မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် ဖမ်းဆီး၍ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံနေရသည့်သတင်းများအပေါ် စိုးရိမ်မိကြောင်း အမေရိကန်အစိုးရက ထုတ်ဖော်ပြောကြားသည်။
လူတစ်ဦးတစ်ယောက်ချင်းစီ၏ အခြေခံကျသော ငြိမ်းချမ်းစွာထုတ်ဖော်နိုင်ခွင့်နှင့် စုဝေးနိုင်ခွင့်ကို ကျင့်သုံးခြင်းသည် မည်သည့်ဒီမိုကရေစီနိုင်ငံတွင်မဆို အဓိကကျသကဲ့သို့ လက်ရှိပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်မှာလည်း အခြေခံကျကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်သောကြေညာချက်၌ ဖော်ပြထားသည်။
အဆိုပါအခွင့်အရေးများကို လွတ်လပ်စွာကျင့်သုံးနိုင်ရေးသည် လာမည့်ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲပွင့်လင်းမြင်သာရှိမှု၊ အားလုံးပါဝင်နိုင်မှုနှင့် အများယုံကြည်လက်ခံနိုင်မှုတို့ကို တိုင်းတာရာတွင် လွန်စွာအရေးပါမည်ဖြစ်ပြီး ဒီမိုကရေစီအခွင့်အရေးများကို ရှေ့လာမည့်ကာလများနှင့် ယင်းအလွန်ကာလများ၌ပါ အကာအကွယ်ပေးရန်အာဏာပိုင်များအား တိုက်တွန်းကြောင်း ကြေညာချက်၌ ဆက်လက်ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် အစိုးရသစ်တက်လာပြီး အစောပိုင်း၌ နိုင်ငံရေးအကျဉ်းသားအများအပြားကို ပြန်လွှတ်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် တက်ကြွလှုပ်ရှားသူများအပါအ၀င် လယ်ယာမြေအရေးကိစ္စ အတွက် လှုပ်ရှားတောင်းခံသူအများအပြား ဖမ်းဆီးထိန်းသိမ်းခံရမှုများရှိခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသား အရေး စောင့်ကြည့်လေ့လာသူများက ပြောသည်။
‘‘အစိုးရအနေနဲ့က နိုင်ငံရေးအကျဉ်းသားဖမ်းဆီးမှုကိစ္စကို လုံခြုံရေးပြဿနာလို့ ထင်နေတယ်။ ဒါကို နိုင်ငံရေးပြဿနာလို့ မခံယူချင်ကြဘူး။ ဒီလိုဆက်လက်ပြီး ဖမ်းဆီးမှုတွေ လုပ်နေရင်တော့ ဆုံးမှာမဟုတ် တော့ဘူး။ ဒီလုပ်ရပ်တွေက လာမယ့်ရွေးကောက်ပွဲအပေါ် အများကြီးသက်ရောက်သွာစေမှာအမှန်ပဲ။ ဒါကြောင့် အမေရိကန်အစိုးရရဲ့ တိုက်တွန်းကြေညာချက်ကို ကျွန်တော်တို့အနေနဲ့ မူအားဖြင့် လက်ခံကြိုဆိုတယ်’’ဟု မြန်မာနိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ကိုထွန်းကြည်က ပြောသည်။
ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဥပဒေတွင် ခွင့်ပြုချက်မဲ့ဆန္ဒထုတ်ဖော်ပါက ထောင်ဒဏ် လေးလထိ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ သို့သော် ရန်ကုန်တွင် ဖြတ်သန်းဆန္ဒပြရာ မြို့နယ်များ အလိုက် ထပ်မံတရားစွဲဆိုကာ ပြစ်ဒဏ်များ သီးခြားစီချမှတ်လေ့ရှိသည်။ အချို့အလားတူ ဖြစ်စဉ်များတွင် နိုင်ငံတော် အကြည်ညိုပျက်စေမှုကဲ့သို့သော ပုဒ်မများပါ ပူးတွဲထည့်သွင်းထားသည့်အတွက် ပြစ်ဒဏ်မှာ နှစ်နှင့်ချီကျသွားခဲ့ရခြင်းများလည်းရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများက ဆိုသည်။
မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၆၉ ဦး ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံနေရပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စုစုပေါင်း ၄၄၆ ဦး တရားရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံနိုင်ငံရေး အကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇွန်လက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၂၄ ဦး တရားစွဲဆိုခံရပြီး ၎င်းတို့အနက် ရဟန်းတစ်ပါး ဖမ်းဆီးခံထားရကာ တက်ကြွလှုပ်ရှားသူ ၁၇ ဦး ထောင်ဒဏ်၊ငွေဒဏ်များ ချမှတ်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသားခုနစ်ဦး ထောင်ဒဏ်များပြီးဆုံးသဖြင့် အကျဉ်းထောင်များမှ ပြန်လည်လွတ်မြောက်ခဲ့ကာ လက်ရှိအကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားလေးဦး၏ ကျန်းမာရေးအခြေအနေများ ဆိုးရွား နေကြောင်း AAPP က ထုတ်ပြန်ထားသည်။
7Day Daily
No comments:
Post a Comment