၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးအပါအ၀င် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးရေ ၂၀ ကျော်တို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ၀င်ရောက်ပြီး ပါတီကိုယ်စားပြု ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် အဆိုပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
လာမည့် ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် အဆိုပြုလွှာ ဖိတ်ခေါ်ထားသည့် နောက်ဆုံးရက်ဖြစ်သည့် ဇူလိုင် ၂၀ ရက်တွင် လျှောက်ထားလိုက်ခြင်း ဖြစ်သည်။
‘‘ဦးကိုကိုကြီးတို့ အဆိုပြုလွှာ တင်လိုက်ပြီဆိုတာမှန်ပါတယ်။ အတည်ပြုလို့ရပါတယ်။ ဘယ်ကလျှောက်ထား ပြီး အဆိုပြုထားတယ်ဆိုတာကတော့ ဗဟိုမရောက်သေးတော့ မသိရသေး ဘူး’’ဟု အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။
ဒီချုပ်ပါတီ ကိုယ်စားပြု၍ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး အပါအ၀င် ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် နယ်များရှိ ငြိမ်း/ပွင့်အဖွဲ့ ၀င် ၂၀ ကျော်တို့က လျှောက်ထားခဲ့ခြင်းဖြစ်သည်ဟု သတင်းများထွက်ပေါ်နေခဲ့သည်။
ထိုသို့ ရွေးကောက်ပွဲဝင်ရောက်ရန် လျှောက်ထားရာတွင် ပါဝင်သည်ဟု သတင်းထွက်နေသော ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှဒေါ်မီးမီးက ၎င်းအနေဖြင့်အတည်ပြု ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ပြောသည်။
‘‘ကျွန်တော်တို့ဆီက တရားဝင် သတင်းမထုတ်ပြန်သေးသမျှတော့ ဒါတရားဝင်အတည်ပြုချက်တော့ ပြောလို့မရသေးဘူး။ သေချာရင် သတင်းထုတ်ပြန်ပေးမှာပါ’’ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးက ပြောသည်။
လာမည့်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ရန် နိုင်ငံရေး နယ်ပယ်နှင့် ပညာရှင်ပိုင်းဆိုင်ရာ ထင်ရှားသူ အချို့လည်း ပါဝင်လျှောက်ထားခဲ့ ကြသည်။
7Day Daily
No comments:
Post a Comment