အင်အားကြီးပါတီနှစ်ခုဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ခိုင်ဖြိုးပါတီတို့ သည် လာမည့် အထွေထွေရွေးကောက်ပွဲတွင် ၎င်းတို့ပါတီများမှကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း များ စာရင်းကို ယနေ့(ဇူလိုင် ၂၉ ရက်)မှစတင်ကာ ထုတ်ပြန်ကြေညာ မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းများနှင့် ၎င်းတို့ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် မြေစာရင်းများကို ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဇူလိုင် ၂၉ ရက်မှ စတင်၍ တစ်သုတ်ချင်းစီ ထုတ်ပြန်ကြေညာသွား မည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။ပြည်ခိုင်ဖြိုးပါတီသည်လည်း လာမည့် အထွေ ထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းအတွင်းရှိ မဲဆန္ဒနယ် ၁၄၉ နေရာ၌ ၀င်ရောက်ရွေးချယ်ခံမည့် လွှတ် တော်ကိုယ်စားလှယ်လောင်းများကို ဇူလိုင် ၂၉ ရက်တွင် တရားဝင်ထုတ်ပြန်ကြေညာ တာဝန်ပေးအပ်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီမှ သတင်း ရရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲ သို့ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ မဲဆန္ဒနယ်အများစု၌ ၀င်ပြိုင်မည်ဖြစ်ကြောင်းပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။
လက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် နိုင်ငံရေးအရ လူထုထောက်ခံမှုရှိပြီး ပုံရိပ်ကောင်းသူများ၊ စီးပွားရေးပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရေး အသိုင်းအ၀ိုင်းမှ ပညာရှင်များက ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားမှုများရှိနေသည်။
ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများရွေးချယ်ရာတွင် ပါတီဝင်ဖြစ်သူများထဲမှလည်း ရွေးချယ်မည်ဖြစ်သကဲ့သို့ ပြင်ပမှ တတ်သိပညာရှင်များကိုလည်း ဖိတ်ခေါ်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ထားသည်။
ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အဓိက ယှဉ်ပြိုင်ဘက်ဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ကိုယ်စားလှယ်လောင်းစာရင်းကို သြဂုတ် ၈ ရက်နောက်ပိုင်းမှသာ ထုတ်ပြန် ရန်ရှိကြောင်း ယင်းပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားထားသည်။
နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ဇူလိုင် ၂၀ ရက်မှ စတင်တင်သွင်းနိုင်ပြီး သြဂုတ် ၈ ရက် နောက်ဆုံးထား၍ ပေးပို့ကြရန် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
7Day Daily
No comments:
Post a Comment