Monday, July 27, 2015

ကျိုက်ထီးဆောင်းဆရာတော်ရုပ်ကလာပ်ကို ရာသက်ပန်ပူဇော်ခံထားရှိမည်

ကျိုက်ထီးဆောင်း ဆရာတော်အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တပညာ ဒီပ၏ရုပ်ကလာပ်တော်ကို ဆရာတော်သီတင်းသုံးခဲ့သည့်စံကျောင်းတွင် ရာသက်ပန်ပူဇော်ခံထားရှိမည်ဖြစ်သော်လည်း ဆေးစိမ်မည် မဟုတ်ကြောင်း ဆရာတော်၏တပည့်တစ်ဦးဖြစ်သည့် ဇေကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးဇေသီဟက ပြောသည်။

‘‘ဝါတွင်းသုံးလမှာ အောင်စကြာဓမ္မာရုံမှာ ပူဇော်ခံထားရှိ မယ်။ ဝါတွင်းကာလပြီးတာနဲ့ စံကျောင်းတော်မှာ အမြဲတမ်းပူဇော်နိုင်အောင် ထားရှိသွားမှာပါ။ ဆရာတော်ရဲ့ရုပ်ကလာပ်ကို ဆေးမစိမ်ဘူး။ ဒီအတိုင်းထားရှိ ပူဇော် ခံမှာပါ’’ဟု ဦးဇေသီဟက ပြောသည်။

ဇူလိုင် ၂၅ ရက်က နှလုံးရောဂါဖြင့် ခုတင် ၁၀၀၀ မင်္ဂလာဒုံစစ်ဆေးရုံတွင် ပျံလွန်တော်မူခဲ့သည့် ကျိုက်ထီးဆောင်းဆရာတော်ကို ယင်းနေ့ညနေတွင် ဆရာတော်သီတင်းသုံးသည့် ကျိုက်ထီးဆောင်းသို့ ပြန်လည်ပင့်ဆောင်ခဲ့ပြီး ရပ်ဝေးရပ်နီးမှ ဆရာတော်၏တပည့်များ၊ အလှူ ရှင်များ လာရောက်ဖူးမြော်နိုင်ရန် ဝါတွင်းကာလအတွင်း ပူဇော်ခံထားရှိမည်ဟု ဆရာတော်၏ တပည့်ရင်းတစ်ဦးက ပြောသည်။

ဆရာတော်၏ကျန်းမာရေးအခြေအနေကြောင့် ဖေဖော်ဝါရီ ၁၃ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ တပ်မတော် အထူးကုစစ်ဆေးရုံ၌ တစ်လကြာ သွားရောက်ဆေးကုသမှု ခံယူခဲ့သည်။ ထိုစဉ်ကလည်း ဆေးကုသမှုခံယူနေစဉ်အတွင်း ထိုင်းနိုင်ငံမှ တပ်မတော်အရာရှိကြီးများ လာရောက်ဖူးမြော်ခဲ့ကြသည်။

ကျိုက်ထီးဆောင်းဆရာတော်သည် ပျံလွန်ချိန်တွင် သက် တော်(၈၈)နှစ်၊ ဝါတော်(၄၆)ဝါ ရှိပြီဖြစ်သည်။

7Day Daily


No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ