ပါတီတွင်းစည်းလုံးညီညွတ်မှု မတည်ဆောက်နိုင်သဖြင့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးကို ပါတီဝင်အဖြစ်မှ အနားပေးရန် ဆုံးဖြတ်လိုက်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် သတင်းထုတ်ပြန်ရေးအဖွဲ့က ဇူလိုင် ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။
ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးသည် ပြည်နယ်၏ပါတီအကြီးအကဲ ဖြစ်သော်လည်း ပါတီအပေါ်ဦးဆောင်ဦးရွက်မပြုနိုင်ဘဲ ပါတီတွင်းစည်းလုံးညီညွတ်မှု မတည်ဆောက်နိုင် သည့်အပြင် ၎င်း၏ဆောင်ရွက်ချက်များကြောင့် ပါတီတွင်းစိတ်ဝမ်းကွဲပြားမှုများနှင့် ပါတီ၏စည်းရုံးရေး လုပ်ငန်းများတွင် ထိခိုက်မှုရှိလာခဲ့ကြောင်း ယင်းထုတ်ပြန်ချက်၌ ပါရှိသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအဖြစ် လျာထားသတ်မှတ်ရန် ပါတီဌာန ချုပ်က ချမှတ်ပေးထားသည့် မူဝါဒများကို ၎င်းကိုယ်တိုင်လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခဲ့ပြီး အဆိုပါကိစ္စ အပေါ် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်အရ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းတာဝန် ပေး၍စစ်ဆေးစေခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့ စစ်ဆေးနေစဉ်ကာလအတွင်း ဇွန်လ ၂၈ ရက်တွင်ကယားပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ပါတီဝင်တစ်ဦးအဖြစ်မှလည်းကောင်း နုတ်ထွက်ခွင့်ပြုရန် ဦးခင်မောင်ဦးက စာဖြင့်ရေးသားတင်ပြလာခဲ့ကြောင်း ထုတ်ပြန်ချက်၌ ထည့်သွင်းထား သည်။
ကယားပြည်နယ်ဝန်ကြီးချုပ်သည် ပြည်ခိုင်ဖြိုးပါတီဝင်အဖြစ် နုတ်ထွက်ပြီးနောက် ရွေးကောက်ပွဲ၌ တစ်သီး ပုဂ္ဂလကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖွယ်ရှိသည်ဟု ကယားပြည်နယ်အစိုးရအဖွဲ့ဝင်တစ်ဦးက ခန့်မှန်းသည်။ ပြီးခဲ့သည့် ရက်ပိုင်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့မှဝန်ကြီးလေးဦးနှင့် ၀န်ကြီးချုပ်တို့ပါတီမှ နှုတ်ထွက်ခဲ့ကြသည်။
7Day Daily
No comments:
Post a Comment