Monday, July 13, 2015

ဒီချုပ် ရွေးကောက်ပွဲ ၀င်ပြိုင်မည် ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး သမ္မတလောင်းသည် ပြည်သူလက်ခံနိုင်သူ၊ ပါတီဝင်ဖြစ်ရမည်ဟု ပြော

နိုဝင်ဘာ ၈ရက်တွင် ကျင်းပမည့် ၂၀၁၅အထွေထွေရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံမည်ဖြစ်သည်။

‘‘ရွေးကောက်ပွဲကို ၀င်ဖို့ဆုံးဖြတ်ခဲ့တာဟာ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ဆက်လက် ပြီးတော့ အကောင်အထည်ဖော်ဖို့ပါပဲ’’ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

ဇူလိုင် ၁၁ရက်တွင် နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ ရွေးကောက်ပွဲနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီးပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခြင်းဖြစ်သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တစ်နိုင်ငံလုံးရှိ ရွေးကောက်ပွဲကျင်းပပေးမည့် မဲဆန္ဒနယ်အများစုတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ရှိ၎င်း၏ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ဖြစ်သည့် ရန်ကုန်တိုင်း ဒေသ ကြီး ကော့မှူးမြို့နယ်မဲဆန္ဒနယ်မှ အထွေထွေရွေးကောက်ပွဲ ထပ်မံဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင်ပြီးခဲ့သည့် ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲ၌ ရွေးချယ်ခဲ့ပုံနှင့် ကွာခြားမည်မဟုတ်ဘဲ အရည်အချင်းရှိသူ အမျိုးသမီး၊ လူငယ်နှင့်တိုင်းရင်းသားဖြစ်ခြင်း တို့အပေါ် ရွေးချယ်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။

ပြည်သူအများစိတ်ဝင်စားနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သမ္မတလောင်းနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ)ကို မပြင်ဆင်နိုင်သဖြင့် ၎င်းအနေဖြင့် သမ္မတဖြစ်ပိုင်ခွင့်မရှိ၍ သမ္မတလောင်းအတွက် ပြည်သူများလက်ခံနိုင်သည့် အစီအစဉ်တစ်ခု ပြုလုပ်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

‘‘ကျွန်မတို့ ပါတီက ပြည်သူကို အားကိုးတဲ့ပါတီဖြစ်ပါတယ်။ ပြည်သူရဲ့ ထောက်ခံမှုကိုမရရှိရင် ဆက်ပြီးတော့လှုပ်ရှားလို့ မရပါဘူး။ သမ္မတရွေးချယ်ရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ အစိုးရဖွဲ့ရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ပြည်သူတွေလက်ခံနိုင်မယ့် အစီအစဉ်မျိုးကိုလုပ်မှာပါ။ ပြည်သူတွေ လက်မခံနိုင်တဲ့အရာမျိုးကို မလုပ်ပါဘူး။ ဒါတွေကို ကျွန်မတို့ စဉ်းစားပြီးပါပြီ။ အချိန်တန်ရင် ထုတ်ပြန် ပေးပါ့မယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

သမ္မတလောင်းသည် ပါတီတွင်းကလား၊ အပြင်ကလားဟု မေးမြန်းမှုအပေါ် ‘‘အခုအချိန်မှာ ဘာမှပြောစရာ မရှိပါဘူး။ NLD ပါတီဝင်တော့ ဖြစ်ရမှာပေါ့။ မဟုတ်ရင်တောင်မှ နောင်တော့ဖြစ်ရမှာပေါ့’’ ဟု ဖြေကြား သည်။

ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပါက အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဦးစားပေးဆောင်ရွက်မည်ဟု ပြောသည်။

‘‘land slide နိုင်တာ၊ မနိုင်တာက အဓိကမဟုတ်ဘူး။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမူဝါဒက အဓိကပဲ။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက်ပဲ ဦးတည်ပြီး လုပ်မှာ။ NLD ရွေးကောက်ပွဲမှာ ၁၀၀ ရာခိုင်နှုန်း နိုင်ရင်တောင်မှ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကိစ္စကိုပဲ ဦးထိပ်ထားပြီး ဆက်ပြီးဆောင်ရွက်သွားမှာ’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ 

အခြားပါတီများနှင့် ညှိပြီး မ ပြိုင်သောနေရာရှိနိုင်ပါသလားဟူ သောမေးမြန်းမှုကို ‘‘ရှိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်း ကလည်း ပြောခဲ့ပါတယ်။ကျွန်မတို့ ရဲ့ CRPP က တိုင်းရင်းသားမဟာ မိတ်ပါတီတွေနဲ့ ကျွန်မတို့အနေနဲ့ ဒီလိုနားလည်မှုယူနိုင်မယ့် အခြေ အနေတွေ ဖြစ်ပေါ်လာနိုင်မယ်ဆို တာ။ ဒါပေမဲ့ ကျွန်မတို့ အသေး စိတ် မတိုင်ပင်ရသေးပါဘူး’’ ဟု ဆက်လက်ပြောကြားသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPP)ကို ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမတ်များ၊ တိုင်းရင်း သားပါတီများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

သက်တမ်း ၂၆ နှစ်ကျော်ရှိ NLD ပါတီသည် ၁၉၉၀ ရွေး ကောက်ပွဲတွင် လွှတ်တော်အမတ် ၄၉၂ နေရာ တွင် ၃၉၂ နေရာအထိ (အမတ်နေရာ ၈၀ ရာခိုင်နှုန်းခန့်) အနိုင်ရရှိခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ပြီး ၀င်ရောက်မယှဉ်ပြိုင်ခဲ့ပေ။ ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ၄၅ နေရာရှိရာ ၄၃နေရာတွင် ဒီချုပ်က အနိုင်ရရှိခဲ့သည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို ယခုနှစ်နိုဝင်ဘာ ၈ရက်တွင် ကျင်းပပေးမည်ဖြစ်ကာ လွှတ်တော် အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းနိုင် သည့် နောက်ဆုံးရက်ကို လာမည့်သြဂုတ်လ ၈ရက်အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၈ရက်တွင်ထုတ်ပြန်ကြေညာထားသည်။

လာမည့် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နှင့် အဓိကယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက သုံးသပ်ကြသည်။

7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ