး နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည်။

       မြန်မာသက္ကရာဇ်(၈၇၇)ခုနှစ်၊ အင်္ဂလိပ်သက္ကရာဇ် (၁၅၁၆)ခုနှစ်၊ ပဲခူး ဟံသာဝတီတွင် ဗညားရံမင်း ဆက်လက်အုပ်ချုပ် မင်းလုပ်နေစဉ်မှာပင် ပေါ်တူဂီလူမျိုးများသည် ယိုးဒယားဘုရင် ယာမာဗိုတိုနှင့် ချစ်ကြည်ရေး မိတ်ဆွေအဖြစ် စာချုပ်တစ်ခု ပြုလုပ်ကြပြီး ဆက်ဆံနေထိုင်ကြကာ ယိုးဒယားနယ်မှ အာယုဒ္ဓနယ်၊ မြန်မာ့နယ်မြေမှ တနင်္သာရီတို့ကို စိုးမိုးအုပ်ချုပ်ကြခြင်းဖြင့် ကျူးကျော်မှု ပြုလာခဲ့ကြလေသည်။ မြန်မာသက္ကရာဇ် (၈၈၈)ခုနှစ်၊ အင်္ဂလိပ်သက္ကရာဇ် (၁၅၁၉)ခုနှစ် နန်းတက်သော ရခိုင်ရာဇာကြီး လက်ထက်တွင် ဥရောပတိုက် ပေါ်တူဂီပြည်မှ ဖိလစ်ဒီဗရစ်တိုနှင့် ဆီဘတ်စ်တန်ဂိုဆလိစ် တို့သည် ရခိုင်ပြည်သို့ ရောက်ရှိလာကြပြီး ပြည်တွင်းရေးများကို ၀င်ရောက်စွက်ဖက် လာခဲ့ကြသည်။

       မြန်မာသက္ကရာဇ် (၉၀၈)ခုနှစ်၊ အင်္ဂလိပ်သက္ကရာဇ် (၁၆၂၇)ခုနှစ် ဟံသာဝတီတွင် မင်းတရားရွှေထီး စိုးစံအုပ်ချုပ်နေသော လက်ထက်မှာ ဥရောပတိုက် အင်္ဂလန်ကျွန်းမှ အင်္ဂလိပ်လူမျိုးများ မြန်မာပြည်တွင်းသို့ စတင်ရောက်ရှိ လာကြပြီး အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီတစ်ခု ဖွဲ့စည်းတည်ထောင်ကြကာ သန်လျင်၊ အင်းဝ၊ ဗန်းမော်၊ ပြည်မြို့များ၌ ကုန်တိုက်ခွဲများ တည်ထောင်ဖွင့်လှစ် နေထိုင်သွားကြသည်။ တစ်ချိန်တည်းမှာ အင်္ဂလိပ်လူမျိုးများနှင့်အပြိုင် ဒတ်ခ်ျလူမျိုးများကလည်း ဒတ်ခ်ျအရှေ့ အိန္ဒိယကုမ္ပဏီတစ်ခုမှ ပဲခူး သန်လျင် အင်းဝမြို့များ၌ တစ်မြို့လျှင် ကုန်တိုက်တစ်ခုစီ ဖွင့်လှစ်နေထိုင် ခဲ့ကြသော်လည်း ကြာရှည်စွာ မနေနိုင်ကြဘဲ ပြန်လည်ထွက်ခွာသွားသည်။

       မြန်မာသက္ကရာဇ် (၁၀၄၇)ခုနှစ်၊ အင်္ဂလိပ်သက္ကရာဇ် (၁၇၆၆)ခုနှစ် အင်းဝမင်းရဲကျော်ထင် လက်ထက်တွင် ဥရောပတိုက်၊ အင်္ဂလန်ကျွန်းမှ အင်္ဂလိပ် လူမျိုးများသည် မြန်မာပြည် ပင်လယ်ကမ်းခြေ ပုသိမ်(၃၂)မြို့ အပါအ၀င် ဟိုင်းကြီးကျွန်းသို့ ရောက်ရှိလာပြီး ကုန်တိုက်တစ်တိုက် တည်ထောင်ဖွင့်လှစ်သွားသည်။ ထို့နောက်တွင် အင်္ဂလိပ် လူမျိုးများသည် မြန်မာသက္ကရာဇ် (၁၀၅၉)ခုနှစ်၊ အင်္ဂလိပ်သက္ကရာဇ် (၁၇၇၈)ခုနှစ် အင်းဝနေပြည်တော် မင်းရဲကျော်ထင် လက်ထက်မှာပင် ထပ်မံရောက်ရှိ လာကြပြီး သန်လျင်ရှိ အင်္ဂလိပ် လူမျိုးများပိုင် ကုန်တိုက်များကို စီမံအုပ်ချုပ်ရန်အတွက် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ ထားရှိကြကာ နေထိုင် သွားကြသည်။
 
       ဟိုင်းကြီးကျွန်းအရေးကား ပြီးပြတ်မသွားသေးဘဲ ဟိုင်းကြီးကျွန်းကို မြန်မာ့တပ်မတော်သားများက တိုက်ခိုက်သိမ်းယူ ကြစဉ်က ထွက်ပြေးလွတ်မြောက်သွားသော အင်္ဂလိပ် လူမျိုးများသည် အဆက်အသွယ် ပြုလုပ်ကြကာ မြန်မာသက္ကရာဇ် (၁၁၈၉)ခုနှစ်၊ အင်္ဂလိပ်သက္ကရာဇ် (၁၇၅၇)ခုနှစ် ကုန်းဘောင်ရွှေဘိုတွင် အလောင်းမင်းတရား စိုးစံအုပ်ချုပ် နေတော်မူစဉ် ယခင်က ဖြစ်ပွားခဲ့သော ဟိုင်းကြီးကျွန်းသို့ပင် ဥရောပတိုက် အင်္ဂလန်ကျွန်းမှ အင်္ဂလိပ် လူမျိုးများသည် မြန်မာ့မြေပေါ်သို့ တစတစနှင့် ၀င်ရောက်ကျူးကျော်လာကာ ပြည်တွင်းရေးရာများ၊ စီးပွားရေးများ၊ ယုံကြည်ကိုးကွယ်မှုများ ရောယှက်ရှုပ်ထွေး လာကြပြီး အမျိုးမျိုးသော ပရိယာယ်များဖြင့် လိမ်လည်လှည့်ပတ် သွေးဆောင်ဖျားယောင်း ခဲ့ကြပါသည်။ အသိအမြင်မကြွယ်၊ ရိုးသားဖြူစင်သော မြန်မာလူမျိုးများသည် တိုင်းတစ်ပါးသား နယ်ချဲ့မိစ္ဆာတို့၏ လွှမ်းမိုးအုပ်ချုပ်မှုကို နှစ်ပေါင်း ၁၀၀ကျော်တိုင် လည်စဉ်းခံ ခဲ့ကြရပါသည်။ အင်္ဂလိပ်တို့က ကျူးကျော်စစ် သုံးကြိမ်ဖြင့် မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့သည်။ မြန်မာလူမျိုးများသည် တိုင်းပြည်နှင့်တကွ မိမိတို့ အရှင်သခင် ဘုရင်မင်းမြတ်ကိုပါ ခေါ်ဆောင်သွားသည့်အတွက် ဇာတိသွေး ဇာတိမာန် အပြည့်ဖြင့် နယ်ချဲ့အင်္ဂလိပ်တို့ကို ခုခံတွန်းလှန် ခဲ့ကြပါသည်။
 
       ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ကာ မြန်မာတစ်မျိုးသားလုံး၏ သွေးချွေးများဖြင့် အရယူခဲ့ရသော လွတ်လပ်ရေးသည် ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ရက်နေ့တွင် မြန်မာပြည်သူတို့လက်ဝယ် ရယူပိုင်ဆိုင် ခဲ့ရပါသည်။ မြန်မာနိုင်ငံသည် သူ့ကျွန်ဘ၀မှ လွတ်မြောက်ခဲ့သည့် သမိုင်းဝင်နေ့လေး တစ်နေ့ဖြစ်ပါသည်။ အသက်သွေးချွေး အရင်းတည်ကာ ရယူခဲ့ရသော လွတ်လပ်ရေးကို ထာဝစဉ် ထိန်းသိမ်းဖို့ရန်မှာ မြန်မာ တစ်မျိုးသားလုံး၏ တာဝန်ပင် ဖြစ်ပါသည်။
 
       နယ်ချဲ့အင်္ဂလိပ်တို့သည် ပထမဦးစွာ စီးပွားရေးကို အကြောင်းပြကာ နယ်ချဲ့သည်။ နောက်ပိုင်းတွင် မြန်မာပြည်၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ပိုင်းများကိုပါ ၀င်ရောက်စွက်ဖက်လာသည်။ ရိုးသားသည့် မြန်မာလူမျိုးများကို အနိုင်ကျင့်ခဲ့သည်။ ကိုယ့်အကျိုးစီးပွားအတွက် သူတစ်ပါး၏ ကုတ်သွေးကို စုတ်ရုံမျှမက ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက် နှောင့်ယှက်လာခဲ့သည်။ သမိုင်းဟူသည် မေ့ပျောက်ထားရန် မဟုတ်ပါ။ မြန်မာတို့အနေဖြင့် ရွှေထီးစောင်းခဲ့ရသည့် နေ့ရက်များ ရှိခဲ့သကဲ့သို့ စိုးရိမ်ထိတ်လန့် ကြောက်မက်ဖွယ်ကောင်းသည့် မိစ္ဆာတို့၏ အန္တရာယ်နှင့်လည်း ကြုံတွေ့ခဲ့ရသည့် အတိတ်သမိုင်း သင်ခန်းစာများကို သတိပြုကြဖို့ လိုပါသည်။
 
       ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသည် ပိုင်နက်နယ်မြေ၊ လူဦးရေ၊ အစိုးရ၊ အချုပ်အခြာအာဏာ၊ နိုင်ငံတကာအသိအမှတ်ပြုမှု ဟူသောစံနှုန်းများနှင့် ပြည့်စုံသည့် အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ မည်သို့သော ပယောဂများကြောင့်ဖြင့်မျှ တိုင်းပြည်အချုပ်အခြာ အာဏာကို ထိပါးမခံရအောင် ထိန်းသိမ်းစောင့်ရှောက်ရမည်မှာ မြန်မာတစ်မျိုးသားလုံး၏ တာဝန်ဖြစ်ပါသည်။ သူ့ကျွန်အဖြစ် တစ်ဖန်နွံနစ်မည့်အရေး ကာကွယ်စောင့်ရှောက်ရင်း နိုင်ငံသားတစ်ယောက်၏ တာဝန်ကို ကျေပွန်ကြပါစို့ဟု ဆန္ဒပြုရင်းဖြင့်………       
 
ပြည်သူ့ပုံရိပ်
 
စစ်ကိုင်းဟန်တင် ရေးသားသည့် "လုံးဝလွတ်လပ်ရေးသို့ " ကို မှီငြမ်းကိုးကားထားပါသည်။

Monday, December 30, 2013

ကြောက်စိတ်က ကလေးသူငယ်များ၏ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှုကို အနှောင့်အယှက် ဖြစ်စေသလား
 
 
       လူ့ဘ၀ဆိုတာရခဲလှပါသည်။ ထိုရခဲလှသည့်လူ့ဘ၀ကို မနုဿဘာဝေါဒုလ္လ္လ္လ္လဘောဟု မြတ်စွာဘုရားရှင်က မိန့်ကြား ခဲ့ပါသည်။ လူ့ဘ၀ကို ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ် ဆိုပြီး အပိုင်းသုံးပိုင်း ခွဲခြားထားပါသည်။ ကလေးဘ၀ ဆိုသည်က ပထမအရွယ်၏ အစပိုင်းသာဖြစ်ပါသည်။ အစကောင်းမှ အနှောင်း သေချာ ဟူသည့် ဆိုရိုးစကားရှိပါသည်။ ကလေးဘ၀အရွယ်မှအစ ပျိုးကောင်းခဲ့ပါမှ နောင်အခါဝယ် အနှောင်း သေချာမှာဖြစ်ပါသည်။ Personality is a grem in the child that can develop only by slow stages in a ture life. Personality ဟာ ကလေးရဲ့စိတ်မှာ အစေ့အညှောက်ကလေး တစ်ခုအနေနဲ့ ရှိပြီးသားပါ။ ဒါလေးကို တဖြည်းဖြည်းကြီးထွား လာအောင်ပြုစုရတာ..။ အဖက်ဖက် အရည်အသွေးတွေ ကောင်းလာဖို့ဆိုတာ ငယ်စဉ်ကတည်းက တစ်ဆင့်ပြီးတစ်ဆင့် ပြုစုပျိုးထောင် သွားရတာ ဖြစ်ပါတယ်…ကလေးတစ် ယောက်ကို သူ့ရဲ့အမေ အဖေ အစ်ကို မောင်နှမတွေက သူ့ကိုထိန်းကျောင်းပေးတဲ့သူတွေက သူ့ကိုစားသင့်တဲ့အချိန်မှာ ကောင်းကောင်းကျွေးမယ်။ ပြုစုသင့်တဲ့အခါမှာ ကောင်းကောင်းပြုစုမယ်၊ ပစ်မထားဘူး၊ သူ့ကိုအော်တာငေါက်တာ ရိုက်တာမျိုးမလုပ်ဘူးဆိုရင် ဒီကလေးရဲ့စိတ် ဟာ နူးညံ့တယ်၊အေးချမ်းတယ်၊ပျော်ရွှင်တယ်၊ သူ့ကိုသူကျေနပ်မှုတွေ အများကြီးရှိနေမယ်။ ပတ်ဝန်းကျင်ကိုလည်း ယုံကြည်မှု ခင်မင်မှုတွေရှိမယ်။ ဒါပေမယ့် ကလေးငယ်များကို ထိန်းပေးရသည့် တစ်ချို့အမိအဘ အဘိုးအဘွား ဦးလေးဒေါ်လေးစ သည့် ဆွေမျိုးတော်စပ်သူများက ကလေးငိုနေလျှင် အငိုတိတ်အောင် ချော့ရမည့်အစား ကြောက်အောင်ချောက်တတ်ကြသည်။ ကလေးငိုနေလျှင် မငိုနဲ့ ကျားကြီးကိုက်လိမ့်မယ်။ ကလေးဖမ်းတဲ့သူတွေ လာနေပြီ။ ငိုတဲ့သူတွေကို ဖမ်းသွားလိမ့်မယ်။ ဟိုခွေးမဲကြီးက တကယ်ကိုက်မှာနော်၊ မကြောက်ဘူးလား ဟူ ၍လည်းကောင်း၊ မအိပ်ဘဲ ဂျီကျနေသည့် ကလေးများကို ကြောင်ကြီးချီသွားလိမ့်မယ်။ ဟိုးအမှောင်ထဲမှာ သရဲကြီးရှိတယ်။ သရဲကြီးက လာခေါ်သွားလိမ့်မယ် စသည်ဖြင့်လည်းကောင်း၊ စလောင်းဖုံးနှစ်ချပ်တီးလျှင် ကျားကိုက်တတ်တယ် ဟူ၍လည်းကောင်း မကြောက်ကြောက် အောင်ခြောက်တတ်ကြပါသည်။ တစ်ချို့မိဘများသည်သားသမီးများကို ကျွဲရိုက်နွားရိုက် ရိုက်တတ်ကြပါသည်။ ။ ရိုက်နှိက်ဆုံးမ ခံရပြီး ကြီးပြင်းသည့် ကလေးနှင့် နားလည်အောင်ရှင်းပြကာ ဆိုဆုံးမသော စကားကို နားထောင်ရပြီး ကြီးပြင်းလာရသည့် ကလေး နှစ်ယောက်မှာ သွက်လက်မှု နဲ့ ညဏ်ရည်ဖွံ့ဖြိုးမှုမှာ ကွာခြားသွားတတ်ပါသည်။ သို့အတွက်ကြောင့် မိဘအုပ်ထိန်းသူများက ဖြစ်နိုင်ရင် ကလေး ကို နားလည်အောင်ရှင်းပြပြီး ကြောက်စိတ်ထက် ကိုယ့်ကိုယ် ယုံကြည်စိတ်ကို မွေးမြူခွင့်ပေးသင့်တယ်လို့ ထင်မိပါသည်။ ထို့အပြင် ကလေးကို ငယ်ငယ်ကတည်းက စားသင့်ချိန်မှာမကျွေးဘူး။ အိပ်ချိန်တန်လည်း အိပ်ခွင့်မပေးဘူး။ နေထိုင်မကောင်းတဲ့အခါမှာလည်း မပြုစုဘဲ ပစ်ထားမယ် ခဏခဏ အော်မယ်ငေါက်မယ် ရိုက်မယ်ဆိုရင် ဒီကလေးဟာ စိတ်ဓာတ်ပျက်စီး သွားပြီး သူ့ကိုယ်သူလည်း အယုံအကြည် မရှိတော့ဘူး။ ကြောက်စိတ် စိုးရိမ်စိတ်နဲ့ နာကြည်းမုန်းတီးစိတ်များသာ နှလုံးသားမှာ ကိန်းအောင်းသွားမှာ ဖြစ်ပါသည်။ မိဘတိုင်းသည် မိမိ၏ သားသမီးကို လောကမှာ အတော်ဆုံးဖြစ်စေချင်ကြပါသည်။ ကျောင်းမှာဖြစ်စေ အားကစားမှာ ဖြစ်စေ အခြားဘယ်နေရာမှာမဆို အားလုံး၏ ထိပ်ဆုံးမှာ ရှိနေစေချင်ကြတာ သဘာဝမို့ အပြစ်မပြောလိုပါ။ သို့သော် တစ်ခါတရံမှာ ကိုယ့်ကလေးအပေါ်ကို ဖိအားပေးသလို ဖြစ်သွားတတ်ပါတယ်။ ကလေးတိုင်းမှာ သူရဲ့ မွေးရာပါဗိဇအရ တော်တဲ့ ညဏ်ရည် နဲ့ စဉ်းစားတွေးခေါ်နိုင်တာတွေ ပါလာတတ်သောကြောင့် ကလေးကို ငယ်ငယ် ကတည်းက သူတို့ဝါသနာပါတာကို အားပေးပြီး ထူးထူးချွန်ချွန် လုပ်နိုင်တဲ့သူတွေဖြစ်အောင် မြေတောင်မြှောက်ပေးရမှာ ဖြစ်ပါတယ်။ တစ်ချို့ကလေးတွေဟာ ငယ်ငယ်ကတည်းက သူတို့ဝါသနာက စာသင်တာကို ၀ါသနာပါတယ်။ ဒါပေမယ့် လူကြီးတွေက မိမိသားသမီးကို ဆေးကျောင်းတက်စေချင်တယ်။သည့်အတွက် မိဘများက ခြောက်၍ တစ်မျိုး၊ ချော့၍တစ်ဖုံ မိမိလိုချင်သည် များကို ဇွတ်လုပ်တတ်ကြ ပါသည်။ ထိုအခါ မိဘများ အတင်းခိုင်းသည့်အတွက် ကလေးများက သူတို့စိတ်မပါသည်များကို လုပ်ရသည့်အခါများလည်း ရှိသည်ဖြစ်ရာ မိဘများကို ကြောက်တဲ့စိတ်က ကလေးသူငယ်များကို အနှောင့်အယှက် ဖြစ်စေပါသည်။ တစ်ချို့ကလေးများကတော့ မိဘကိုကြောက်သည့်အတွက် မိဘများရှေ့တွင် ငြိမ်နေရသော်လည်း ကွယ်သွားလျှင် ထင်ရာစိုင်းတတ် ကြပါသည်။ ထိုကဲ့သို့ မဖြစ်ရလေအောင် သူတို့ကို ဟိုလို လုပ်ပါ ဒီလိုလုပ်ပါလို့ ပြောတာထက် သူတို့လုပ်ချင်တဲ့အရာကို ကိုယ့်က သားရေ သမီးရေ သားတို့ သမီးတို့ လုပ်ချင်တာကမဆိုးပါဘူး ကောင်းပါတယ် ဒါပေမယ့် အဲဒါကို လုပ်ရင် ဘယ်လိုဖြစ်သွားနိုင်တယ် ဆိုတာကို ရှင်းပြတာမျိုးက ပိုမိုသင့်တော်မယ် ထင်ပါတယ်။ ထိုအခါ ကလေးစိတ်ထဲမှာ ဖေနဲ့မေက ငါ့ကိုမလုပ်စေချင်တာ မဟုတ်ဘူး ငါ့ကိုစိုးရိမ်လို့ မလုပ်ခိုင်းတာလို့ တွေးသွားပြီး ဇွတ်တရွတ်လုပ်ချင်စိတ်လဲ ပျောက်သွားတတ်ပါသည်။ သားသမီးဆိုတာရတနာပါ။ ထိုရတနာလေးများကို ပိုမိုတန်ဖိုးတက်လာအောင် ပြုစုပျိုးထောင်ကြရမှာ မိဘတိုင်း၏ တာဝန်ပင် ဖြစ်ပါသည်။ အချို့မိဘများက လွဲမှားသောအတွေး များဖြင့် ကလေးသူငယ် ကလေးကို ငယ်ငယ်တည်းက နှိမ်ထားမှ မဟုတ်ရင် "ငယ်သော် သား၊ ကြီးသော် ကျား၊ ငယ်သော် သမီး၊ ကြီးသော် မီး" ဖြစ်သွားလိမ့်မယ်ဟူသည့် လွဲမှားသောအတွေးများဖြင့် သားသမီးများကို အကြောက်တရားဖြင့် အုပ်မိုးထားသည်။ တကယ်ဆိုလျှင် မိဘတို့သည် မိမိသားသမီးများကို ရင်ထဲအသဲထဲ က ချစ်မြတ်နိုး ကြပါသည်။ ကာလရှည်ကြည် တည်မှီသည့် အချိန်ကတည်းက မိမိရင်သွေးကို ချစ်မ၀ ရှုမ၀ ကြပါ။ မိဘများက သားသမီးအပေါ်မှာ ချစ်တဲ့စိတ် မှန်နေဖို့ လိုပါသည်။ လက်ဦးဆရာ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနှင့်ဘ ဆိုသည့်အတိုင်း မိဘများသည် မိမိ၏ သားသမီးများအတွက် လက်ဦးဆရာများ ဖြစ်ကြပါသည်။ နောင်အနာဂတ်မှာ ထွန်းလင်းတောက်ပလာမည့် ကြယ်ကလေးများ ဖြစ်စေရန်မှာ ကလေးသူငယ်များကို ငယ်စဉ်ကတည်းက ဆုံးမသွန်သင် နည်းပေးလမ်းပြ မှန်ကန်ဖို့ လိုအပ်ပါသည်။ မိဘများသည် မိမိသားသမီးများက မိမိကို ကြောက်သည့်စိတ်ထက် ချစ်သည့်စိတ် လေးစားကြည်ညိုသည့် စိတ်များ ကသာ မိမိသားသမီးများ၏ ဘ၀ဖွံ့ဖြိုးတိုးတက်မှာဖြစ်ပြီး ကြောက်စိတ်သည် သားသမီးများ၏ အနာဂတ်ကို အနှောင့်အယှက် ဖြစ်စေပါသည်။ ထို့ကြောင့် သားကောင်းရတနာ သမီးကောင်းရတနာလေးများ ဖြစ်ရလေ အောင် မကောင်းမြစ်တာ ကောင်းရာညွှန်လတ်ဖို့ လိုအပ်လှပါသည်။ တကယ်တော့ ကြောက်စိတ်သည် ကလေးသူငယ်များ ဥာဏ်ရည်ဖွံ့ဖြိုးမှု၊ မိမိကိုယ်ကိုယ် ယုံကြည်မှုတို့အတွက် ဆူးညှောင့်ခလုတ် ဖြစ်စေပါသည်။ ကလေးသူငယ်များဟာ ဆူးခင်းလမ်းထက် ပန်းခင်းလမ်းကို လျှောက်လှမ်းနိုင်ပါမှ အေးချမ်းသာယာသည့် လူ့ဘောင်သစ်ကို ဖော်ဆောင်နိုင်မှာ ဖြစ်သည်ဟု ပြည်သူ့ပုံရိပ် ၀ိုင်းတော်သားများက ယုံကြည်မိပါသည်။
 
ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ) ရေးသားသည့်
ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန် သတိဖြင့် နေထိုင်နည်း စာအုပ်ကို မှီငြမ်းကိုးကားပါသည်။

Sunday, December 29, 2013

နိုင်ငံရေး ဥပသကာ
       နိုင်ငံရေး နှင့် ဥပသကာ ဟူသော ဝေါဟာရနှစ်လုံးကို တွဲလျက်သုံးလိုက်သည့်အတွက် ဘာသာရေး ကိုင်းရှိုင်းသူတို့က နှာခေါင်းရှုံ့မိကောင်း ရှုံ့မိကြ ပေလိမ့်မည်။ တွဲလျက်သုံးရခြင်းအတွက် အကြောင်းကား ရှိပါသည်။
       ဦးစွာ ဥပသကာ ၏ အနက်အဓိပ္ပါယ်ကိုဖွင့်ဆိုပါမည်။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို မြတ်နိုးစွာ ဆည်းကပ်ကိုးကွယ်သော လူပုဂ္ဂိုလ်ကို ဥပသကာဟု ခေါ်သည်။
       နိုင်ငံရေးတွင် အမျိုးသား နိုင်ငံရေးနှင့် ပါတီနိုင်ငံရေးဟု ခွဲခြားဆိုကြသည်။ အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်သည့် အမျိုးသား နိုင်ငံရေးနှင့် မိမိပါတီ၏ အကျိုးတစ်ခုတည်းကိုသာ ဇောင်းပေးဆောင်ရွက် သော ပါတီနိုင်ငံရေး တို့ဖြစ်သည်။ ဥပသကာနှင့် ယှဉ်တွဲသုံးလိုသော နိုင်ငံရေးမှာ နိုင်ငံနှင့် အမျိုးသားအကျိုးစီးပွား အတွက်သာလျင် စိုက်လိုက်မတ်တပ် ဖော်ဆောင်မည်ဖြစ်သော အမျိုးသား နိုင်ငံရေးသာဖြစ်သည်။
       ဥပသကာ ဂုဏ်ရည်ဆယ်ပါးရှိသည်။ ထိုဂုဏ်ရည်များနှင့်ယှဉ်တွဲ ၍ အမျိုးသားနိုင်ငံရေးသမား၏ ဂုဏ်ရည်ကို ညွှန်းဆိုပါမည် -
                ဥပသကာ                                               နိုင်ငံရေးသမား
       (၁) ဘုရားရှင်၏တပည့်သားသံဃာများနှင့်            - ပြည်သူများနှင့်
            အေးအတူပူအမျှ ဆင်းရဲချမ်းသာကို                  အေးအတူပူအမျှ ဆင်းရဲချမ်းသာကို
            ဝေမျှခံစားခြင်း၊                                           ဝေမျှခံစားခြင်း၊
       (၂) ဗုဒ္ဓ၏တရားတော်ကိုသာအလေးဂရု               - မိမိပါတီ၏မူဝါဒကိုသာ အလေးဂရု
             ပြုခြင်း၊ အခြားသာသနာပအယူဝါဒများ             ပြုခြင်း၊ တိုင်းတပါးလက်အောက်ခံ
            ကိုလုံးဝဂရုမပြုခြင်း၊                                     ဖြစ်စေမည့် အယူအဆ၊ လမ်းစဉ်များကို
                                                                         လက်မခံခြင်း၊
       (၃) မိမိရှိသမျှ ပစ္စည်းဥစ္စာကို မျှတစွာခွဲခြမ်း           - မိမိ၏စွမ်းရည်၊ လုပ်ရည်၊ ကိုင်ရည်များကို
            သုံးစွဲလှူဒါန်းတတ်ခြင်း၊                                 ပါတီနှင့် ပြည်သူ့အကျိုးအတွက်
                                                                         အသုံးချခြင်း၊
       (၄) ဘုရားသာသနာပျက်စီးမည့်အရေး တွေ့         - နိုင်ငံတော်ပြိုကွဲပျက်စီးမည့်အရေးတွေ့မြင်
            မြင်ပါကသာသနာတော်ကြီးပွားရာကြီးပွား          ပါက နိုင်ငံတော်တည်ငြိမ်အေးချမ်းအောင်
            ကြောင်းကိုသာ မနေမနားကြိုးစားအား              တည်ဆောက်ရေးကိုသာမနေမနား
            ကြိုးစားအားထုတ်ခြင်း၊                                 ကြိုးစားအားထုတ်ခြင်း၊
      (၅) အယူဖြောင့်မှန်ပြီး လူပြိန်းတို့လက်ခံသည့်        - မျိုးချစ်စိတ်ကိုအခြေတည်သည့်ခိုင်မာရင့်
           အထူးအဆန်းမင်္ဂလာကိုယုံကြည်မှုမရှိသည့်        သန်သည့်ပြည်ထောင်စုစိတ်ဓာတ်ကိုလေး
           အပြင် မိမိအသက်ကိုပဓာနမထားဘဲမိမိကိုး        နက်စွာခံယူပြီး ပြည်တွင်းပြည်ပမှ သွေးထိုး
           ကွယ်ရာဆရာ(ဘုရား)မှအပ အခြားအယူ          လှုံ့ဆောင်မှုများကိုမယုံကြည်၊ ပြည်ပကို
           ပျက်သောတိတ္ထိဆရာများကို မိမိ၏ဆရာ           မိမိတို့ဆရာအဖြစ်မတင်ခြင်း၊
           အဖြစ်မည်သည့်အခါမျှမရည်ညွှန်းခြင်း၊
      (၆) ကာယကံ၊ ၀စီကံကိုစောင့်ထိန်းခြင်း၊               - နိုင်ငံတော်နှင့်နိုင်ငံသားတို့အပေါ်သစ္စာ
                                                                        စောင့်ထိန်းခြင်း
      (၇) အတူနေပုဂ္ဂိုလ်များနှင့် သင့်တင့်ညီညွတ်စွာ      - ပါတီဝင်အချင်းချင်းချစ်ကြည်စည်းလုံး
          နေထိုင်တတ်၍ အချင်းချင်းအပေါ် ငြူစူမှု            စွာပြောဆိုနေထိုင်လုပ်ကိုင်ဆောင်
          ကင်းပြီး သာသနာတော်ကို ခုတုံးလုပ်                ရွက်ပြီး ပါတီကို ခုတုံးလုပ် ဟန်ဆောင
          ဟန်ဆောင် ပလွှား ၀ါကြွားမှု မပြုခြင်း၊               ပလွှားဝါကြွားမှုမပြုခြင်း၊
      (၈) ဘုရားရတနာကို ကိုးကွယ်ဆည်းကပ်ခြင်း၊       - ပြည်ထောင်စုမပြိုကွဲရေးကို သန္နိဌာန်
                                                                       ထားခြင်း၊
      (၉) တရားရတနာကို ကိုးကွယ်ဆည်းကပ်ခြင်း၊       - တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို
                                                                        သန္နိဌာန် ထားခြင်း၊
      (၁၀) သံဃာရတနာကို ကိုးကွယ်ဆည်းကပ်ခြင်း။   - အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး
                                                                       ကို သန္နိဌာန်ထားခြင်း။
       အထက်ပါဂုဏ်ရည်များကြောင့် အာဏာရရေး၊ နေရာရရေး၊ ငွေအသပြာရရေးတို့ကို ဦးမတည်ဘဲ မျိုးချစ်၊ ပြည်ချစ်၊ နိုင်ငံချစ်စိတ် တစ်ခုတည်းဖြင့် အမျိုးသားနိုင်ငံရေး ဆောင်ရွက်နေကြသူများသည် နိုင်ငံရေး ဥပသကာများသာ ဖြစ်ပေသည်။
       ထို့အတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖွဲစည်းပုံ အခြေခံ စည်းမျဉ်း အပိုဒ် (၄၃)တွင် ပြဋ္ဌာန်းထားသည့် ပါတီဝင်တစ်ဦးချင်း၏ ကျင့်ဝတ်များနှင့်အညီ…
(က) မိမိအကျိုးစီးပွားနှင့် ပါတီအကျိုးစီးပွားယှဉ်လာလျှင် ပါတီ၏အကျိုးစီးပွားကိုဦးစားပေးသူ၊
(ခ) နိုင်ငံတော်၏ တည်ဆဲဥပဒေများနှင့် ပါတီစည်းကမ်းများကို လိုက်နာသူ၊
(ဂ) ပါတီတွင်းဆက်ဆံရေး၌ ရဲဘော်ရဲဘက်စိတ်ဓာတ်ဖြင့် ပါတီဝင်အချင်းချင်း ကူညီဖေးမ ပဲ့ပြင်ကာ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ပြုမူဆက်ဆံသူ၊ အခြားပါတီများမှ ပါတီဝင်များနှင့်ဆက်ဆံရာ၌လည်း ဒီမိုကရေစီကျင့်စဉ်များနှင့်အညီ ပြုမူဆက်ဆံသူ၊
(ဃ) ပါတီကပေးအပ်သော လုပ်ငန်းတာဝန်များကို စေတနာထား၍ ကြိုးပမ်းလုပ်ဆောင်သူ
(င) မိမိ၏ အသိပညာ၊ ဗဟုသုတ၊ အတွေးအခေါ်၊ အယူအဆနှင့် အရည်အချင်းများ တိုးတက် မြင့်မားစေရေးအတွက် စဉ်ဆက်မပြတ် လေ့လာဆည်းပူးနေသူ၊
(စ) တာဝန်ဝတ္တရားများ ထမ်းဆောင်ရာတွင်လည်းကောင်း၊ နေထိုင်ပြုမူဆက်ဆံရာတွင်လည်းကောင်း၊ ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်းရာတွင်လည်းကောင်း အများက လေးစားယုံကြည်ရသည့် စံနမူနာပြ ဖြစ်စေရန် ကြိုးပမ်းသူ၊
(ဆ) မိမိအတွက် ပြည်သူများတွင် ၀န်ထုတ်ဝန်ပိုးမဖြစ်စေရန် `ပါတီသည်ပြည်သူ့အတွက်` ဟူ သော စိတ်ထားဖြင့် အစဉ်သတိပြုထိန်းသိမ်းသူ၊
(ဇ) ရိုးရာယဉ်ကျေးမှု အစဉ်အလာကောင်းများကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် ထိန်းသိမ်း စောင့်ရှောက်ကာကွယ်သူ၊
(ဈ) မိမိ၏ အားနည်းချို့ယွင်းချက်များကို ဝေဖန်ဆန်းစစ်၍ ပိုမိုပြည့်ဝရင့်ကျက်သည့် ပါတီဝင်ကောင်း၊ နိုင်ငံသားကောင်းတစ်ဦး ဖြစ်လာစေရန် ကြိုးစားပြုပြင်သူ၊ ပါတီဝင်ရဲဘော်များ၏ ချို့ယွင်းအားနည်းချက်များကိုလည်း စိတ်ရှည်သည်းခံပြီး ရဲဘော်ရဲဘက်စိတ်ဖြင့် ကူညီ ပြုပြင်ပေးသူ၊
(ည) မိမိ၏အားနည်းချက်ကို အခြားသူများက စိတ်ရင်းစေတနာကောင်းဖြင့် ဝေဖန်ထောက်ပြ ပါကလည်း လေးစားစွာလက်ခံ၍ လိုအပ်သလို လိုက်နာပြုပြင်သူ
အစရှိသည့် ဂုဏ်ရည်တို့ ဖြင့် ပြည့်ဝနေသည့် ပါတီအခြေခံစည်းမျဉ်းပါ ကျင့်ဝတ်တို့ကို ရိုသေလေးစားစွာ ခံယူကျင့် သုံးသော ပါတီဝင်များသည် ပြည့်သားလူမွန်၊ ပြည့်ရည်ချွန်များ၊ နိုင်ငံရေး ဥပသကာများ သာဖြစ်ပေကြောင်း အမူကွန်းတင်လိုက်ရပါသည်။       ။
ကျော်ကျော် (ပညာရေး)

Saturday, December 28, 2013

 
 
               မြန်မာနိုင်ငံသည် တိုင်းတစ်ပါးလက်အောက်တွင် နှစ်ပေါင်း 100 ကျော်မှ ဖိနှိပ်ချုပ်ခြယ်ခံခဲ့ရပြီး တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အသက်ပေါင်းများစွာစတေးပြီး လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့ရ ပါသည်။
            လွတ်လပ်ရေးရရှိခဲ့သော်လည်း နယ်ချဲ့မိစ္ဆာတို့၏သပ်လျှိုသွေးခွဲခဲ့မှုများကြောင့် ညီနောင်အ ချင်းချင်းစိတ်ဝမ်းကွဲပြားကာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများနှင့်ကြုံခဲ့ရပြီး မြန်မာပြည်သည်ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရပါသည်။ ထို့ထက်ပိုသည်က ညီနောင်တိုင်းရင်းသားအချင်းချင်း အမုန်းပွားနေခြင်းပင်ဖြစ်ပါသည်။ တို့တာဝန်အရေးသုံးပါးတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲလျှင် ကျန်နှစ်ပါးကလည်း ကျွဲကူးရေပါဆိုသလိုဖြစ် သွားနိုင်သည်။ မြန်မာနိုင်ငံဟာ သယံဇာတပေါကြွယ်ဝသည်။ နိုင်ငံကသေးသော်လည်း လူမျိုးစုများသည့်အတွက် တစ်ယောက်လုပ်တာ တစ်ယောက်က အကောင်း မထင်။ သူတစ်လူငါတစ်မင်းနဲ့ ညီညွတ်မှုမရှိခဲ့ကြလို့ ဒီမိုကရေစီစနစ်ကို မဖော်ဆောင်နိုင်ခဲ့တဲ့အတိတ် သမိုင်းရဲ့ဆိုးမွေများကို သင်ခန်းစာယူကာ ယနေ့ကာလတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများဖြင့် ပါတီစုံဒီမို ကရေစီစနစ်ကို ဖော်ဆောင်ကာ ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်နေသည့် အချိန်အခါသမယ ဖြစ်ပါသည်။
           အနာဂတ်ကိုပိုင်စိုးမှာ လူငယ်များပင်ဖြစ်ပါသည်။ လူငယ်တို့ရဲ့လက်ထဲတွင် မြန်မာနိုင်ငံ၏ အနာဂတ် ရှိပါသည်။ ပဋိစ္စသမုပါဒ်လမ်းစဉ်နှင့်အညီ အကြောင်းတရားမရှိဘဲ အကျိုးမဖြစ်ပေါ်နိုင်သကဲ့သို့ ညီနောင်အချင်းချင်း ချစ်ကြည်ရင်းနှီးကာ လက်ဆွဲနှုတ်ဆက်နေသည့် မြင်ကွင်းကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် မြန်မာနိုင်ငံရဲ့အနာဂတ်ဟာ အေးချမ်းမည့် နိမိတ်၊ ဖွံ့ဖြိုးတိုးတက်မည့် လက္ခဏာများ ပင်ဖြစ်ပြီး ညီနောင်အချင်းချင်း ချစ်ကြည်နေသမျှ ကမ္ဘာအလယ်မှာ မြန်မာနိုင်ငံပုံရိပ်သည် ပိုမိုထွန်းလင်း တောက်ပလာမည်ဟု ယုံကြည်မိပါသည်။
 
ပြည်သူ့ပုံရိပ်

Friday, December 27, 2013

ငြိမ်းချမ်းရေးဆောင်လုပ်ဆောင်နေချိန်တွင် KIA မှ ၄င်းထိန်းချုပ်နယ်မြေတွင်းရှိ ပြည်သူများထံမှ ဆက်ကြေးများကောက်ခံနေ

ဒီဇင်ဘာ ၂၅ ရက်က ကချင်ပြည်နယ်  KIA ထိန်းချူပ်နယ်မြေအတွင်း ဆယ်ဇင်းကျေးရွာတွင် KIA မှ ၄င်းရွာအတွင်းရှိဆိုင်များအား တစ်ဆိုင်လျှင် ၁၅၀၀၀၀ ဆက်ကြေးလိုက်ကောက်ခဲ့ကြောင်းသိရသည်။

ဆယ်ဇင်းရွာသားတစ်ဦး၏ ပြောကြားချက်အရ “အရင်ကဒါမျိုးမရှိဖူးပါဘူး။ KIA ကိုဆပ်ကြေးပေးရတာဆိုလို့ ရွှေဆိုင်တွေ လောင်းကစားဒိုင်တွေနဲ့ ဘိန်းခန်းပိုင်ရှင်တွေ ကြက်ခန်းတွေပဲပေးရတာပါ။ သူတို့ကနစ်နေအောင်ရလို့ပေးနိုင်တာပေါ့ဗျာ။ အခု ကျနော်တို့လို သာမန်အထည်ဆိုင်လေးတွေတောင် ၁၅၀၀၀၀ ကောက်တာဆိုတော့ အရမ်းများပါတယ်ခင်ဗျာ။ ခေတ်မကောင်းလို့ ဈေးရောင်းမကောင်းတဲ့အထဲ ဒီငွေကြေးက ကျနော်တို့ ပြည်သူတွေကို ၀န်ထုပ်ဝန်ပိုးဖြစ်စေပါတယ်”
ဆက်ကြေးလိုက်ကောက်နေတဲ့သူတွေကလဲ ရပ်ရွာဂေါပကအဖွဲ့ဝင်လူကြီးတွေပါ။ ဦးမျိုးခေါင်းဆောင်ပီးလိုက်ကောက်နေပါတယ်။ ကျတော်တို့ပြည်သူတွေကို ကားလမ်းမှာလဲ ဆပ်ကြေးကောက် ရပ်ရွာထဲမှာလဲ ဆပ်ကြေးကောက်နဲ့ အရမ်းဒုက္ခရောက်နေကြလို့ သက်ဆိုင်သူများ၊တာဝန်ရှိသူများအနေနဲ့  ကူညီဖြေရှင်းပေးဘို့ တောင်းဆိုပါတယ်။
တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးဆောင်ရွက်နေစဉ်ကာလအတွင်း ပြဿနာမဖြစ်အောင်ဆောင် ရွက်နေမှုကိုအခွင့်ကောင်းယူကာ KIA အနေဖြင့် ၄င်းထိန်းချုပ်နေမြေအတွင်း ရှိ ပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်နေခြင်းပင်ဖြစ်သည်။

 

အမျိုးဘာသာသနာကို ကာကွယ်စောင့်ရှောက်ရင်း ခေတ်မှီဖွံ့ဖြိုးတိုးတက်သော
နိုင်ငံတော်သစ်ဆီသို့ လျှောက်လှမ်းကြပါစို့

၂၀၀၉ ခုနှစ်၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် (ဓါတ်ပုံ)ကိုလတ် hopong

၂၀၀၉ ခုနှစ်၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် (ဓါတ်ပုံ)ကိုလတ် hopong

၂၀၀၉ ခုနှစ်၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် (ဓါတ်ပုံ)ကိုလတ် hopong

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ