အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်း ကျပ် ၃၆၀၀ အတည်ပြုနိုင်ရန် အလုပ်ရှင်နှင့် အလုပ်သမားနှစ်ဖက် လက်ခံနိုင်မှု အခြေအနေတိုးတက်လာကြောင်း အနည်းဆုံး အခကြေးငွေသတ်မှတ်ခြင်းဆိုင်ရာ အမျိုးသား ကော်မတီအတွင်းရေးမှူး ဦးမျိုးအောင်က ပြောသည်။
အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက တစ်ရက်လုပ်ခ ကျပ် ၃၆၀၀ အဆိုပြုနှုန်းထားကို ကန့်ကွက်သည့် အလုပ်ရှင်၊ အလုပ်သမားများကို တွေ့ဆုံ၍ညှိနှိုင်း ဆွေးနွေးမှုပြုလုပ် နေပြီး လက်ရှိအနေအထားအရ အတည်ပြုနှုန်း ထားသတ်မှတ်နိုင်ရန် အခြေအနေကောင်းနေကြောင်း ဦးမျိုးအောင် က ဇူလိုင် ၂၆ ရက် အလုပ်သမားများနှင့်တွေ့ဆုံပွဲအပြီးတွင် ပြောသည်။
‘‘အလုပ်ရှင်တွေဘက်ကလည်း အခြေအနေကောင်းတယ်။ ဒီနှုန်းထား သူတို့ပေးနိုင်အောင် ကြိုးစားမယ် ပြောတယ်။ သူတို့ ဘက်ကတော့ တချို့ကိစ္စတွေ တောင်းဆိုတာတော့ ရှိတာပေါ့။ အချိန်ပိုကြေးလျှော့ပေးဖို့၊ ကုန်ထုတ်လုပ်မှုတက်အောင် ကြိုးစားပေးဖို့ဆိုတဲ့ အပိုင်းတွေ ပြောတယ်။ အလုပ်သမားတွေကလည်း အများစု လက်ခံကြတယ်။ တချို့က ၃၆၀၀ အောက်လျော့မှာစိုးလို့ ကန့်ကွက်ကြတာရှိတယ်’’ ဟု ၎င်းက ပြောသည်။
အလုပ်ရှင်များဘက်က အချိန်ပိုကြေးလျှော့ချပေးရန် တင်ပြချက်နှင့်ပတ်သက်၍ အမှန်တကယ်အခက်အခဲ ရှိနိုင်မည်ဆိုပါ က စဉ်းစားပေးရနိုင်ဖွယ်ရှိသည် ဟု ၎င်းက ဆိုသည်။
‘‘အခြေခံလုပ်ခလစာတိုးတော့ အချိန်ပိုကြေးကလည်း သူတို့အတွက် အရမ်းမြင့်သွားနိုင်တယ်။ အာဆီယံ ဒေသတွင်းနိုင်ငံတွေမှာက အချိန်ပိုလုပ်အားခကို တစ်ဆခွဲလောက် အများဆုံးသတ်မှတ်ထားချိန်မှာ မြန်မာနိုင်ငံမှာက နှစ်ဆသတ်မှတ်ထားတော့ ကုန်ကျမှုက အရမ်းများသွားနိုင်တော့ ကျွန်တော်တစ်ဦးတည်း အမြင်အရဆိုဒါကို ပြန်စဉ်းစားပေးရမယ် ထင်တယ်။ ဒီအချက်ပြင်ဖို့ဆိုရင် ဥပဒေပြင်မှ ရနိုင်တဲ့အတွက် အ ချိန်တော့ ယူရမယ်’’ဟု ဦးမျိုး အောင်က ပြောသည်။
အမျိုးသားကော်မတီက အဆိုပြုနှုန်း ကန့်ကွက်မှုရှိသည့် ပဲခူးနှင့်မန္တလေးတိုင်းဒေသကြီးရှိ အလုပ်ရှင်၊ အလုပ်သမားနှင့်တွေ့ ဆုံညှိနှိုင်းမှုပြုလုပ်ခဲ့သည်။ ထို့ နောက် ဇူလိုင် ၂၅ နှင့် ၂၆ ရက်တို့ တွင် ရန်ကုန်မြို့၌ လှိုင်သာယာစက်မှုဇုန်ရှိ လုပ်ငန်းရှင်များ၊ အလုပ်သမားများနှင့် ထပ်မံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
‘‘ကျွန်မတို့က ၃၆၀၀ ကို လက်ခံနိုင်ပါတယ်။ ကန့်ကွက်တယ်ဆိုတာကလည်း မသေချာသေးတဲ့နှုန်းထား ဖြစ်နေတော့ သေချာအောင် ကန့်ကွက်လွှာတင်လိုက်တာပါ’’ဟု A1 အထည်ချုပ် စက်ရုံမှ မအိအိခိုင်က ပြောသည်။
အဆိုပါတွေ့ဆုံပွဲတွင် အလုပ်သမားများအနေဖြင့် အဆိုပြု နှုန်းထားဖြစ်သည့် တစ်ရက်လုပ်ခ ကျပ် ၃၆၀၀ ကို လက်သင့်ခံသင့်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း က တိုက်တွန်းခဲ့သည်။
ထို့အပြင် သြဂုတ် ၁ ရက်အထိ စက်မှုဇုန်တစ်ခုချင်းအလိုက် အဆိုပြုနှုန်း ကန့်ကွက်မှုရှိသည့် လုပ်ငန်းရှင် များနှင့် တွေ့ဆုံညှိနှိုင်းမှုများပြုလုပ်မည်ဖြစ်ကာ ယင်းတွေ့ဆုံဆွေးနွေးမှုမှ ရရှိသော အကြောင်းအရာများ ကို အခြေခံ၍ အနည်းဆုံးအခကြေးငွေ သတ်မှတ်နှုန်းထား ထုတ်ပြန်ကြေညာရ မည်ဖြစ်သည်။
အဆိုပြုနှုန်းနှင့်ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ညှိနှိုင်းချက်အပေါ် အခြေခံကာ အမျိုးသားကော်မတီ အစည်းအဝေး၌ သုံးသပ်ရရှိသည့် နှုန်းထားတစ်ရပ်ကို ပြည်ထောင်စုအစိုးရသို့ တင်ပြပြီး အတည်ပြုချက်ထုတ်ပြန်မည်ဖြစ်သည်။ သို့သော် လက်ရှိတွေ့ဆုံညှိနှိုင်းမှု ရလဒ်များအရ သုံးပွင့်ဆိုင်တွေ့ဆုံမှုကို သီးခြားပြုလုပ်ရန် မလိုအပ်တော့သည့်အခြေအနေတွင် ရှိနေကြောင်း ဦးမျိုးအောင် က ပြောသည်။
အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းကို တစ်ရက်လျှင် ကျပ် ၃၆၀၀ သတ်မှတ်ကြောင်း ဇွန်လ ၂၉ ရက်တွင် ကြေညာခဲ့ပြီး ကန့်ကွက်၊ အကြံပြုချက်များကို ဇူလိုင် ၁၃ ရက်အထိ ဖိတ်ခေါ်ခဲ့ သည်။ ကန့်ကွက်၊ အကြံပြုစာ ၃၃၁ စောင်ရောက်ရှိပြီး ယင်းတို့အနက် အလုပ်ရှင်အဖွဲ့စည်း ကိုးဖွဲ့နှင့် အလုပ်သမားအဖွဲ့ အစည်း ၁၁ ဖွဲ့ ထောက်ခံကြောင်း ပေးပို့သည့်စာ များလည်း ပါဝင်သည်ဟု သတင်းရရှိသည်။ ရန်ကုန်မြို့ အခြေ စိုက်လက်ခစားအထည်ချုပ်လုပ် ငန်းအများစုက ကန့်ကွက်ထားကြ ခြင်းဖြစ်သည်။
အတည်ပြုနှုန်းကို ထုတ်ပြန် ရန် ရက်ပေါင်း ၃၀ ခန့်သာ ကျန်ရှိ တော့သည်။
7Day Daily
No comments:
Post a Comment