Tuesday, July 21, 2015

ကလိုထူးဖောအဖွဲ့ဝင်တွေ အသိတရားမြန်မြန်ရကြပါစေ အပိုင်း(၂)



စောလားဘွယ်ဦးဆောင်သော ကလိုထူးဖောအဖွဲ့သည် ၁၉၉၇ ခုနှစ် ဇူလိုင်လအတွင်း တပ်မတော်နှင့် ငြိမ်းချမ်းရေးရယူကာ DKBA အဖွဲ့သို့ ပူးပေါင်းပါဝင်ခဲ့သော အဖွဲ့တစ်ခုဖြစ်ပါတယ်။ စောလားဘွယ် အဖွဲ့သည် DKBA တပ်မဟာ ၉၉၉ တွင် တစ်နှစ်ခန့်လှုပ်ရှားခဲ့ပြီး အချင်းချင်း အဆင်မပြေဖြစ်ကာ ၁၉၉၈ ခုနှစ်တွင် ဝေါလေသို့ပြောင်းရွှေပြီး ကလိုထူးဖော ဗျူဟာကိုဖွဲ့စည်းကာ DKBA လက်နက်ကိုင်အချို့ကို ကွပ်ကဲလှုပ်ရှား ခဲ့ပါတယ်။ သို့သော် ၂၀၁၀ ပြည့်နှစ်သြဂုတ်လ အတွင်းတွင် နယ်ခြားစောင့်တပ်များ ဖွဲ့စည်းအသွင်ကူးပြောင်းရာတွင် လက်ခံမှုမရှိဘဲ အကြိမ်ကြိမ်ငြင်းဆိုခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ၈ ရက်နေ့တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံနှင့် ၂၀၁၀ ရွေးကောက်ပွဲတို့ကို ဆန့်ကျင်ကြောင်း ကြေညာပြီး KNU နှင့်ပူးပေါင်းကာ မြ၀တီ၊ ဘုရားသုံးဆူ၊ ကြာအင်ဆိပ်ကြီးမြို့ရွာများကို ၀င်ရောက်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထိုအချိန်မှစ၍ စောလားဘွယ်အဖွဲ့သည် ငြိမ်းချမ်းရေးအဖွဲ့ အစည်းမှ သောင်းကျန်းသူအဖြစ် ပြောင်းလဲသွား ခဲ့ပါသည်။ နိုင်ငံတော်အနေဖြင့် ရရှိပြီးသော ငြိမ်းချမ်းရေး သဘောတူညီမှုများကို အထိအခိုက်မခံလိုသည့်အတွက် စောလားဘွယ် ဦးဆောင်သည့် DKBA အမည်ခံကလိုထူးဖောအဖွဲ့နှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆောင်ရွက်ပေးခဲ့ပါတယ်။


စောလားဘွယ် ဦးဆောင်သော ကလိုထူးဖော ကရင်အစည်းအရုံး(KKO)ကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ တွင် ဆုံဆည်းမြိုင်ကျေးရွာ၌ ပြောင်းလဲဖွဲ့စည်းခဲ့ပြီး DKBA ဖြစ်လိုက် KKO အမည်ခံလိုက်လုပ်နေခဲ့ပါတယ်။ စောလားဖွယ်၏ ကလိုထူးဖောအဖွဲ့သည် လက်နက်ကိုင်ရမ်းကားခြင်း၊ ပြည်သူလူထုအပေါ် ဆက်ကြေးကောက်ခံခြင်း၊ တပ်မတော် တပ်စခန်းငယ်များကို ၀င်ရောက်တိုက်ခိုက်ခြင်း၊ အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် ဆန့်ကျင်ခြင်း၊ နယ်ခြားစောင့် တပ်ဖွဲ့များထံမှ လက်နက်များကို လုယက်ယူဆောင်ခြင်းစသည့် နိုင်လိုမင်းထက်ပြုမူမှုများ ဆက်တိုက်ပြုလုပ်လာခဲ့ပါတယ်။ ထို့ပြင် တရားမ၀င်သစ်ထုတ်ခြင်း၊ ကျွဲ၊ နွားမှောင်ခိုလုပ်ခြင်း၊ သတ္ထုထုတ်လုပ်ခြင်း၊ မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်ခြင်း၊ တရားမ၀င်ကားများ သယ်ဆောင်ခြင်းများဖြင့်လည်း ၀င်ငွေရှာဖွေခဲ့ပါတယ်။ ခေါင်းဆောင်ဖြစ်သူစောလားဘွယ် နေမကောင်း၍ နိုင်ငံခြားတွင် ဆေးသွားရောက် ကုသနေရချိန်တွင် KKO အဖွဲ့အား ဒုခေါင်းဆောင် စောမိုရှေးမှ ဆက်လက် တာဝန်ယူနေသော်လည်း ကျော်သက်နှင့် စောဆန်းအောင်တို့၏ ထင်ရာမြင်ရာ လုပ်ဆောင်နေမှုများအား ကွပ်ကဲတားဆီးနိုင်မှုမရှိကြောင်း တွေ့ရှိရပါတယ်။

တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်တစ်ခု ပျက်ပြားမည်ကိုစိုးရိမ်၍ အတတ်နိုင်ဆုံးသည်းခံကာ ၎င်းတို့အဖွဲ့ ဥပဒေဘောင်အတွင်း နေထိုင်ရေးနည်းမျိုးစုံနဲ့ ဆောင်ရွက်ခဲ့တာကို တွေ့နေရပါတယ်။ ကရင်ပြည်နယ် ၀န်ကြီးချုပ်အပါအ၀င် MPC၊ KNU တို့ကတစ်ဆင့် အမျိုးမျိုး ပြောဆိုဖျောင်းဖျသော်လည်း ဂရုမစိုက်ဘဲ ၎င်းတို့၏ အကျိုးစီးပွားကို ရှေ့တန်းတင်ဆောင်ရွက်နေတာကို တွေ့နေရပါတယ်။ မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးမှုအတွက် အဓိကအခွင့်အလမ်းတစ်ခုဖြစ်သည့် အာရှလမ်းမကြီးစီမံကိန်းအား နှောက်ယှက်သည့်အနေဖြင့် အာရှလမ်းမကြီးတစ်လျောက်တွင် အကောက်စခန်းများဖွင့်ခြင်း၊ လမ်းသွားလမ်းလာများထံမှ ငွေကြေးကောက်ခံခြင်း၊ မထင်ရင်မထင်သလို နှောင့်ယှက်ပစ်ခတ်ပြီးလမ်းပိတ်ဆို့ခြင်းစသည့် မင်းမဲ့စရိုက်ဆန်ဆန်ပြုမူမှုများရှိလာခဲ့ပါသည်။ အာရှလမ်းမကြီးသည် ကရင်ပြည်နယ်အတွင်းရှိနေသော်လည်း မြန်မာနိုင်ငံ တစ်ခုတည်းနှင့် သက်ဆိုင်သည်မဟုတ်ဘဲ အာရှဒေသတစ်ခုလုံးနှင့် သက်ဆိုင် သောလမ်း ဖြစ်ပါသည်။

၎င်းလမ်းကို ဇူလိုင်လ ၂၀ ရက်နေ့တွင် တရားဝင်ဖွင့်လှစ်ရန်အတွက် တပ်မတော်မှ DKBA အမည်ခံအဖွဲ့အား လမ်းကြောင်းပေါ်တွင်ရှိသော ၎င်းတို့အဖွဲ့အစည်းများအား ဖယ်ရှားပေးရန် ညွန်ကြားခဲ့ ပြီးနောက် DKBA အမည်ခံနှင့် တပ်မတော်အကြား တိုက်ပွဲများဖြစ်ပွားလာခဲ့ရပါသည်။ ၎င်းလမ်းကြောင်း ပေါ်တွင် DKBA အမည်ခံ အဖွဲ့အပြင် အခြားအဖွဲ့အစည်းများ ပါရှိနေသော်လည်း နိုင်ငံတော်အစိုးရမှ လမ်းသစ်ကြီး ဖွင့်လှစ်ရာတွင် နိုင်ငံတကာအလယ်တွင် ဂုဏ်သိက္ခာကျဆင်းစေမည့် အကောက်ဂိတ်များ ဖွင့်လှစ်ကောက်ခံနေမှုများအား ရပ်တန့်ရန် ညှိနှိုင်းညွှန်ကြားခဲ့ရာ အခြားအဖွဲ့အစည်းများမှာ လိုက်နာမှု ရှိသော်လည်း DKBA တဖြစ်လဲ KKO မှ ကျော်သက်တို့အဖွဲ့သာ မလိုက်နာဘဲအစိုးရနှင့် တပ်မတော်ကို မထီမဲ့မြင်ပြုခဲ့ရာမှ တိုက်ပွဲများဖြစ်ပွားလာခဲ့ ပြီးဇူလိုင်လ ၂ ရက်နေ့မှစပြီး ၈ ရက်နေ့အတွင်း ဘားအံ - မြ၀တီ ပြည်ထောင်စုလမ်းဟောင်းတွင် ၁၉ ကြိမ်၊ လမ်းသစ်တွင် ၂၀ ကြိမ်ဖြစ်ပွားခဲ့ပါသည်။ တိုက်ပွဲဖြစ်ပွား ခြင်းကြောင့် နိုင်ငံတော်အတွက်သာမကဘဲ ဒေသခံပြည်သူလူထု၏ စားဝတ်နေရေးမှာ တစ်နေ့ထက် တစ်နေ့ ထိခိုက်လာလျက်ရှိသည်ကို တွေ့ရှိရပါတယ်။ယခုအခါ တပ်မတော်နှင့် နယ်ခြားစောင့်တပ်များ အနေဖြင့် လမ်းကြောင်းတစ်လျှောက်ရှင်းလင်းပြီး မြ၀တီ-ကော့ကရိတ် လမ်းဟောင်း၊ လမ်းသစ် ၂ ခုစလုံး အားလုံခြုံရေးအပြည့်အ၀ယူထားပေးသောကြောင့် ဇူလိုင်လ ၈ ရက်နေ့မှစ၍ ဒေသခံပြည်သူလူထု လွတ်လပ်စွာသွားလာနေနိုင်ပြီဖြစ်ပါသည်။

စောဆန်းအောင်၊ ကျော်သက်နဲ့ ကလိုထူးဖောအဖွဲ့ဝင်များကို ပြောချင်တာကတော့ တပ်မတော်အနေဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုရှေးရှုပြီး လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပဋိပက္ခဖြစ်မှုကို အတတ်နိုင်ဆုံး ရှောင်ရှားလိုသဖြင့် သည်းခံပြီး ဆောင်ရွက်နေခဲ့တာ ဖြစ်ပါတယ်။ ဒါကိုအခွင့်ကောင်းယူပြီး ရှေ့ဆက်တိုးလာ မယ်ဆိုရင်တော့ တပ်မတော် အနေဖြင့် လက်ပိုက်ကြည့်နေမှာမဟုတ်ဘဲ ကျူပင်ခုတ်၊ ကျူငုတ်မကျန်အောင် ရှင်းလင်းသွားမှာ အသေအချာပဲဆိုတာကို စောဆန်းအောင်နဲ့ ကျော်သက်တို့ အဖွဲ့သားများအားလုံး သိဖို့ ကောင်းပါတယ်။ 
DKBA ကလိုထူးဖောအဖွဲ့သားများ မြန်မြန်အသိတရားတွေရကြပါစေ။

စည်သူ

Today Myanmar

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ