အစိုးရအဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းသွားရန် အလေးအနက်စဉ်းစားမည်ဟု ထိုင်းအာဏာသိမ်း စစ်အစိုးရဝန်ကြီးချုပ် ပယာရွတ်သ်ချန်အိုချာက ပြောကြားလိုက်သည်။
စစ်တပ်က အာဏာသိမ်းယူပြီးနောက် ဗိုလ်ချုပ်ကြီးဘဝမှ ဝန်ကြီးချုပ် ဖြစ်လာသူ ပယာရွတ်သ်သည် လက်ရှိ အစိုးရအဖွဲ့၏ လုပ်ငန်းစဉ်သတ်မှတ်ကာလ တစ်နှစ်တာ ပြည့်မြောက်သွားပြီ ဖြစ်သည့်နောက် ပြင်ဆင်ဖွဲ့စည်းမှုများပြုလုပ်ရန် ဖိအားပေးတောင်းဆိုမှုများနှင့် ကြုံနေရသည်။ ၎င်းက စက်တင်ဘာလ အတွင်း၊ သို့မဟုတ် ယင်းထက်စော၍ အစိုးရကို ပြင်ဆင်ဖွဲ့စည်းမှုများ ပြုလုပ်သွားဖွယ် ရှိနေကြောင်း ဆိုသည်။
“အစိုးရအဖွဲ့ဝင်တွေထဲမှာ တချို့ကအပြောင်းအလဲတွေ ကြုံရနိုင်ပါတယ်။ အစိုးရသက်တမ်း တစ်နှစ်ပြည့် မြောက်ချိန် နီးကပ်လာတဲ့နောက် ဒီအတွက် ပြန်သုံးသပ် စဉ်းစားသွားမှာ ဖြစ်ပါတယ်”ဟု ပယာရွတ်သ်က သတင်းထောက်များအား ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် စီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ်နေပြီး အစိုးရအပေါ်ယုံကြည်မှု လျော့နည်းလာသည့် အနေအထားများကြောင့် ဝန်ကြီးချုပ်အနေဖြင့် ၎င်း၏အစိုးရအဖွဲ့ကို ပြန်လည်ပြင်ဆင်ကာ ပိုမို၍ အရည်အ ချင်းပြည့်ဝသော ဝန်ကြီးများ ခန့်အပ်သင့်ကြောင်း တောင်းဆိုမှုများ မြင့်တက်လာခဲ့သည်။
အထူးသဖြင့် စီးပွားရေးကဏ္ဍတွင် အစိုးရ၏ ကိုင်တွယ်စီမံပုံအပိုင်း၌ တိုးတက်မှုများ ရှိမလာသည့်အပေါ် ပြည်သူများက စိတ်မရှည်နိုင်တော့ကြောင်း နိုင်ငံရေးသမားများနှင့် လေ့လာသူများက သတိပေးခဲ့ပြီး ယင်း ကို ပယာရွတ်သ်ကလည်း အသိအမှတ် ပြုခဲ့သည်။
ထိုင်းနိုင်ငံရေး လေ့လာသူများက အမျိုးသားလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ကောင်စီဟု အမည်သတ် မှတ်ထားသည့် ထိုင်းအာဏာသိမ်းအစိုးရ၏ ထိပ်တန်းစီးပွားရေး အကြံပေးပုဂ္ဂိုလ် ဆွမ်ကစ်ဒ် ဂျာတက်စ်ရီ ပီတက်ခ်သည် စီးပွားရေးလုပ်ငန်းစဉ်များကို ကိုင်တွယ်ရန်အတွက် အစိုးရအဖွဲ့အတွင်း နေရာရလာ နိုင်ကြောင်း သုံးသပ်ထားကြသည်။ ၎င်းသည် ထိုင်းအစိုးရအဖွဲ့နှင့် နီးစပ်စွာလက်တွဲ အလုပ်လုပ်နေ သော်လည်း နိုင်ငံရေးအရ ကန့်သတ်ချက်များကြောင့် စစ်တပ်က ထိန်းချုပ်ထားသည့် အစိုးရအဖွဲ့တွင် ပါဝင်နိုင်ခွင့် မရှိချေ။
၎င်းသည် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝပ်ထရာ လက်ထက်က စီးပွားရေးကဏ္ဍကို အဓိက ကိုင်တွယ် သည့် ဒုတိယဝန်ကြီးချုပ်တစ်ဦး ဖြစ်ခဲ့ဖူးသည့် ဆွမ်ကစ်ဒ်သည် ၂၀၀၇ ခုနှစ်က ထိုင်းရက်ခ်ထိုင်းပါတီ ဖျက်သိမ်းခံရချိန်တွင် နိုင်ငံရေးနှင့်ပတ်သက်မှု မရှိရန် တားဆီးပိတ်ပင်ခံရသည့် အမှုဆောင်ဟောင်း ၁၁၁ ဦးအနက် အပါအဝင်လည်း ဖြစ်သည်။ ၎င်းသည် ထိုင်းအစိုးရ အဖွဲ့တွင် ဘဏ္ဍာရေးနှင့်စီးပွားရေး ဝန်ကြီး ရာထူးများတွင်လည်း တာဝန်ယူခဲ့ဖူးသည်။
ထိုင်းဒီမိုကရစ်ပါတီ ခေါင်းဆောင်နှင့် ဝန်ကြီးချုပ်ဟောင်း အဘီဆစ် ဝီချာချီဝါကပယာရွတ်သ် အနေဖြင့် အစိုးရကို ပြင်ဆင်ဖွဲ့စည်းမှု ပြုလုပ်ပြီး ၎င်း၏ ရပ်တည်ချက် ရှင်းလင်းမှုကို အလျင်အမြန် ပြသနိုင်ရန် လိုအပ်နေပြီဟု မှတ်ချက်ပြုထားသည်။ ထို့အပြင် အစိုးရကို ပြင်ဆင်ဖွဲ့စည်းရန် ကြန့်ကြာနေခြင်းက အစိုးရ လုပ်ငန်းစဉ်များကို နှောင့်နှေး အားနည်းသွားစေလိမ့်မည်ဟုလည်း ၎င်းက သတိပေး ပြောကြားထားသည်။
7Day Daily
No comments:
Post a Comment