Monday, July 6, 2015

လပိုင်းအတွင်း ဒုတိယအကြိမ် မားစ်ရောဂါ ကူးစက်ခံရသူ တွေ့ရှိကြောင်း ဖိလစ်ပိုင်ကြေညာ

ဖိလစ်ပိုင်နိုင်ငံသည် လအတန်ကြာကာလအတွင်း ဒုတိယမြောက် မားစ်ရောဂါကူးစက်ခံရသူ လူနာတစ်ဦး ထပ်မံတွေ့ရှိကြောင်း သတင်းကို အတည်ပြု ကြေညာခဲ့သည်။

ဇူလိုင် ၄ ရက်က မားစ်ရောဂါ လက္ခဏာများ ပြသနေသူ တစ်ဦးကို ဆေးရုံတွင် လက်ခံကုသခဲ့ပြီး ဇူလိုင် ၆ ရက် နံနက်ပိုင်းတွင်မူ ၎င်းသည် အသက်ရှူလမ်းကြောင်းကို ထိခိုက်စေတတ်သည့် မားစ်ရောဂါ ကူးစက်ခံထားရခြင်းဟု ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိလင်ဒန်လီဆူက ပြောကြားခဲ့ သည်။

အဆိုပါ အမျိုးသားသည် ပြီးခဲ့သည့်လ ဒူဘိုင်းမှ မနီလာသို့ ဆိုက်ရောက်လာခဲ့သူ ဖြစ်သည်။ ၎င်းသည် အရှေ့အလယ်ပိုင်းတွင် ရှိနေစဉ် အတောအတွင်း ဆော်ဒီအာရေးဗီးယားသို့လည်း သွားရောက်ခဲ့ သေးသည်။ ဆော်ဒီသည် မားစ်ရောဂါ အဓိက ကူးစက်ခြင်းခံခဲ့ရသည့် နိုင်ငံတစ်ခုလည်း ဖြစ်သည်။

လတ်တလောတွင် ဖိလစ်ပိုင် ကျန်းမာရေး အာဏာပိုင်များသည် မားစ်ရောဂါ ကူးစက်ပျံ့ပွားမှု မဖြစ်အောင် ထိန်းချုပ်နိုင်ရေးအတွက် ဆောင်ရွက်နေပြီး လူနာနှင့် ထိတွေ့မှု ရှိခဲ့သူများကို နောက်ကြောင်းပြန် စုံစမ်း စောင့်ကြည့်လျက် ရှိသည်။ ဖိလစ်ပိုင်တွင် ပထမဆုံး ဖြစ်ပွားသည့် မားစ်ရောဂါ ကူးစက်မှုမှာ ဆော်ဒီတွင် အလုပ်သွားလုပ်ပြီး ပြန်လာသည့် ဖိလစ်ပိုင် သူနာပြု တစ်ဦးတွင် ဇန်နဝါရီလအတွင်းက စစ်ဆေး တွေ့ရှိခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်စဉ်တွင် လူနာမှာ ကုသပျောက်ကင်းပြီး အသက်ရှင်ခဲ့သည်။

မားစ်ရောဂါကို ၂၀၁၂ ခုနှစ်တွင် ဆော်ဒီ၌ လူအချင်းချင်း ကူးစက်သည့် အခြေအနေဖြင့် ပထမဆုံးအကြိမ် စတင်တွေ့ရှိခဲ့ပြီး ထို့နောက်ပိုင်းတွင် အရှေ့အလယ်ပိုင်း ဒေသ၏ အဓိက ကျန်းမာရေး ပြဿနာ တစ်ခု ဖြစ်ခဲ့သည်။ မားစ်ရောဂါသည် အသက်ရှူလမ်းကြောင်းကို အဓိက တိုက်ခိုက်ပြီး ပြင်းထန်သည့် အခြေအနေမျိုးတွင် အသက်ဆုံးရှုံးသည်အထိ ခြိမ်းခြောက်နိုင်စွမ်း မြင့်မားသည်။

မေလအတွင်းတွင် ဆော်ဒီမှ ခရီးသွားတစ်ဦး၏ အစပြု ကူးစက်မှုကြောင့် အာရှတိုက်ရှိ တောင်ကိုရီးယား နိုင်ငံတွင်လည်း မားစ်ရောဂါ အကြီးအကျယ် ခြိမ်းခြောက်မှုနှင့် ကြုံနေရသည်။ တောင်ကိုရီးယားတွင် လူပေါင်း ၁၈၀ နီးပါးထိ မားစ်ရောဂါ ကူးစက်ခံရပြီး ယင်းတို့အနက် ၂၇ ဦး အသက်ဆုံးရှုံးခဲ့ပြီး ဖြစ်သည်။
7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ