Sunday, July 26, 2015

လမ်းပန်းအခက်အခဲကြောင့် ရေဘေးသင့်ကျေးရွာအချို့ အရေးပေါ်အကူအညီများ လိုအပ်နေ

ရေဘေးကြုံတွေ့နေရသော စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်အတွင်းမှ ကျေးရွာအချို့သည် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် အရေးပေါ်အကူအညီများစွာလိုအပ်နေကြောင်း ဒေသခံအဖွဲ့ အစည်းများထံမှ သတင်းရရှိသည်။

ကောလင်းမြို့နယ်အတွင်း ကျေးရွာအုပ်စု ၁၇ အုပ်စုရှိပြီး လက်ရှိအထိရေဘေးကို အဆိုးရွားဆုံးခံစားနေရ သည့် ကျေးရွာအုပ်စုခုနစ်စုရှိသည်။ ကောလင်းမြို့နယ်အနောက်ခြမ်းအထိ ကျေးရွာအုပ်သုံးခုခန့်မှာ လုံးဝ အကူအညီမရဘဲ ဖြစ်နေသေးကြောင်း ၀ရုံးတုံးကျောင်းတိုက်မှ ဆရာတော်အရှင်ပဏ္ဍိစ္စက မိန့်ကြားသည်။

အုပ်စုတစ်ခုလျှင် ကျေးရွာအနည်းဆုံးသုံးခုခန့်ပါဝင်ပြီး ယင်းကျေးရွာများမှာကောလင်းမြို့အနောက်ဘက် မူးချောင်း၊ ဒေါင်းကြီးချောင်းတို့နှင့် နီးကပ်နေပြီးလက်ရှိအချိန်အထိ ရေပြန်မကျသေးကြောင်းလည်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

ကောလင်းမြို့သို့ရေဘေးအတွက် သွားရောက်လှူဒါန်းမှုများရှိသော်လည်း ကောလင်းမြို့တွင်းနှင့် နီးစပ် သည့် သက်ကယ်ကျင်း၊ သဖန်းကျောင်း၊ ရေကန်သာ၊ နတ်ရေတွင်းစသည့်နေရာများ တွင်သာအကူအညီ ထောက်ပံ့ပစ္စည်းများအလျှံပယ်ဖြစ်နေပြီးအမှန်တကယ်လိုအပ်နေသော ရွာများမှာ အကူအညီများ ရောက်ရှိ
မှုနည်း၍ နီးစပ်ရာရွာများတွင်သာ ခိုကပ်နေရကြောင်း ဆရာတော်အရှင်ပဏ္ဍိစ္စနှင့်ကောလင်းမြို့နယ်မှ လူငယ်အားမာန်ပရဟိတအသင်းခေါင်းဆောင် ကိုညိုကြီးက ပြောသည်။

‘‘အာဏာပိုင်တွေက အဲဒီနေရာတွေကို မသွားခိုင်းဘူး။ သူတို့ကို လှူစရာတွေပေးထား။ ရေကျရင် သူတို့လှူပေးမယ်လို့ပြောတယ်။ ကျွန်တော်တို့လည်းမရမကဘဲ ရအောင်လှူခဲ့တယ်။ မြို့နဲ့ဝေးတဲ့ အနောက်ပိုင်းက တကယ်ဒုက္ခ ရောက်နေတဲ့ နေရာတွေအများ ကြီးရှိပါတယ်’’ဟု အွန်လိုင်းပရဟိတအဖွဲ့မှ ကိုအောင်နိုင်ကပြော သည်။

လက်ရှိတွင် အဆိုပါကျေးရွာများအတွက် သောက်သုံးရေနှင့် ဆေးဝါးများ အဓိကလိုအပ်နေကြောင်း ၎င်းတို့ကပြောသည်။မိုးမှာ ဆက်လက်ရွာနေဆဲဖြစ်၍ရေဘေးသင့်ကျေးရွာများ ရေဘေးကို ဆက်လက် ကြုံတွေ့နေသည်။

7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ