သပိတ်မှောက်ကျောင်းသားနှင့် ၀န်းရံပြည်သူများအနက် အာမခံလျှောက်ထားသူများနှင့်ပတ်သက်၍ သာယာဝတီခရိုင်တရားရုံးတွင် ဇူလိုင် ၇ ရက်က အမိန့်ချခဲ့ပြီး လျှောက်ထားသူ ၁၅ ဦးအနက် အဝေးသင် ကျောင်းသားကိုးဦးနှင့် ၀န်းရံပြည်သူနှစ်ဦး အာမခံရရှိခဲ့ကြောင်း သတင်းရရှိသည်။
၎င်းတို့ကို သာယာဝတီမြို့နယ်တရားရုံး၌ ဇူလိုင် ၁၄ ရက်တွင် ပြုလုပ်မည့်ရုံးချိန်း၌ ပြန်လည်လွှတ် ပေးမည်ဖြစ်ပြီး တစ်ဦးချင်းစီအတွက် ကျပ်သိန်း ၅၀ တန်ခံဝန်နှင့် အာမခံပေးမည့်သူနှစ်ဦးဖြင့် ခံဝန်လက်မှတ်ရေးထိုးကာ အာမခံဖြင့် ပြန်လွှတ်မည်ဖြစ်ကြောင်း ကျောင်းသားနှင့်ဝန်းရံပြည်သူများအား ကူညီနေသည့် တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က ပြောသည်။
‘‘ခရိုင်ရုံးမှာ အာမခံ ၁၅ ဦး လျှောက်တဲ့နေရာမှာ ၁၁ ဦးကို အာမခံပေးတယ်။ အာမခံမရတဲ့သူတွေက တက္ကသိုလ်ကျောင်းသား ဖြစ်ကြောင်း အထောက်အထား မပြည့်စုံလို့ မရဘူး’’ဟု ၎င်းက ပြောသည်။
အာမခံရရှိသူ အဝေးသင်ကျောင်းသားကိုးဦးမှာ ရဲဝင့်အောင်၊ ဝေယံမင်းလွင်၊ ရဲဝင်းအောင် (ခ) ရွှေကြယ်မိုး၊ မင်းချစ်သူ၊ မင်းသူရိန်၊ မြတ်မင်းမော်၊ ကျော်ဇောခန့်၊ တင်ကိုဦး၊ သက်ပိုင်ထွန်းတို့ဖြစ်ပြီး ၀န်းရံပြည်သူ ကိုသန်းဆွေနှင့် ဒေါ်သန်းအေးတို့ရရှိခဲ့ခြင်း ဖြစ်သည်။
‘‘သာယာဝတီခရိုင်တရားရုံးမှာ မနက် ၁၀ နာရီ ၁၅ လောက်ကစပြီးတော့ တရားခွင်ထိုင်ပြီးတော့ အမိန့်ချ လိုက်တာပါ။ အာမခံရတဲ့သူတွေက သိန်း ၅၀ တန် နှစ်ယောက်ကိုခေါ်ပြီးတော့ အာမခံလျှောက်လို့ရပြီ။ အဲဒီမှာ သိန်း ၅၀ တန်မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းပေါ့။ အိမ်ဂရန်လိုမျိုးကို မူရင်း၊ မိတ္တူ၊ ရပ်ကွက် ထောက်ခံစာနဲ့ လျှောက်ထားရမယ်’’ဟု အာမခံရရှိသည့် အဝေးသင်ကျောင်းသား ရဲဝင်းအောင် (ခ) ရွှေကြယ်မိုး၏ ဖခင်ဦးစံထွန်းက ပြောသည်။
အာမခံလျှောက်ထားသူများကို သာယာဝတီမြို့နယ်တရားရုံးက ဇွန်လ ၂ ရက် ရုံးချိန်း၌ ၎င်းတို့ကို စွဲဆို ထားသည့် ပုဒ်မများတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ပါဝင်သောကြောင့် ပယ်ချခဲ့ပြီး သာယာဝတီခရိုင် တရားရုံးသို့ ဆက်လက်လျှောက် ထားခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေသည့် ဦးတင်ဝင်းနှင့် ကိုခင်လှိုင်တို့ နှစ်ဦး အာမခံ ကို သာယာဝတီခရိုင်ရုံးသို့ လျှောက်ထားသော်လည်း သာယာဝတီမြို့နယ်တရားရုံးတွင် အမိန့်မချရသေး ကြောင်း ၊ လာမည့်ဇူလိုင် ၁၄ ရက် ရုံးချိန်းတွင် အမိန့် ချမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က ပြောသည်။
ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ၏ ပင်မသပိတ်စစ်ကြောင်းကို လက်ပံတန်းမြို့၌ အာဏာပိုင်များက မတ်လ ၁၀ ရက်တွင် အကြမ်းဖက်ဖြို ခွဲခဲ့ရာ သိမ်းဆည်းခံရသည့် လှုံ့ဆော်ရေးယာဉ်ကို အာမခံဖြင့် ပြန်ရလိုကြောင်းလျှောက်ထားရာ အာမခံမရခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ လက်ပံတန်းမြို့နယ်တရားရုံးသည် သာယာဝတီထောင်၌ ဖမ်းဆီးထားသည့် ကျောင်းသားများအပါအ၀င် ၀န်းရံပြည်သူများနှင့် ရန်ကုန်မြို့၌ ဖမ်းဆီးခံရသည့် ကျောင်းသားခေါင်းဆောင် နန္ဒစစ်အောင်တို့ကို ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေး၌ ပါဝင်မှုပုဒ်မ ၁၄၃၊ လူစုခွဲရန် အမိန့်ပေးပြီးနောက် ဆက်လက် ပါဝင်မှုပုဒ်မ ၁၄၅၊ ရုန်းရင်းဆန်ခတ်ဖြစ်စေမှု ပုဒ်မ ၁၄၇၊ တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းကို နာကျင်စေမှုပုဒ်မ ၃၃၂ နှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) တို့ဖြင့် တရားစွဲဆိုထားသည်။
7Day Daily
No comments:
Post a Comment