ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြင်ဆင်လိုသည့်ပုဒ်မ ၄၃၆(ခ)၌ ပါဝင်သောပုဒ်မ ၂၀ ကျော်ကို ဇူလိုင် ၈ရက်တွင် ပြည်ထောင်စု လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ၏ ထောက်ခံမှုမရရှိခဲ့သဖြင့် ရှုံးနိမ့်သွားကြောင်းသတင်းရရှိသည်။
ပြည်ထောင်စုလွှတ်တော်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင်တင်သွင်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းတွင် ပါရှိသည့်ပုဒ်မ ၄၃၆(ခ)ပါ ပြင်ဆင်ချက်များနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များအား လုပ်ပိုင်ခွင့်များ ပိုမိုတိုးမြှင့်ပေးရန် ပြင်ဆင်ထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ နောက်ဆက်တွဲဇယား (၂)နှင့် ဇယား(၅) ပြင်ဆင်ချက်များကို မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ် သည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံမှုမရသဖြင့် ရှုံးနိမ့်သွားသောပုဒ်မများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို နိုင်ငံတော်သမ္မတက ခန့်အပ်ခြင်းမဟုတ်ဘဲ သက်ဆိုင်ရာ လွှတ်တော်များကသာ ရွေးချယ်ခန့်ထားရန်ပြင်ဆင်ချက်၊ ပြည်သူ့လွှတ်တော်နှင့်အ မျိုးသားလွှတ်တော် များရှိကော်မတီများသည် ပြည်ထောင်စုအဆင့်အဖြစ် သတ်မှတ်ရန်ပြင်ဆင်ခြင်း၊ သမ္မတအပါအ၀င် ဒုတိယသမ္မတများ၊ ၀န်ကြီးနှင့် ဒုဝန်ကြီးများသည် ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်မဖြစ်စေရ ဆိုသည့် အချက်ကို ပယ်ဖျက်သည့် ပြင်ဆင်ချက်များပါဝင်ခဲ့သည်။
ထို့အပြင် တရားသူကြီးချုပ်နှင့် ဒုတိယတရားသူကြီးများကို ရွေးချယ်ရာတွင်လည်း သမ္မတနှင့် ဒုတိယသမ္မတ များကိုလွှတ်တော်က ရွေးချယ်သကဲ့သို့ရွေးချယ်ရန်ပြင်ဆင်ခြင်းများသည် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ၏ ထောက်ခံမှုမရရှိသဖြင့် ရှုံးနိမ့်ခဲ့သည်။
ယင်းသို့ မဲခွဲဆုံးဖြတ်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များအားလုံး၏ ၇၅ရာခိုင်နှုန်းကျော်က ထောက်ခံ သည့်ပုဒ်မမှသာပြင် ဆင်ရေးအောင်မြင်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း က မဲခွဲဆုံး ဖြတ်မှုမပြုလုပ်မီ လွှတ်တော်အားပြောကြားသည်။
ဇူလိုင် ၈ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ၆၃၃ဦးရှိရာတွင် ၆၀၅ဦး တက်ရောက်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၂၉ဦးခွင့်ယူခဲ့ သည်။ ပြည်ထောင်စုလွှတ်တော်တွင် ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ် ၄၆၇ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ဦး ရှိသည့်အတွက် ၇၅ရာခိုင်နှုန်းကျော်ရန် ပုဒ်မတစ်ခု သည်အနည်းဆုံး ထောက်ခံမဲ ၄၇၅မဲရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း က ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြင်ဆင်လိုသည့်ပုဒ်မ ၄၃၆(ခ)ပါ ပုဒ်မများသည် တပ်မတော် သားလွှတ်တော် ကိုယ်စားလှယ်များ၏ ထောက်ခံမှုမရရှိသဖြင့် ၇၅ရာခိုင် နှုန်းမကျော်ခဲ့သောကြောင့် ပြင် ဆင်မှုမအောင်မြင်ခဲ့ဘဲ နောက်ဆက်တွဲဇယား(၂)နှင့် ဇယား(၅) တို့၏ ပြင်ဆင်ချက်များသည်တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံမဲရရှိသဖြင့် ၇၅ရာခိုင်နှုန်းကျော်သွားသဖြင့် ပြင်ဆင်မှုအောင်မြင်ခဲ့သည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များသည် ဇယား (၂)နှင့် ဇယား(၅)တို့တွင် ပြင်ဆင်ချက်များ သည် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့အား အခွန်အကောက် ကောက်ခံခွင့်၊ လူမှုရေး၊ စီးပွားရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပြည်ထောင်စုအစိုးရကလုပ်ပိုင်ခွင့်ကို ယခင်ကထက်တိုး မြှင့်ပေးထားခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် လွှတ်တော်ထဲတွင်ရှိသော တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ် ၂၅ရာခိုင်နှုန်း၏ ဆုံးဖြတ်မှုသည် တိုင်းရင်းသားများ၏ လိုလားချက်ဖြစ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိသောဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေးအတွက် အခက်အခဲများစွာဖြစ်ပေါ် စေကြောင်း ရခိုင်အမျိုးသားပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးမောင်က ပြော သည်။
ပြီးခဲ့သည့် ဇွန် ၂၅ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တင်သွင်းလာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းတွင် ပါဝင်သည့်ပုဒ်မ ၄၃၆(က)၊ ပုဒ်မ ၅၉(စ)အပါအ၀င် ပုဒ်မအချို့ကို မဲခွဲဆုံးဖြတ်ရာတွင်လည်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံမှုမရသဖြင့် ရှုံးနိမ့်မှုများ ရှိခဲ့သည်။
7 Day Daily
No comments:
Post a Comment