သမ္မတ၊ ဒုသမ္မတများအပါအ၀င် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ ဇူလိုင် ၈ ရက်မှစတင်ကာ ရွေးကောက်ပွဲ အတွက် ပါတီစည်းရုံးရေးလုပ်ငန်းများ၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများ တရားဝင်ဆောင်ရွက်ခွင့်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်ထုတ်ပြန်သည်။
အဆိုပါပုဂ္ဂိုလ်များ မဲဆွယ်စည်းရုံးရာတွင် ပါတီအမည်အသုံးမပြုဘဲ မဲဆွယ်ရေးကိစ္စကို ဥပဒေအရ လွှတ်တော်၌ ပြင်ဆင်နေချိန်တွင် ကော်မရှင်က အထက်ပါအတိုင်း ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။
သက်ဆိုင်ရာတည်ဆဲဥပဒေခုနစ်ခုအရ ထိုကဲ့သို့ထုတ်ပြန်ခြင်းဖြစ်ကာ လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းများနှင့်ကိုက်ညီပါက နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ရည်ရွယ်ထုတ်ပြန်ခဲ့ခြင်းဖြစ် ကြောင်း ဖော်ပြပါရှိသည်။
ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များကို ထိုကဲ့သို့မဲဆွယ်စည်းရုံးခွင့် ပြုထားသော်လည်း ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ ပါဝင်ခြင်းမရှိသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်စည်းရုံးခွင့်ကိုမူ ကိုယ်စားလှယ်လောင်းများ အတည်ပြုပြီးမှသာ ကော်မရှင်က ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ဖော်ပြထား သည်။
ဖော်ပြပါပုဂ္ဂိုလ်များအား ပါတီအမည်သုံး၍ မဲဆွယ်ခြင်းမပြုရန် ကန့်သတ်သောဥပဒေကြမ်းကို ဇွန်လ ၂၆ ရက်တွင်ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ က ကန့်ကွက်သော်လည်း အရပ်သားလွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံမှုဖြင့် အတည်ပြုခဲ့သည်။
‘‘အခုကတော့ ဥပဒေပြင်ဆင်မှု အတည်မဖြစ်သေးတဲ့အတွက် ကော်မရှင်ရဲ့ လုပ်ရပ်က မှန်ကန်ပါတယ်။ အခုပြင်တဲ့ ဥပဒေက အတည်ဖြစ်ခဲ့ရင်တော့ ကော်မရှင်က နောက်ထပ်ကြေ ညာချက်ထုတ်ပြီး ပြန်ပြင်ပေးရ မှာပေါ့။ အခုက၀န်ကြီးတွေကို မဲဆွယ်ခွင့်ပေးထားပေမယ့်လည်း အခုဦးစိုးသိန်းတို့၊ဦးအောင်မင်းတို့ တောင် ဘယ်ကပြိုင်ရမှန်းမသိဘူး ဖြစ်နေပြီ။ အဲဒီအချက်က ပြဿနာတစ်ရပ်ဖြစ်လာနိုင်တယ်’’ ဟု လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းကပြောသည်။
လက်ရှိတွင် အထက်ပါပုဂ္ဂိုလ်များမဲဆွယ်ခြင်းကို ကန့် သတ်သည့် ဥပဒေကြမ်းသည် ပြည်ထောင်စု လွှတ်တော်၌ ဆွေးနွေးသည့်အဆင့်သို့ရောက်ရှိနေပြီဖြစ်ပြီး မကြာမီကာလတွင် အတည်ပြုနိုင်မည့် အလားအလာရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်ပြောကြားသည်။
ရွေးကောက်ပွဲများကျင်းပရန် ကျင်းပခြင်းမပြုမီ ရက်ပေါင်း ၉၀အတွင်း ထုတ်ပြန်ကြေညာရန် လွှတ်တော် များဆိုင်ရာ နည်းဥပဒေများတွင် ဖော်ပြထားသည်။
7Day Daily
No comments:
Post a Comment