(၆၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ ဒုတိယသမ္မတနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုများအပါအဝင် ၁၅၀ ဦးခန့် တက်ရောက်ဂါရဝ ပြုမည်ဟု သတင်းရရှိသည်။
အဆိုပါ အခမ်းအနားသို့ အစိုးရပိုင်းမှ သမ္မတဦးသိန်းစိန်ကိုယ်စား ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်မည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးလွှတ်တော်ဥက္ကဋ္ဌများ၊ ပါတီများမှကိုယ်စားလှယ် များလည်း ပုံမှန်အတိုင်း တက်ရောက်မည်ဟု အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ကော်မတီအတွင်း ရေးမှူး၊ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသန်းဆွေက ပြောသည်။
‘‘တက်ရောက်မည့်သူကတော့ သိပ်အပြောင်းအလဲမရှိဘူး။ အာဇာနည်ကြီးတွေရဲ့မိသားစုဝင် အရေအတွက် ကတော့ တိုးလာတယ်။ အားလုံးပေါင်းဖိတ်ကြားထားသူ ၁၅၀ လောက်တော့ရှိမယ်’’ ဟု ဦးသန်းဆွေက ပြောသည်။ ယခုနှစ်တွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏မိသားစုဝင်အားလုံး တက်ရောက်ဂါရဝပြု ကြမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်ဆန်းပိုင်းတွင် နတ်မောက်မြို့၌ ပြုလုပ်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အခမ်းအနား သို့ တက်ရောက်နိုင်ခဲ့ခြင်းမရှိသော ဗိုလ်ချုပ်အောင်ဆန်း၏သားကြီး ဦးအောင်ဆန်းဦးသည် ၎င်း၏ဇနီးနှင့် အတူ အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်မည်ဖြစ်သည်။
ထို့အပြင် တပ်မတော်မှ ထိပ်တန်းအရာရှိများသည် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက် ဂါရဝပြု
ကြမည်ဖြစ်ပြီး တက်ရောက်မည့်သူ စာရင်းကို မသိရသေးဟု ဆိုသည်။
ယခုနှစ် အာဇာနည်နေ့အခမ်းအနားတွင် ယခင်နှစ်များကဲ့သို့ လုံခြုံရေးတင်းကျပ်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးသန်းဆွေက ပြောသည်။
ဖိတ်ကြားထားသူများသည် နံနက် ၈ နာရီမှစတင်၍ အလှည့်ကျတက်ရောက်ဂါရဝပြုသွားကြမည်ဖြစ်ပြီး အများပြည်သူများသည် နေ့လယ် ၁၂ နာရီမှ ညနေ ၅ နာရီအထိ ဂါရဝပြုခွင့်ရရှိမည် ဖြစ်သည်။
အများပြည်သူတက်ရောက် ဂါရဝပြုပါက လက်ကိုင်အိတ်၊ လက်ဆွဲအိတ်၊ ကင်မရာ၊ လက် ကိုင်ဖုန်းနှင့် ကြိုတင်စစ်ဆေးခံယူထားခြင်းမရှိသော ပန်းခွေ၊ ပန်းခြင်းများ ယူဆောင်ခွင့်မပြုကြောင်း ရန်ကုန်တိုင်းဒေသ ကြီးရဲတပ်ဖွဲ့က သတိပေးထုတ်ပြန် ထားသည်။
အာဇာနည်ခေါင်းဆောင်ကြီးများ၏မိသားစုဝင်များမပါဘဲ အခမ်းအနားသို့ တက်ရောက်ဂါရဝပြု၍ အကြိုလေ့ကျင့်မှုကို ယနေ့ ဇူလိုင် ၁၇ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။
7 Day Daily
No comments:
Post a Comment