၂၀၁၆ ပညာသင်နှစ်မှစ၍ အဝေးသင်တက္ကသိုလ် ပထမနှစ်တက်မည့် ကျောင်းသား၊ ကျောင်းသူများ သတ်မှတ်ကျောင်းအပ်ရက်အတွင်း အပ်နှံရမည်ဖြစ်ပြီး ကျောင်းအပ်နောက်ကျသူများကို ယခင်နှစ်များကဲ့သို့ ခြွင်းချက်ထား လက်ခံတော့မည် မဟုတ်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ်မှ သတင်းရရှိသည်။
‘‘အခုလာမယ့်ပညာသင်နှစ်မှာ သတ်မှတ်ထားတဲ့ရက်အတွင်းပဲ ကျောင်းအပ်လက်ခံဖို့ ဆုံးဖြတ်ရတာက အရင်နှစ်တွေကဆိုရင် အဝေးသင်ကျောင်းသားတွေက ကျောင်းအပ်နောက်ကျတာများတယ်။ သင်ကြား မယ့်စာအုပ်တွေက ကျောင်းအပ်နှံမှုပေါ်မူတည်ပြီး မှာရတာဖြစ်တဲ့အတွက် နောက်ကျတဲ့သူတွေရှိတော့ စာအုပ်မှာရတာ အခက်အခဲရှိပြီး ကျောင်းသားတွေလည်း စာလုပ်ရတာ ပိုနောက်ကျတယ်’’ဟု ရန်ကုန် တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်အေးအေးကပြောသည်။
ပထမနှစ်ကျောင်းသားများ အား ကျောင်းအပ်လက်ခံရာတွင်သတ် မှတ်ရက်ကို ၂၀၁၅ ဒီဇင်ဘာမှ ၂၀၁၆ မတ်လအထိ သုံးလကြာလက်ခံ မည်ဖြစ်သည်။ ဒုတိယနှစ်နှင့်အထက် သင်တန်းများကိုမူ၂၀၁၆ ဧပြီအထိ လက်ခံမည်ဖြစ်ကြောင်းသိရသည်။
ထို့ပြင်ဒုတိယနှစ်နှင့်အထက် သင်တန်းများ၏ ဒုတိယနှစ်ဝက် စာစဉ်(Assignment)များကို သြဂုတ် ၃၁ ရက် နောက်ဆုံးထား၍တင်သွင်းရမည်ဖြစ်ပြီးစာစဉ် တင်သွင်းရက်ကို ရက်တိုးပေးမည် မဟုတ်ကြောင်း ဒုတိယပါမောက္ခ ချုပ် ဒေါက်တာခင်အေးအေးက ဆက်လက်ပြောကြားသည်။
အဝေးသင်ပညာသင်နှစ် ကျောင်းအပ်လက်ခံရက် အတိအကျသတ်မှတ်ခြင်းကို အဝေးသင်တက္ကသိုလ်များ တွင်လည်း ကျောင်းသားအားလုံး သိရှိစေရန်မကြာမီ ကြေညာမည်ဖြစ်ကြောင်း သိရသည်။
အဝေးသင်ပထမနှစ်ကျောင်းအပ်နောက်ကျသူများကို ခြွင်းချက်ထား၍ ရက်တိုးပေးတော့မည် မဟုတ်ကြောင်း၊အဝေးသင်တက္ကသိုလ်၏အစီအစဉ်မှာ နယ်ဝေးမှကျောင်းသားများအတွက် အခက်အခဲဖြစ်နိုင်ကြောင်း အဝေးသင်ကျောင်းသားအချို့က ပြောကြား သည်။
‘‘ကျွန်တော်တို့ကတော့ ရန်ကုန်မှာနေတဲ့အတွက် ကျောင်းမှာကျောင်းအပ်လက်ခံတာနဲ့သွား အပ်လိုက် တယ်။ တချို့ကျောင်းသားတွေက နယ်ဘက်ကနေ ဥပမာ-ကွမ်းခြံကုန်းက ကျောင်း လာတက်ရတာ မျိုးရှိတယ်။ သူတို့ ဆိုရင် မသိလိုက်တာမျိုးဖြစ်နိုင်တယ်။ အဲဒါဆိုရင်တော့ ဒုက္ခရောက်သွားနိုင်တယ်’’ဟု ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် အဝေးသင်ဌာနခွဲမှ စတုတ္ထနှစ်ကျောင်းသားတစ်ဦးကပြောသည်။
ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် အောက်မြန်မာပြည်အဝေးသင်ဌာနခွဲ ၁၅ ခုရှိပြီး ကျောင်းသား ကျောင်းသူ ဦးရေ နှစ်သိန်းကျော်ရှိကြောင်းသိရသည်။
7Day Daily
No comments:
Post a Comment