Monday, July 13, 2015

သမ္မတဦးသိန်းစိန် ရွေးကောက်ပွဲ ၀င်မပြိုင်တော့

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း သမ္မတရုံးက 7 Day သတင်းဌာနအား အတည်ပြု ပြောကြားသည်။

‘‘အဲဒါ confirm ဖြစ်ပါ တယ်။ ကျန်းမာရေးအခြေအနေအရ မပြိုင်တော့ပါဘူး။ ဒါက သမ္မတတစ်ဦးတည်းရဲ့ ဆုံးဖြတ်ချက်ပါ’’ ဟု သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက 7 Day သတင်းဌာနအား ပြောသည်။

အသက် (၇၀) အရွယ် သမ္မတဦးသိန်းစိန်က ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌသူရဦးရွှေမန်းထံသို့ စာရေးသားပေးပို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက အတည်ပြုသည်။

သူရဦးရွှေမန်းထံပေးပို့သည့် ဦးသိန်းစိန်၏စာတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရေးမှူး ဦးဌေးဝင်း ကိုလာမည့်နိုဝင်ဘာရွေးကောက်ပွဲဝင်ပြိုင်စေရန် အဆိုပြုထားပြီး ၎င်းအနေဖြင့် အကူအညီပေးမည်ဟု ဖော်ပြထားကြောင်း ဘီဘီစီ သတင်းဌာနက ဖော်ပြသည်။ ဦးဌေးဝင်းသည် သမ္မတဦးသိန်းစိန် ၂၀၁၀ ရွေး ကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ ရာ ဇမ္ဗူသီရိ မဲဆန္ဒနယ်မှနေ၍ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသူ ဖြစ် သည်။

‘‘သမ္မတဦးသိန်းစိန်ဝင်မပြိုင်တော့ဘူးဆိုတာက ပြည်ခိုင်ဖြိုးရဲ့ ဦးဆောင်ပုဂ္ဂိုလ်များ အခန်းကဏ္ဍ ဖြစ်သွား ပါပြီ။ နောက်အစိုးရသစ်တစ်ရပ်အနေနဲ့ ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရထက် ပိုကောင်းအောင် လုပ်နိုင်ပါမှ။ မလုပ်နိုင်ရင် နောက်လူတွေရဲ့ ပိုဝေဖန်ခံရမယ်’’ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၏ ဗဟိုအလုပ်အ မှုဆောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောသည်။

‘‘ကိုယ့်ကိုယ်ကိုယ်ပိုကောင်း အောင်လုပ်မယ်လို့ အထင်ကြီးနေကြတာ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ သိပ်ကောင်းအောင် မလုပ်နိုင်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်ထိ နောက် တက်မယ့်သူတွေ ရဲ့ အရည်အချင်းက ဘာဆိုတာ မတွေ့ရသေးဘူး’’ဟု ၎င်းက ဆက်လက်ပြော ကြားသည်။

ဦးသိန်းစိန်သည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ဧပြီတွင် စစ်ဘက်ရာထူး ဗိုလ်ချုပ်ကြီးအဖြစ်မှ နုတ်ထွက်ခဲ့သည်။ တစ်ဆက်တည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌအဖြစ် ပြောင်းလဲတာဝန်ယူ ခဲ့ပြီး ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် ဇမ္ဗူသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ကာအနိုင် ရရှိခဲ့သည်။ ထို့နောက် ပြည်သူ့ လွှတ်တော်က ဒုသမ္မတအမည်စာရင်းတင် သွင်းပြီး သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရသည်။

နိုင်ငံတစ်ဝန်းပြည်သူလူထု၏ ဆန္ဒပြကန့်ကွက်မှုများဖြစ်ပေါ်လာပြီးနောက် သမ္မတက မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းကို ၎င်း၏သက်တမ်းကာလအတွင်း ရပ်ဆိုင်းမည်ဖြစ်ကြောင်း ၂၀၁၀ပြည့်နှစ် စက်တင်ဘာ တွင် ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ခဲ့ပြီး စီမံကိန်းကို ရပ်ဆိုင်းခဲ့သည်။

စာပေစိစစ်ရေးဖျက်သိမ်းခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းအပါအ၀င် ပြုပြင်ပြောင်းလဲမှုအချို့ ကို ၎င်းဦးဆောင်သည့် အစိုးရအဖွဲ့က ဆောင်ရွက်ခဲ့သည်။ သို့ သော် ၂၀၁၃ နှစ် ကုန်ပိုင်းမှစ၍ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ရပ်တန့်သွားပြီးနောက်ပိုင်း ဝေဖန်မှုများ ဆက်တိုက် ကြုံခဲ့ရ သည်။ အဓိက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပူးပေါင်းကာ အမျိုးသားရင်ကြားစေ့ ရေး မဆောင်ရွက်နိုင်ခြင်း၊ လေးပွင့်ဆိုင်ဆွေးနွေးပွဲဦး ဆောင်မကျင်းပပေးခြင်း၊ကျောင်းသားသပိတ် ကိစ္စဆွေးနွေးအဖြေမရှာနိုင်ခဲ့ခြင်း၊ အခြေခံဥပဒေပြင်ဆင်ရေးအားမပေးခြင်းတို့ကြောင့် ဝေဖန်မှုများ ကြုံတွေ့ခဲ့ရခြင်းဖြစ် သည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အစု အဖွဲ့သုံးဖွဲ့ဖြင့်ဖွဲ့စည်းထားသော သမ္မတ ရွေးချယ်တင် မြှောက်ရေးအဖွဲ့တွင် တစ်ဖွဲ့စီကဒုသမ္မတတစ်ဦးစီကို လွှတ်တော်ကိုယ်စားလှယ်များထဲမှဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲမှဖြစ်စေ ရွေးချယ်တင်မြှောက်ရမည်ဟု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၃)၌ ပါရှိသည်။ထိုဒုသမ္မတ များထဲမှနေ၍ သမ္မတအဖြစ် တစ်ဦးကို တင်မြှောက်မည် ဖြစ်ရာ သမ္မတအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များထဲမှမဟုတ် သူလည်းဖြစ်နိုင်သည်။ သမ္မတ ဦးသိန်းစိန်က ရွေးကောက်ပွဲဝင်မပြိုင်တော့ဟုဆိုသော်လည်း သမ္မတဆက်မလုပ်တော့ဟု ပြောဆိုခြင်း မရှိသေးပေ။

‘‘ကျွန်မတို့ကတော့ ပြည်သူကနေ ရွေးချယ်ထားတဲ့ကိုယ်စားလှယ်တွေထဲကပဲ သမ္မတကို ရွေးချယ်စေချင် တယ်။ ဒါမှ ပြည်သူကရွေးချယ်သူတွေ သမ္မတဖြစ်သွားမယ်၊၀န်ကြီဖြစ်သွားမယ်ဆို ပြည်သူကကျေနပ်မှာပါ။ ဒီလိုမဟုတ် ဘဲ တိုက်ရိုက်ပြင်ပကပုဂ္ဂိုလ်ဆိုရင် အများကြီးပြဿနာရှိနိုင်ပါ တယ်’’ဟု ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲတွင် ဇမ္ဗူသီရိဆန္ဒနယ် မှ ယှဉ်ပြိုင်အနိုင်ရခဲ့သူ NLD ပါ တီမှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်စန္ဒာမင်းက မှတ်ချက်ပြုသည်။

7 Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ