Thursday, July 23, 2015

အမေရိကန်ရုပ်ရှင်ရုံတစ်ခုတွင် ပစ်ခတ်မှု ဖြစ်ပွားပြီး ၃ ဦး သေဆုံး

အမေရိကန်နိုင်ငံ၊ လူဝီစီးယားနားပြည်နယ်၌ ရမ်းကားပစ်ခတ်မှုတစ်ခုဖြစ်ပွားရာ သေနတ်သမား အပါအဝင် လူ ၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ရဲများက သေနတ်သမားသည် အသက် ၅၈ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ပစ္စတိုတစ်လက်ကို အသုံးပြုတိုက်ခိုက်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။ သို့သော်လည်း အခြားသောအသေးစိတ် အချက်အလက်များ ကိုမူ ပြောကြားမသွားခဲ့ချေ။

မျက်မြင်များက အဆိုပါအမျိုးသားသည် ဇူလိုင် ၂၃ ရက် ညပိုင်းက လာဖာယက်တေးရှိ Grand ရုပ်ရှင်ရုံ တွင် ရုပ်ရှင်ပြသနေစဉ် ရုတ်တရက် ပစ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ လာဖာယက်တေးသည် လူပေါင်း ၁၂၀,၀၀၀ မျှ နေထိုင်သည့် မြို့တစ်မြို့ ဖြစ်သည်။

မြို့ခံ ရဲတပ်ဖွဲ့အကြီးအကဲ ဂျင်မ်ခရက်ဖ်က ပစ်ခတ်မှုသတင်းကို ရရှိသည်နှင့် ဒေသစံတော်ချိန် ည ၇း၃၀ နာရီတွင် ချက်ချင်းအရေးယူတုံ့ပြန်မှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဒေသခံလူနာတင်ယာဉ် ဝန်ဆောင်မှုဌာနက ၎င်းတို့ ရရှိထားသည့် အလောင်းများထဲတွင် တစ်ဦးသည် မိမိကိုယ်ကို ပြန်လည် ပစ်ခတ်ထားသည့် သေနတ်သမားဖြစ်ကြောင်း ဆိုသည်။

သေနတ်သမား မည်သူမည်ဝါ ဆိုသည်ကို မိမိတို့ သိရှိထားသော်လည်း ကနဦး စုံစမ်းမှုများ ပြုလုပ်နေစဉ် အတောအတွင်း ၎င်း၏ အမည်ကို မကြေညာနိုင်သေးကြောင်း ရဲများက ဆိုသည်။ ၎င်းယခုကဲ့သို့ ရမ်းကား ပစ်ခတ်ရသည့် အကြောင်းရင်းကိုလည်း တိတိကျကျ မသိရသေးချေ။

ဒဏ်ရာရရှိသူ ၇ ဦးကို နီးစပ်ရာ ဆေးရုံတစ်ခုသို့ တင်ပို့ခဲ့ရပြီး အသက်အန္တရာယ် စိုးရိမ်ရသူများရော၊ ဒဏ်ရာမပြင်းထန်သူများပါ ပါဝင်ကြောင်း သိရသည်။ မျက်မြင်အမျိုးသမီးတစ်ဦးက Trainwreck ရုပ်ရှင် ပြသနေစဉ် ရုံထဲတွင် အမျိုးသားတစ်ဦး ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီးနောက် သေနတ်သံများ ကြားလိုက်ရကြောင်း ဆိုသည်။

“အဲဒီလူက ဘာတစ်ခွန်းမှ မပြောဘူး။ သူသေနတ်နဲ့ ပစ်ချိန်မှာ တစ်ယောက်ယောက် အော်ဟစ်လိုက်တယ် ဆိုတာမျိုးလည်း မကြားမိဘူး”ဟု မျက်မြင်တစ်ဦးဖြစ်သည့် ကေတီ ဒိုမီနစ်က ပြောကြားခဲ့သည်။ အခင်း ဖြစ်ပွားချိန်တွင် ရုပ်ရှင်ရုံထဲ၌ လူ ၁၀၀ ဝန်းကျင်မျှ ရှိမည်ဟု ခန့်မှန်းရသည်။

ထိုနေရာသို့ ကိုယ်တိုင် ရောက်ရှိခဲ့သည့် လူဝီစီးယားနား အုပ်ချုပ်ရေးမှူး ဘော်ဘီဂျင်ဒဲလ်က “ဒီလို ဖြစ်ရပ် ဆိုးမျိုးကို ကျွန်တော်တို့ ခွန်အားရှိရှိ ရင်ဆိုင်ဖြတ်သန်းဖို့ လိုပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ စိတ်ဓာတ်ကြံ့ခိုင်ကြပါတယ်။ လာဖာယက်တေးအတွက်တော့ ဒါဟာ ဆိုးရွားတဲ့ ညတစ်ညပါပဲ။ လူဝီစီးယားနားအတွက်လည်း ဆိုးရွားတဲ့ ညတစ်ည ဖြစ်ပါတယ်။ ပြီးတော့ အမေရိကန် ပြည်ထောင်စုအ တွက် ဆိုးရွားတဲ့ ညတစ်ညလို့လည်း ဆိုနိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၃ နှစ်က ကော်လိုရာဒို ရုပ်ရှင်ရုံ တစ်ခုတွင် ရမ်းကားပစ်ခတ်ခဲ့သူ တစ်ဦးကို တရားရုံးက သေဒဏ်ချမှတ်ရန် နီးစပ်နေချိန်တွင် ယခုကဲ့သို့ အလားတူ ဖြစ်ရပ်မျိုး ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လတွင် ဒန်ဗာရှိ ရုပ်ရှင်ရုံ တစ်ရုံ၌ Batman ဇာတ်ကား ပြသနေစဉ် အသက် ၂၇ နှစ်အရွယ် ဂျိမ်းစ်ဟုမ်းလ်စ်၏ ပစ်ခတ်မှုကြောင့် ၁၂ ဦး သေဆုံးကာ ၇၀ ခန့် ဒဏ်ရာများ ရရှိခဲ့သည်။ 

7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ