Monday, July 27, 2015

အာဖဂန် မင်္ဂလာဆောင် တစ်ခုတွင် ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၂၀ ထက်မနည်း သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံတွင် မင်္ဂလာပွဲတစ်ခု၌ ပစ်ခတ်မှုဖြစ်ပွားရာ အနည်းဆုံးလူ ၂၀ သေဆုံးပြီး နောက်ထပ် ၁၀ ဦးမျှ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

နိုင်ငံမြောက်ပိုင်းရှိ ဘက်ဂ်လန်ခရိုင်တွင် မင်္ဂလာပွဲအခမ်းအနား အောင်မြင်မှုအဖြစ် ပါတီပွဲကျင်းပနေစဉ် ဇူလိုင် ၂၆ ရက် ညပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။ ဒေသဆိုင်ရာ ဘာသာရေးခေါင်းဆောင် တစ်ဦး၏ သားဖြစ်သူ၏ မင်္ဂလာအခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်များကြားတွင် ယခင်က တည်းက တင်းမာမှုများ ရှိနေသည့် အဖွဲ့အစည်းနှစ်ခု ပါဝင်နေသည်ဟု ယူဆရသည်။ 

အာဖဂန် လုံခြုံရေးတပ်ဖွဲ့များကို အခင်းဖြစ်ရာနေရာသို့ စေလွှတ်ထားပြီး သေဆုံးသူအရေအတွက် ယခု ထက် တိုးလာနိုင်ကြောင်းလည်း အာဏာပိုင်များက ဆိုသည်။ မင်္ဂလာအခမ်းအနားတွင် မည်သည့်ဘက်မှ စတင်ပစ်ခတ်ခြင်း ဖြစ်သည်ကိုလည်း တိတိကျကျ မသိရသေးချေ။

အခမ်းအနား ကျင်းပနေစဉ်တွင် လူပေါင်း ၄၀၀ မျှ ရှိနေသည်ဟု ယုံကြည်ရပြီး သေဆုံးသူများတွင် အသက် ၁၄ နှစ်မှ ၆၀ ထိ အရွယ်အမျိုးမျိုး ပါဝင်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ဧည့်သည်တစ်ဦးကမူ သတို့သား မိသားစု၏ ပြိုင်ဘက်မိသားစုတစ်ခုမှ စေလွှတ်ထားသူများသည် မင်္ဂလာပွဲတွင် ရောနှော ရောက်ရှိနေပြီး ၎င်းတို့က စတင်ပစ်ခတ်သည်ဟု ယုံကြည်ရကြောင်း ပြောကြားခဲ့သည်။

အာဖဂန်ရှိ ဝေးလံသီခေါင်ပြီး အစိုးရအာဏာစက် ပျံ့နှံ့မှုနည်းပါးရာဒေသများတွင် မြေယာပိုင်ဆိုင်မှုနှင့် အခြားသောကိစ္စများကို အခြေပြုကာ မိသားစုလိုက်၊ အဖွဲ့အစည်းလိုက် အညှိုးအတေးထားပြီး သေနတ်ဖြင့် ဖြေရှင်းမှုများ ပေါ်ပေါက်လေ့ ရှိသည်။ ယခုမင်္ဂလာပွဲ ဖြစ်ရပ်အပြီးတွင် ယင်းဒေသသို့ လုံခြုံရေးတပ်ဖွဲ့များ စတင်ရောက်ရှိနေပြီ ဖြစ်သော်လည်း ဇူလိုင် ၂၇ ရက် နံနက်ပိုင်းထိ ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပွားနေ ကြောင်း သိရှိရသည်။

7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ