Wednesday, July 29, 2015

ပြည်ခိုင်ဖြိုးမှဝင်ပြိုင်မည့် အစိုးရအဖွဲ့ဝင်အချို့ စာရင်းထွက်လာသော်လည်း သမ္မတနှင့် သမ္မတရုံးဝန်ကြီးနှစ်ဦးအမည်များမပါသေး

ပါတီကိုယ်စားပြုရွေးကောက်ပွဲဝင်မည့်အစိုးရအဖွဲ့ဝင် အချို့၏အမည်စာရင်းကို ပြည်ခိုင်ဖြိုးပါတီက ထုတ်ပြန်ကြေညာခဲ့သော်လည်း အဆိုပါစာရင်းတွင် သမ္မတဦးသိန်းစိန်၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် ဦးစိုးသိန်း တို့ပါဝင်ခြင်းမရှိသေးပေ။

ရွေးကောက်ပွဲကျင်းပရန် ရက်ပေါင်း ၁၀၀ ခန့်သာလိုအပ် သည့်အချိန်၊ ကိုယ်စားလှယ်လောင်းစာရင်းပိတ် ရန် ရက်ပိုင်းသာလိုတော့သော်လည်း သမ္မတဦးသိန်းစိန်နှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်းတို့ သည် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မည် ဟုတ်၊ မဟုတ်ကို ပြည်ခိုင်ဖြိုးက တိတိကျကျ အဖြေမပေးနိုင်ဘဲဖြစ်နေသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဝင် ရောက်ယှဉ်ပြိုင်ခဲ့သည့် နေပြည်တော် ဇမ္ဗူသီရိ မဲဆန္ဒနယ်နေရာအတွက် မည်သူ့ကိုမျှ လျာထားခြင်းမရှိသေးကြောင်း၊ အဆိုပါနေရာအတွက် သမ္မတဦးသိန်းစိန် စဉ်းစားနိုင်ရန်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီအထွေထွေအတွင်း ရေးမှူး ဦးမောင်မောင်သိမ်းက ဇူလိုင် ၂၉ ရက် ရန်ကုန်မြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြား သည်။

‘‘သမ္မတကြီး ဦးသိန်းစိန်နဲ့ ပတ်သက်လို့ ဘာမှမသိရဘူး’’ဟု ပြည်ခိုင်ဖြိုးဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးသိန်းစိန် မူလမဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ရှိ၊ မရှိနှင့်ပတ်သက်၍ သတင်းထောက်များ၏အမေးကို ဦးမောင်မောင်သိမ်း က အထက်ပါအတိုင်း ဖြေဆိုခဲ့ သည်။

အလားတူကယားပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု စာရင်းပေးခဲ့ကြသည့် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနှင့် ဦးအောင် မင်းတို့သည်လည်း ပြည်ခိုင်ဖြိုးက ထုတ်ပြန်ခဲ့သည့်စာရင်းတွင် မပါဝင်သေးပေ။

အဆိုပါဝန်ကြီးနှစ်ဦးသည် တစ်သီးပုဂ္ဂလအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် အလားအလာနှင့်ပတ်သက်၍ မေးမြန်းမှုကို ‘‘သူတို့ရဲ့ဆန္ဒပဲ’’ဟု ဦးမောင်မောင်သိမ်းက ပြန်လည်ဖြေဆိုခဲ့သည်။

ဦးစိုးသိန်းနှင့် ဦးအောင်မင်းတို့သည် ကယားပြည်နယ်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် လိုသော်လည်း ပါတီက ၂၀၁၀ ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် နေရာများတွင်သာ ပြန်လည်ယှဉ်ပြိုင်စေလိုကြောင်း ဦးမောင်မောင်သိမ်းက ပြောသည်။

‘‘ကျွန်းစုမြို့နယ်မှာဆိုရင် ဦး စိုးသိန်းက ပြိုင်ဘက်မရှိ ရွေးချယ် ခံခဲ့ရတာလေ’’ဟု ဦးမောင်မောင်သိမ်းက ပြောသည်။

လာမည့်လပိုင်းအတွင်း ကျင်းပမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးအုန်းမြင့်၊ ဦးလှထွန်း၊ ဦးတင်နိုင်သိန်း၊ ဦးသိန်းညွန့်၊ ဦး စိုးမောင်၊ ဦးခင်မောင်စိုး၊ ဦးသန်း အောင်နှင့် ဒုဝန်ကြီးဒေါက်တာ ပွင့်ဆန်းတို့သည် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပါတီအထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ဇူလိုင် ၂၉ ရက်၌ ပြောသည်။

7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ